အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, November 30, 2017

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



   မျက်မှောက်ဘဝ နဲ့ တမလွန်ဘဝ
♠♠♠♠♠♠♠♠♠♠♠♠♠♠

   စာပေမှာ ဘဝနဲ့ပတ်သက်ပြီး နှစ်မျိုးခွဲခြား ပြောလေ့ရှိတယ်။ မျက်မှောက်ဘဝ နဲ့ တမလွန်ဘဝ။ အသက်ထင်ရှား ရှိနေတဲ့ အချိန်အတွင်းကာလကို မျက်မှောက်ဘဝလို့ ခေါ်တယ်။ မျက်မှောက်ဘဝကို ပါဠိစာပေမှာ `ဒိဋ္ဌဓမ္မ` လို့ သုံးတယ်။

   လက်ရှိဘဝ အဆုံးသတ်ပြီးတော့ နောက်ရလာတဲ့ဘဝကို တမလွန်ဘဝ လို့ ခေါ်တယ်။ တမလွန်ဘဝကို ပါဠိစာပေမှာ `သမ္ပရာယ` လို့ သုံးတယ်။ ဒါကြောင့် မျက်မှောက်ဘဝ ဆိုတာက တစ်ခု၊ နောင်ဖြစ်ရမယ့် တမလွန်ဘဝဆိုတာက တစ်ခုလို့ ဘဝနှစ်ရပ်ကို ခွဲခြားဖော်ပြလေ့ ရှိတယ်။

   ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားဒေသနာမှာ မျက်မှောက်ဘဝမှာ ရနိုင်တဲ့အကျိုးကို ဖြစ်စေတတ်တဲ့တရားနဲ့ တမလွန်ဘဝမှာ ရနိုင်မယ့်အကျိုးကို ဖြစ်စေတတ်တဲ့တရားလို့ ဒီလို နှစ်မျိုး ခွဲခြားပြီးဟောတယ်။ ဒိဋ္ဌဓမ္မဟိတ - မျက်မှောက်ဘဝမှာ အကျိုးဖြစ်ထွန်းစေတဲ့ အကြောင်းတရား၊ သမ္ပရာယဟိတ - တမလွန်ဘဝမှာ အကျိုးဖြစ်ထွန်းစေမည့် အကြောင်းတရားလို့ ၂-မျိုး ရှိတယ်။ လောကလူတွေဟာ မျက်မှောက်ဘဝ အတွက်သာ အလုပ်လုပ်ကြရတာ မဟုတ်ဘူး၊ တမလွန် ဘဝအတွက်ပါ အလုပ်လုပ်ကြရတယ်။

   အတွေးအခေါ်မရှိတဲ့ တစ်ချို့လူတွေက တမလွန်အရေးကို စဉ်းစားလေ့ မရှိကြဘူး။ `မျက်မှောက်ဘဝမှာ ချမ်းသာရင်ပြီးရော၊ နောင်ဘဝ ကိုယ်သိတာမှ မဟုတ်ဘဲ` ဆိုပြီး တမလွန်ဘဝအရေးကို ပစ်ပယ်ထားကြတယ်။

   မြတ်စွာဘုရားက ----

   ဒိဋ္ဌေ ဓမ္မေ စ ယော အတ္ထော၊
   ယော စတ္ထော သမ္ပရာယိကော၊
   အတ္ထာဘိသမယော ဓီရော၊
   ပဏ္ဍိတောတိ ပဝုစ္စတိ။

   ဒိဋ္ဌေ ဓမ္မေ စ ယော အတ္ထော - မျက်မှောက်ဘဝမှာ ရရှိရမယ့်အကျိုး၊ ယော စတ္ထော သမ္ပရာယိကော - တမလွန်ဘဝမှာ ရရှိမယ့်အကျိုး၊ အတ္ထာဘိသမယာ ဓီရော - အဲဒီအကျိုး နှစ်မျိုးလုံးကို ရအောင်လုပ်နိုင်တဲ့ ပညာရှိကိုမှ၊ ပဏ္ဍိတောတိ ပဝုစ္စတိ တကယ့်ပညာရှိလို့ ခေါ်ပါတယ်။ ဒီလို ဟောတော်မူတယ်။

   ဆိုလိုတာက ဒီဘဝကောင်းစားရေး၊ နောင်ဘဝကောင်းစားရေးလို့ နှစ်မျိုးခွဲခြား စဉ်းစားရမယ်။ ဒီဘဝ ကောင်းစားရေး သက်သက်ကိုသာ လုပ်ပြီး နောင်ဘဝ ကောင်းစားရေး မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပညာရှိ မဟုတ်ဘူး။ အမြော်အမြင်ရှိသူ မဟုတ်ဘူး။ ဥပမာ - ဒီနေ့ စားရပြီးရော၊ မနက်ဖြန်အတွက် မစဉ်းစားဘူးဆိုတဲ့ လူမျိုးဟာ ပညာမဲ့သာ ဖြစ်တယ်။

   ကဲ … စဉ်းစားကြည့်ကြရအောင် ဒီကနေ့အရေး တစ်ခုသာ စဉ်းစားမယ်၊ မနက်ဖြန်အရေး မတွေးဘူးဆိုရင် ဘာဖြစ်နိုင်မလဲ၊ ကလေးငယ်တွေ မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေးထားတဲ့ ပုံပြင်ကလေး တစ်ပုဒ်ရှိတယ်။ အဲဒီမှာ `ပုရွက်ဆိတ် နဲ့ နှံကောင် အကြောင်း` ကြည့်။

   `ပုရွက်ဆိတ်ကလေးတွေဟာ အလွန်အလုပ်လုပ်တဲ့ အကောင်လေးတွေ၊ နားနေတယ်မရှိဘူး။ သူတို့ အသိုက်အအုံထဲမှာ အစာတွေ ဖြည့်တင်းလေ့ရှိကြတယ်။ အမြဲတမ်း အစာရှာပြီး အစာကို သိုမှီးသိမ်းဆည်းကြတယ်။ နေ့ရောညရော ပုရွက်ဆိတ်တွေဟာ အိပ်တယ်လို့ မရှိဘူး အလုပ်လုပ်တယ်။ တစ်နေ့ရှာ တစ်နေ့စား ဒီလိုမဟုတ်ဘူး၊ အစာအာဟာရ ရိက္ခာတွေကို စုဆောင်းထားလေ့ ရှိကြတယ်။ မိုးရာသီ မိုးတွေရွာတဲ့အခါမှာ အစားအစာဒုက္ခမရောက်ရအောင် ပုရွက်ဆိတ်တွေက ကြိုတင်ပြင်ဆင်ထားကြတယ်။

   အေး .. နှံကောင်ဆိုတဲ့ အကောင်ကတော့ အဲဒီလို ပြင်ဆင်ထားခြင်း မရှိဘူး။ ဒီနေ့ရ ဒီနေ့စား၊ စားစရာတွေ သူ့အဖို့ မကုန်လောက်ဘူးလို့ ဒီလိုထင်တယ်။ မိုးတွေရွာလို့ ရေတွေ လွှမ်းသွားတဲ့အခါ နှံကောင်ဟာ စားစရာ မရှိတော့ဘူး။ စားစရာမရှိတော့ အစာငတ်ပြီး သေဆုံးရတယ်။`

   နှံကောင်က မနက်ဖြန်အရေး မတွေးဘူး၊ ဒီကနေ့အရေးပဲ တွေးတယ်တဲ့ .. နော်။ ပုရွက်ဆိတ်ကလေးတွေက ဒီနေ့ အရေးတွင်မကဘူး မနက်ဖြန်အရေးပါ တွေးတယ်။ ဒီကနေ့လည်း ဝအောင် စားမယ်၊ မနက်ဖြန်အတွက်လည်း ရှိစေရမယ်။

   မြတ်စွာဘုရားက မျက်မှောက်ဘဝမှာ ရရှိတဲ့အကျိုး၊ တမလွန်ဘဝမှာ ရရှိနိုင်တဲ့အကျိုး၊ အဲဒီ အကျိုးနှစ်မျိုးလုံးကို ရအောင်ကြိုးစားရမယ်။ အဲဒီလို အကျိုးနှစ်မျိုးလုံးကို ရအောင်ကြိုးစားယူမှ တကယ့် ပညာရှိပုဂ္ဂိုလ်လို့ ဒီလို ဟောတယ်။

   အဲဒီတော့ ဘုန်းကြီးတို့တတွေဟာ မျက်မှောက်ဘဝ အကျိုးအတွက်လည်း အလုပ်လုပ်ကြရမယ်၊ တမလွန်ဘဝ အကျိုးအတွက်လည်း ပြင်ဆင်ထားကြရမယ် ….။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(တမလွန်ဘဝက ဆွေမျိုးများအရေး တရားတော်မှ)

bwar99.blogspot.com

Tuesday, November 28, 2017

ဓမ္မရဝေတောရဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)



ချစ်မိလေသောအခါ
*************************

သီဟိုဠ်ကျွန်းမှာ ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ ငရုပ်သီးတစ်တောင့် ကျောင်းရေစက်ချပွဲဟာ သမိုင်းတွင် ရစ်အောင်စည်ကားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီ ငရုပ်သီးတစ်တောင့် ကျောင်းရေစက်ချပွဲမှာ ရဟန်းတော် တစ်သိန်း, ဘိက္ခုနီမ ကိုး သောင်းပင့်ပြီး လှူဘွယ်ဝတ္တုများစွာနဲ့ အကြီးအကျယ် ပေးလှူခဲ့ပါတယ်။ အဲဒီအလှူမှာပဲ ရေစက်ဆုံခဲ့ကြသူနှစ်ဦးရဲ့ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာတစ်ခုအဖြစ် ပူးတွဲသမိုင်းတွင် ကျန်ရစ်ခဲ့ပါတယ်။

ဒုဋ္ဌဂါမဏိမင်းကြီးဟာ သိတတ်တဲ့အရွယ်ကစပြီး စားဦးကိုမလှူဘဲ ထမင်းစားလေ့မရှိပါဘူး။ ဒီလိုနဲ့ တစ်နေ့ တောထဲမှာ စစ်တိုက်ရင်း ပွဲတော်တည်တဲ့အခါ စားဦးကို မလှူရသေးဘဲ ငရုပ်သီးတစ်ထောင့်ကို အမှတ်တမဲ့ စားလိုက်မိပါသတဲ့။ ဒုဋ္ဌဂါမဏိမင်းကြီးက ဒီအမှတ်တမဲ့ စားလိုက်မိတာလေးကိုပဲ သတိတရ ရှိနေခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးလို့ တိုင်းပြည် အေးချမ်းတဲ့အခါ ငရုပ်သီးတစ်တောင့်စားလိုက်မိတာလေးကို ကိုယ့်ကိုကိုယ် ဒဏ်ခတ်တဲ့အနေနဲ့ ကျောင်းတိုက်ကြီးတစ်တိုက် ဆောက်လုပ်လှူဒါန်းပါတယ်။ ကျောင်းတိုက်အမည်ကိုလဲ ငရုပ်သီးတစ်တောင့်ကျောင်းလို့ အမည်ပေးပါ တယ်။

အဲဒီ ငရုပ်သီးတစ်တောင့်ကျောင်းတိုက် ရေစက်ချပွဲမှာ ခုနစ်နှစ်အရွယ် ကိုရင်လေးတစ်ပါးဟာ ယာဂုပူပူတွေကို သပိတ်နဲ့အပြည့် ခံယူလာပါတယ်။ ယာဂုကပူတော့ သပိတ်ကို သင်္ကန်းစွန်းလေးနဲ့ ခုကိုင်လိုက်၊ မကိုင်နိုင်လောက်အောင် ပူလာတဲ့အခါကျတော့ မြေကြီးပေါ်ချထားလိုက်၊ တစ်ခါ သင်္ကန်းစွန်းလေးနဲ့ကိုင်ပြီး ရှေ့ဆက်ကြွလိုက်၊ ပူလာတဲ့အခါကျတော့ မြေကြီးပေါ်ခဏချထားလိုက်နဲ့ ဖြစ်နေပါတယ်။

ကိုရင်လေးဖြစ်နေပုံကို ခပ်လှမ်းလှမ်းက ကိုရင်လေးနဲ့သက်တူရွယ်တူ ခုနစ်နှစ်အရွယ် သာမဏေမလေးက မြင်သွားပါတယ်။ ဒါကြောင့် ကိုရင်လေးဆီသွားပြီး-

``ကိုရင်..ပူနေရင် တပည့်တော်ရဲ့ ဒီခံခွက်ကလေးနဲ့ သပိတ်အောက်က ခံကိုင်သွားပါဘုရား။ ပြီးတော့ ဒီခံခွက်ကလေးကို ကိုရင့်ကို အပြီးလှူလိုက်ပါတယ်ဘုရား´´ လို့ပြောပြီး ကိုရင်လေးရဲ့အခက်အခဲကို ဖြေရှင်းပေးလိုက်ပါတယ်။ ကိုရင်ကလေးကလဲ ကျေးဇူးတင်ပါတယ်ဆိုတဲ့ အကြည့်နဲ့ပြန်ကြည့်လိုက်ပါသတဲ့။

ဒီလိုနဲ့ နှစ်ကာလတွေ ကြာသွားရောပဲဆိုပါတော့။ အဲဒီကြားကာလမှာ ဗြဟ္မဏတိဿသူပုန်ကြီးက (၁၂)နှစ် တိုင်တိုင် ထအုပ်ချုပ်လိုက်ပါတယ်။ ဒီတော့ ပြည်သူတွေငတ်မွတ်ဆင်းရဲ, ရဟန်းသံဃာတွေလဲ အတိဒုက္ခရောက်, တချို့ကျတော့ အိန္ဒိယဘက် ထွက်ပြေးကြပါတယ်။ တချို့ရဟန်းတော်တွေကျတော့ တောထဲပုန်းရှောင်ပြီး ပိဋကသုံးပုံကို ခက်ခက်ခဲခဲ ဆောင်ယူခဲ့ကြရပါတယ်။ တချို့ရဟန်းတော်တွေကျတော့ အသတ်ခံလိုက်ကြရတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ တစ်ခါက ယာဂုပူပူကို သပိတ်နဲ့ခံယူခဲ့တဲ့ ကိုရင်လေးဟာ သက်တော် (၈ဝ) ဝါတော်(၆ဝ)ရ ဆရာတော်ကြီးဖြစ်နေသလို ခံခွက်ကလေးလှူခဲ့တဲ့သာမဏေမလေးဟာလဲ သက်တော်(၈ဝ)ရ ဘိက္ခုနီမကြီးဖြစ်နေပါပြီ။

အိန္ဒိယကို အစောဆုံးစစ်တိမ်းရှောင်သူတွေထဲမှာ စောစောက ဘိက္ခုနီမကြီးလဲ ပါပါတယ်။ သူတို့ဟာ အိန္ဒိယ ရောက်နေပေမယ့် သူတို့ရဲ့ဇာတိ သီဟိုဠ်စစ်သတင်းကို အမြဲနားစွင့်နေကြပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ သီဟိုဠ်က ဆရာတော်ကြီး တစ်ပါး အိန္ဒိယကို စစ်တိမ်းရှောင်လာတယ်ဆိုတဲ့ သတင်းကြားလိုက်ကြပါတယ်။ ဒီတော့
ဆရာတော်ကြီးဆီကို ဇာတိစစ်သတင်း သွားမေးကြပါတယ်။ သတင်းမေးသူတွေထဲမှာ ဘိက္ခုနီမကြီးလဲပါပါတယ်။

လူတွေရှင်းသွားတော့ ဘိက္ခုနီမကြီးက ဆရာတော်ကြီးကို မေးခွန်းတစ်ခုမေးပါတယ်။

``ဆရာတော်ဘုရား၊ ငရုပ်သီးတစ်တောင့်ကျောင်း ရေစက်ချပွဲတုန်းက ဆရာတော်ဘုရား သက်တော် ဘယ်လောက် ရှိပါပြီလဲဘုရား´´

``အဲဒီတုန်းက ငါ့အသက် ခုနစ်နှစ်အရွယ် ကိုရင်လေးပေါ့´´

``အဲဒီကျောင်းရေစက်ချပွဲတုန်းက တပည့်တော်လဲ ခုနစ်နှစ်အရွယ် သာမဏေမလေးပါပဲဘုရား။ အဲဒီကျောင်း ရေစက်ချပွဲတုန်းက တပည့်တော် ကြုံခဲ့တာလေးကို ဆရာတော့်ကို လျှောက်ပြရဦးမယ်ဘုရား။ ကိုရင်လေး တစ်ပါးပေါ့၊ ယာဂုပူပူကို အလှူခံလာပြီး သပိတ်ကို သင်္ကန်းစွန်းနဲ့ကိုင်လိုက်၊ မြေပေါ်ပြန်ချထားလိုက်နဲ့ ဖြစ်နေပါတယ်ဘုရား။ ဒါနဲ့ တပည့်တော်လဲ သူ့ဆီသွားပြီး တပည့်တော်ရဲ့ခံခွက်ကလေးကို သပိတ်အောက်က ခံဖို့ဆိုပြီး လှူလိုက်တယ်ဘုရား။ ဒီအကြောင်းအရာလေးကိုတော့ ဒီနေ့အထိ မေ့လို့ကို မရပါဘူးဘုရား´´

ဘိက္ခုနီမကြီးဆီက စကားကြားလိုက်ရတော့ ဆရာတော်ကြီးက 'အော်'ဆိုပြီး အာမေဍိတ်အသံနဲ့အတူ သက်ပြင်းကို မသိမသာချလိုက်ပါတယ်။ ပြီးတော့-

``အဲဒီကိုရင်လေးဟာ တစ်ခြားသူမဟုတ်ပါဘူး၊ ငါပါပဲ´´ လို့ပြောပြီး အနှစ်နှစ်အလလက ကိုယ်နဲ့မခွဲမခွာ အမှတ်တရအဖြစ် သိမ်းဆည်းလာခဲ့တဲ့ ခံခွက်ကလေးကို အိတ်ထဲက ထုတ်ပြလိုက်ပါသတဲ့။

သက်တော်(၈ဝ)အရွယ် ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ဟာ နှစ်ပေါင်းခုနှစ်ဆယ်ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ခံခွက်ကလေးကို နှစ်ဦးသား မှင်တက်မိစွာ စိုက်ကြည့်နေကြပါတယ်။

ပြီးတော့ နှစ်ပေါင်းများစွာ ဝတ်ခဲ့တဲ့အဝတ်တွေကို တစ်ခြားအဝတ်တစ်ခုနဲ့လဲပြီး နှစ်ဦးသဘောတူ လက်ထပ် လိုက်ကြပါသတဲ့။

###########

တကယ်တော့ စာရေးဆရာတစ်ယောက်အနေနဲ့ ဒီစာစုလေးကို ဒီမှာတင် အဆုံးသတ်လိုက်ချင်ပါတယ်။ အဋ္ဌကထာမှာလဲ ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ ရှေ့ဆက် ဘာဖြစ်သွားကြတယ်။ လူ့ဘဝမှာ ဘယ်လိုလုပ်ကိုင် စားသောက်နေကြတယ်ဆိုတာ ဆက်ပြမထားပါဘူး။ လူထွက်သွားကြတယ်ဆိုတာနဲ့ပဲ အဆုံးသတ်ထားပါတယ်။ ဒါပေမယ့် ကိုယ်က ဝိပဿနာနယ်နမိတ်အတွင်းမှာ ရောက်နေရတာဖြစ်လေတော့ ဝိပဿနာနွယ်တဲ့ အဘိဓမ္မာ သဘောလေးတစ်ခုကို သုံးသပ်ပြဖို့ တာဝန်က ရှိနေပြန်တယ်။ ဒါကြောင့် ဝိပဿနာနွယ်တဲ့ အဘိဓမ္မာသဘောလေး တစ်ခုကို ခပ်ကျဉ်းကျဉ်း သုံးသပ်ပြပါရစေဦး။

ပုထုဇဉ်တိုင်းမှာ ကိလေသာတွေရှိနေတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။

ကိလေသာက သုံးပါးရှိပါတယ်။

၁။ အနုသယ ကိလေသာ၊

၂။ ပရိယုဋ္ဌာန ကိလေသာ၊

၃။ ဝီတိက္ကမ ကိလေသာ၊ တဲ့

အနုသယကိလေသာဆိုတာ- ပဋိသန္ဓေတည်ကတည်းကပါလာတဲ့ ကိလေသာပါ၊ သတ္တဝါတွေရဲ့ သန္တာန်မှာ အစဉ်သဖြင့် ကိန်းနေတဲ့ ကိလေသာပါ။

ပရိယုဋ္ဌာနကိလေသာဆိုတာက- အာရုံတစ်ခုကို တွေ့ပြီး ထကြွသောင်းကျန်းလာတဲ့ ကိလေသာပါ။

ဝီတိက္ကမကိလေသာဆိုတာကတော့ အာရုံတစ်ခုကို တွေ့ပြီး
ထကြွသောင်းကျန်းရုံတင်မကတော့ဘဲ လွန်ကျူးမှု အဆင့်အထိရောက်သွားတဲ့ ကိလေသာပါ။

ဒီကိလေသာသုံးပါးရဲ့ သရုပ်ကိုပေါ်လွင်သွားအောင် အထက်ကရေးပြခဲ့တဲ့ ဝတ္တုလေးကိုပဲ ပြန်အာရုံကြည့် လိုက်ပါ။

ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ဟာ ပဋိသန္ဓေတည်ကတည်းက အနုသယကိလေသာတွေက ပါလာပြီးသားပါ။ သူတို့နှစ်ဦးရဲ့သန္တာန်မှာ အနုသယကိလေသာတွေက အစဉ်သဖြင့် ကိန်းနေခဲ့ပါတယ်။

ဆရာတော်ကြီးက ဘိက္ခုနီမကြီးဆိုတဲ့ ဝိသဘာဂအာရုံကို တွေ့လိုက်တဲ့အချိန်၊ ဘိက္ခုနီမကြီးက ဆရာတော်ကြီးဆိုတဲ့ ဝိသဘာဂအာရုံကို တွေ့လိုက်တဲ့အချိန် အဲဒီအချိန်မှာ အစဉ်သဖြင့် ကိန်းနေခဲ့တဲ့ ကိလေသာတွေက ထကြွ သောင်းကျန်းလာပါတော့တယ် (လွန်ကျူးမှုအဆင့်အထိတော့ မရောက်သေးပါဘူး)။ အဲဒီထကြွသောင်းကျန်းလာတဲ့ ကိလေသာကို ပရိယုဋ္ဌာနကိလေသာလို့ ခေါ်ပါတယ်။

နောက်ဆုံး ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြတာကတော့-လွန်ကျူးခြင်းဆိုတဲ့ ဝီတိက္ကမကိလေသာဖြစ်သွားတော့တာပါပဲ။

ဒီတော့ ဒီကိလေသာသုံးပါးကို ဘာနဲ့တားမလဲ?၊.

(ဒီနေရာမှာ ဘာနဲ့ပယ်မလဲလို့ မသုံးလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိလေသာတွေကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ပယ်သတ်လို့ ရပါတယ်။ အခုပြောနေတာက ပုထုဇဉ်သက်သက်မျှ အသွင်နဲ့ပြောနေတာမို့ပါ)

စာဖတ်သူများ သိထားပြီးသားဖြစ်တဲ့ သိက္ခာသုံးပါးနဲ့ တားရပါတယ်။

၁။ ဝီတိက္ကမကိလေသာကို သီလသိက္ခာနဲ့ တားရပါတယ်။ ကိုယ်အခွင့်သင့်ရာ သီလတစ်ခုခုကို ဆောက်တည် ထားရင် လွန်ကျူးစရာ အာရုံတစ်ခုခုကို တွေ့ပေမယ့် သီလဆောက်တည်ထားတဲ့အတွက် မလွန်ကျူးဖြစ်တောပါဘူး။

၂။ ပရိယုဋ္ဌာနကိလေသာကို သမာဓိသိက္ခာနဲ့ တားရပါတယ်။ သမာဓိဖြစ်စေတဲ့ ကမ္မဋ္ဌာန်းလေးဆယ်ထဲက ကိုယ်နှစ်သက်ရာကမ္မဋ္ဌာန်းတစ်ခုခုနဲ့ တားလို့ရပါတယ်။ ဥပမာ- ဗုဒ္ဓါနုဿတိ ပွားများနေမယ်ဆိုရင် စိတ်က ဘုရားဂုဏ်တော်ဆီမှာပဲ ရောက်နေတဲ့အတွက် ထကြွသောင်းကျန်းစရာအာရုံမတွေ့ရတော့ပါဘူး။ ဒီတော့ ပရိယုဋ္ဌာနကိလေသာကို တားပြီးသား ဖြစ်နေပါတယ်။

၃။ အနုသယကိလေသာကိုတော့ ဝိပဿနာဆိုတဲ့ ပညာသိက္ခာနဲ့တားရပါတယ်။ ဆိုလိုချက်ကတော့ ကိလေသာသုံးပါးကို သိက္ခာသုံးပါးနဲ့ တားဆီးရတဲ့သဘောပါ။

ဒီစာစုမှာ အဓိကပြောချင်တာက ဝိပဿနာ သတိပဋ္ဌာန်ပါပဲ။

မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်ပါဠိတော်မှာ-
သတ္တာနံ ဝိသုဒ္ဓိယာ ဧကာယနော မဂ္ဂေါ လို့ဟော ခဲ့ပါတယ်။

အဓိပ္ပါယ်ကတော့ သတ္တဝါတွေ ကိလေသာစင်ကြယ်ဖို့ နှစ်ကြောင်းမရှိတဲ့ တစ်ကြောင်းတည်းသော လမ်းစဉ်က ဝိပဿနာသတိပဋ္ဌာန် လမ်းစဉ်ပါပဲတဲ့။

ဒါကြောင့် ကိလေသာတွေ စင်ကြယ်ဖို့အတွက် ဝိပဿနာသတိပဋ္ဌာန်
လမ်းစဉ်မှတစ်ပါး.....။

ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ် -အင်းမ)

ကျမ်းကိုး
_______

၁။ မူလပဏ္ဏာသအဋ္ဌကထာ
(ရထာဝိနီတသုတ်၊ နှာ-၅ဝ-၅၁)

၂။ မဟာဝင် (ကျီးသဲလေးထပ် ဆရာတော်)

၃။ သင်္ဂြိုဟ်ဘာသာဋီကာ (အရှင်ဇနကာဘိဝံသ)

အင်တာဗျူးဂျာနယ်၊ ၁၁-၁၁-၂၀၀၂


bwar99.blogspot.com

Thursday, November 16, 2017

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



ကိုယ့်ကိုယ်ကို အမြင်မှန်ဖို့
♣♣♣♣♣♣♣♣♣♣

နံနက်မိုးလင်းကနေ ညအိပ်ရာဝင်ထိ
တစ်နေ့တာ ဖြတ်ကျော်လာတဲ့
ငါ့ရဲ့ဘ၀ဟာ တစ်နေ့တာ အချိန်အတွင်း -
 “သူများ အသက်ကို သတ်မိသလား၊
သူများ ဥစ္စာကို မပေးဘဲနဲ့ ယူမိတာ ရှိသလား၊
သူများ သားမယားကို စိတ်နဲ့ ပစ်မှားမိတာရော ရှိလား၊
လိမ်ပြီး ပြောမိသလား၊ ရိုင်းပြဆဲရေးတဲ့စကား ပြောမိသလား” လို့
ကိုယ့်ကိုယ်ကို ပြန်စစ်၊
“သူများပစ္စည်းကို ကိုယ့်ပစ္စည်း ဖြစ်လိုမှု
လောဘနဲ့ တွေးမိသလား၊
လူတစ်ဦး တစ်ယောက်ကို
ပျက်စီးအောင် တွေးမိသလား၊
ကံ ကံ၏အကျိုးကို ယုံကြည်မှုကင်းမဲ့တဲ့
အတွေးအမြင်များ ပေါ်မိသလား 
ကိုယ့်ကိုယ်ကို အမှန်အတိုင်း
ဆန်းစစ်ကြည့်ဖို့ လိုတယ်။
ဒီလို ဆန်းစစ် ကြည့်ရင် ကိုယ်လုပ်တဲ့ အလုပ်တွေ
ရှင်းရှင်း လင်းလင်း ပေါ်လာလိမ့်မယ်
 ပေါ်လာတဲ့ အခါကျရင် မကောင်းတဲ့ အကုသိုလ် အလုပ်တွေ
လုပ်မိခဲ့ရင် ပြောင်းလုပ်ဖို့၊ ကောင်းတာ လုပ်မိရင် ဆက်လုပ်ဖို့၊
ကိုယ့်ကိုယ်ကို အားကိုးတယ်ဆိုတာ အဲဒါကို ပြောတာ။
မကောင်းတာ လုပ်မိရင် ကိုယ့်ကိုယ်ကို ဆုံးမရတယ်
“ဒါမျိုး မလုပ်နဲ့ လို့၊ လူဆိုတာ ဘာပဲဖြစ်ဖြစ်
သူများကျ ပြောတတ်တယ်၊
ကိုယ့်ကိုယ်ကို ကျတော့ ခွင့်လွှတ်တတ်တယ်။
ဆိုပါစို့ - ပန်းကန်လေး လွတ်ကျ သွားရင်
သူများကျ နမော်နမဲ့ နိုင်တယ်တဲ့၊ ကိုယ့်ကျတော့ မတော်တဆတဲ့၊
ကိုယ့်ကိုယ်ကျတော့ ခွင့်လွှတ်ရင်
သူများကိုလည်း ခွင့်လွှတ်တတ်အောင် ကြိုးစားကြရမယ်၊
ခုတော့ သူများလည်း မတော်တဆ၊
ကိုယ်လည်း မတော်တဆ၊ အဲဒီလို မထားနိုင်ဘူး။
 “သူက ဒီလိုချည်းပဲ၊ ငါက ဂရုစိုက်တယ်၊ သူက ဂရုမစိုက်ဘူး
 အဲဒါ ဘာပြုလို့လဲ ဆိုတော့ လူရဲ့သဘာဝက
ကိုယ့်ကိုယ်ကို ဦးစားပေးချင်တဲ့ သဘောရှိလို့၊
အဲဒီလို ကိုယ့်ကိုယ်ကို အမှန်မြင်ဖို့ လိုအပ်တယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(အတ္တာ ဟိ အတ္တနော နာထော တရားတော်မှ)


bwar99.blogspot.com