အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, September 14, 2017

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



     အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

`အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်` ဆိုတဲ့ စကားရပ်ကို အပေါ်ယံရှပ်ပြီး သာမန်ကြည့်လိုက်ရင် ကလက်တယ်၊ ပေါ့ပျက်တယ်လို့ ထင်စရာပါပဲ။ တကယ်တော့ အဓိပ္ပါယ် အင်မတန် လေးနက်တဲ့စကားပါ။ နယ်ပယ်ကလည်း သိပ်ကို ကျယ်ပြန့်ပါတယ်။

`အချစ်ကံ` ဆိုတဲ့ စကားရပ်ထဲမှာ သမီးရည်းစား အချစ်ကံ၊ ဇနီးခင်ပွန်း အချစ်ကံသာမက မိဘသားသမီး အချစ်ကံ၊ ဆရာတပည့် အချစ်ကံ၊ မိတ်ဆွေသူငယ်ချင်း အချစ်ကံ၊ အလုပ်ရှင်အလုပ်သမား အချစ်ကံ … စတဲ့ လူမှုရေးနယ်ပယ်အသီးသီးက မေတ္တာတရားနဲ့ ပတ်သက်တဲ့ အချစ်ကံအားလုံး ပါဝင်ပါတယ်။

♦ အချစ်ကံ တကာ့ အချစ်ကံတွေထဲမှာ မိဘမေတ္တာနဲ့ ပတ်သက်တဲ့အချစ်ကံ ကောင်းဖို့ကတော့ အရေးကြီးဆုံးပါပဲ။ မိဘဆီက ကြင်နာနွေးထွေးတဲ့ မေတ္တာကို နည်းစနစ်တကျ အပြည့်အဝရတဲ့သူဟာ အချစ်ကံ အကောင်းဆုံးသူပါ။ အပြန်အလှန်အားဖြင့် သားသမီးဆီက ကြင်နာနွေးထွေးတဲ့ မေတ္တာကို အပြည့်အဝရတဲ့သူဟာလည်း အချစ်ကံ အထူးကောင်းတဲ့သူပါပဲ။

♦ သားသမီးအပေါ် မိဘမေတ္တာ အပြည့်ပေးခဲ့တဲ့သူဟာ မိဘမေတ္တာနဲ့ ပတ်သက်ပြီး အချစ်ကံ ကောင်းသလို၊ မိဘအပေါ် သားသမီးမေတ္တာ အပြည့်ပေးခဲ့တဲ့သူဟာလည်း သားသမီးမေတ္တာနဲ့ ပတ်သက်ပြီး အချစ်ကံကောင်းပါတယ်။ ဒါတွင်မက သားသမီးအပေါ် မိဘမေတ္တာ အပြည့်ပေးခဲ့တဲ့သူဟာ သားသမီးမေတ္တာနဲ့ ပတ်သက်ပြီးလည်း အချစ်ကံကောင်းသလို၊ မိဘအပေါ် သားသမီးမေတ္တာ အပြည့်ပေးခဲ့တဲ့သူဟာ မိဘမေတ္တာနဲ့ ပတ်သက်ပြီးလည်း အချစ်ကံ ကောင်းပါတယ်။

♦ ဆရာတပည့် အချစ်ကံ၊ မိတ်ဆွေသူငယ်ချင်း အချစ်ကံ … စတဲ့ အချစ်ကံတွေမှာလည်း နည်းတူပါပဲ။ ကိုယ့်ဘက်က မေတ္တာအပြည့်ပေးခဲ့မှ ကိုယ့်အလှည့်ကျ မေတ္တာအပြည့်ပေးကြမှာပါ။

♦ ကိုယ်ကပဲ မေတ္တာအပြည့် လိုချင်ပြီး ကိုယ့်ဘက်ကတော့ မေတ္တာအပြည့် မပေးချင်ဘူးဆိုရင်တော့ အကြောင်းအကျိုး မညီညွှတ်တဲ့အတွက် ကိုယ်လိုချင်တဲ့ အချစ်ကံကောင်းခြင်းကို ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့အရာကို ကိုယ့်ဘက်က အရင်ပေးရမယ် ဆိုတဲ့ ကမ္မနိယာမကို လုံးဝ မမေ့လိုက်ပါနဲ့။

♦ `သားသမီးကို တကယ်ချစ်ရင် နိုးနေချိန်တွေမှာ မနမ်းပါနဲ့၊ အိပ်နေချိန်ကျမှ နမ်းပါ` …၊ `သားသမီးကို အရမ်းချစ်တယ်ဆိုတာ သားသမီး မသိပါစေနဲ့၊ သားသမီးသိအောင် မပြပါနဲ့` ….၊ `ချစ်တာကို ရင်ထဲမှာပဲ ထားပါ` … စတဲ့ အတွေးအခေါ် အမှား၊ အယူအဆအမှားတွေနဲ့ ကိုယ့်အချစ် ကိုယ့်မေတ္တာကို သားသမီးသိအောင် ကိုယ်နဲ့၊ နှုတ်နဲ့ နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ထုတ်ဖော်မပြတဲ့ မိဘတွေဟာ မိဘမေတ္တာနဲ့ ပတ်သက်ပြီး ဘယ်တော့မှ အချစ်ကံ ကောင်းကြမယ့်သူတွေ မဟုတ်ပါဘူး။ သားသမီးမေတ္တာနဲ့ ပတ်သက်ပြီးလည်း အချစ်ကံ မကောင်းနိုင်ပါဘူး။

♦ ကိုယ်ချစ်ခင်မြတ်နိုးသူ ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အချစ်၊ ကိုယ့်ရဲ့ မေတ္တာကို … ကိုယ်နဲ့၊ နှုတ်နဲ့ နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ထုတ်ဖော်ပြတဲ့သူတွေဟာ `အချစ်ကံကောင်းဆေး` ဖော်စပ်မှီဝဲနေကြတဲ့သူတွေပါပဲ။ ဘယ်အချစ်မျိုးမှာပဲ ဖြစ်ဖြစ် အချစ်ကံကောင်းချင်ရင် … `မေတ္တာအပြည့်ပေးခြင်း` ဆိုတဲ့ `အကောင်းကံ` ကို ချစ်ကို ချစ်ကြရပါမယ်။ ပြုကို ပြုကြရပါမယ်။

♦ ဘယ်အချစ်ကံမှာမဆို အချစ်ကံဆိုးနေပြီဆိုရင် ကိုယ့်မှာ အားနည်းချက်တစ်ခုခုတော့ ရှိနေလို့ပါပဲ။ အားနည်းချက် ဆိုတာကလည်း မကောင်းမှုပြုခြင်းဆိုတဲ့ `အဆိုးကံ` ကြောင့်သာ ဖြစ်ရတာမို့ အချစ်ကံ မဆိုးချင်ရင် `မကောင်းမှုပြုခြင်း` ဆိုတဲ့ `အဆိုးကံ` ကို မချစ်ကြဖို့၊ ရှောင်ကြဉ်ကြဖို့ အထူးအရေးကြီးပါတယ်။

♦ ကောင်းတဲ့ကုသိုလ် အလုပ်တွေ လုပ်နေရုံနဲ့ အချစ်ကံ မကောင်းနိုင်သေးပါဘူး။ ဆိုးတဲ့ အကုသိုလ်အလုပ်တွေပါ ရှောင်ကြဉ်မှ အချစ်ကံ ကောင်းနိုင်ပါတယ်။ အချစ်ကံမဆိုးချင်ရင် အဆိုးကံကို မချစ်ပါနဲ့။ ဆိုးတဲ့ အကုသိုလ်အလုပ်တွေကို လုံးဝမလုပ်ပါနဲ့။ အဆိုးကံတစ်ခုခုကြောင့် အားနည်းချက်တစ်ခုခု ရှိသွားရင် အဲဒီ အားနည်းချက်ကြောင့်ပဲ အချစ်ကံ ဆိုးတတ်ပါတယ်။

♦ ကံအကြောင်းမသင့်လို့ အားနည်းချက်တစ်ခုခု ရှိခဲ့ရင် အဲဒီအားနည်းချက် ပျောက်ရာပျောက်ကြောင်း လိုက်ဖက်ဆီလျော်တဲ့ ကုသိုလ်ကောင်းမှု အကောင်းကံတစ်ခုခုကို ဉာဏ်နဲ့ ဆင်ခြင်ပြီး ပြုဖြစ်အောင် ပြုလိုက်ဖို့ပါပဲ။


ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အကောင်းကံချစ်မှ အချစ်ကံကောင်းမယ် စာအုပ်မှ)

bwar99.blogspot.com

No comments:

Post a Comment