အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Friday, September 29, 2017

မဟာဗောဓိမြိုင်ဆရာတော်ကြီး



   ပညာဦးစီး မပြီးမရှိ
♦♦♦♦♦♦♦♦♦♦

♣ သူတော်ကောင်း အပေါင်းတို့ …..
လောဘ၏ လက်ချက်
အနိစ္စအချက်ဖြစ်သော အိုခြင်း ဇရာ၊
ဒေါသ၏ လက်ချက်
ဒုက္ခအချက်ဖြစ်သော နာခြင်း ဗျာဓိ၊
မောဟ၏ လက်ချက်
အနတ္တအချက်ဖြစ်သော သေခြင်း မရဏ၊
ဤသုံးဝသော သဘာဝတရားတို့သည် ….
သင်တို့၏ ကိုယ်နှင့် မကွေမကွာ
လိုက်ပါလျက်ကသာ ရှိဘိ၏။

♣ သတိ၊ အသိ၊ ပညာမျက်စိ မရှိက မသိရာ။
သဒ္ဓါ၊ ဝီရိယ၊ ခြေနှစ်ဖက် မချက မလွတ်ရာ။
ထို အို၊ နာ၊ သေ မီးဘေး အချိန်နှင့် စက်၍ မအေးကြရပြီ။
ထို အို၊ နာ၊ သေ ရန်ဘေး ဘဝနှင့် စက်၍လည်း မအေးကြရပြီ။

♣ သင်တို့သည် …
ထိုမျှ မီးဘေး၊ ရန်ဘေး မအေးရဘဲလျက်က
ဘာကြောင့် ….
သီလဆေး မကျွေးဘဲ နေစိမ့်ကြလေဘိသနည်း။
ဘာကြောင့် ….
သမာဓိရေအေး မတိုက်ကျွေးဘဲ နေစိမ့်ကြလေဘိသနည်း။
ဘာကြောင့် ….
ပညာလက်နက် မသုံးရက်ဘဲ ပစ်ထားကြလေဘိသနည်း။

♣ သတ္တဝါတို့သည်ကား …..
ဒုက္ခကို ကြောက်လျက် သုခကို နှစ်သက်သည်ဆို၏။
သို့စဉ်လျက် ….
ဘာကြောင့်များ ဘဝရက်ဆက်
ဒုက္ခကို တွယ်ဖက်ကြလေသည်မသိ။
ဘာကြောင့်များ ဘဝရက်ဆက်
သုခကို လက်လွတ်ထားကြလေသည်မသိ။
သုခကို သုခမှန်း မသိလေသူ
ဒုက္ခကို သုခထင်လေသူ
ထိုသူတို့အကြား ဤစကား သွားမပြောလေနှင့်။


မဟာဗောဓိမြိုင်ဆရာတော်ကြီး
(ဓမ္မနီတိကထာ၊ ၃၁)

bwar99.blogspot.com

No comments:

Post a Comment