အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, August 23, 2018

သီတဂူဆရာတော်ကြီး


   ခရောင်းလမ်းကို လျှောက်ခဲ့သော
♣♣♣♣♣♣♣♣♣♣♣♣
   အရွင္အဂုၤလိမာလ
♣♣♣♣♣♣♣♣


   ♦ တစ်ခါက လူဆိုးတစ်ယောက်အဖြစ် ကျော်ကြားနေတဲ့
လူတစ်ယောက်က ဘုရားရှင်ကို လျှောက်ဖူးတယ်။
`မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဓမ္မဟာ အလွန် သတ္တိထူးပါတယ်။
ဘဝအသင်္ချေ အနန္တ, ဘဝသိန်ပေါင်းများစွာ မြတ်ဗုဒ္ဓရဲ့ ဓမ္မကို မကြားခဲ့ရလို့သာလျှင်
မကောင်းမှုပေါင်းများစွာကို လွန်ကျူးမိခဲ့တာပါ၊ မြတ်ဗုဒ္ဓရဲ့ ဓမ္မကို ကြားများ ကြားလိုက်ရမယ်
ဆိုရင်တော့ မကောင်းမှု, ဒုစရိုက်တွေကို ပြုလုပ်မှာ မဟုတ်ပါဘူး`။
   `ဒါကြောင့် ဓမ္မကို တစ်လုံးလောက်ပဲဖြစ်ဖြစ် နှစ်လုံးလောက်ပဲဖြစ်ဖြစ်
ဟောတော်မူပါ` ဆိုပြီးတော့ မြတ်စွာဘုရားရဲ့ ခြေထောက်ကို ဖက်ပြီးတော့
တောင်းပန်ရှာတဲ့ လူကြီးတစ်ယောက်ကို အားလုံးမှတ်မိမှာပါ။

   ♦ အဲဒီတုန်းက လူဆိုးတစ်ယောက်အဖြစ်နဲ့ ထင်ရှားတဲ့ အဂုင်္လိမာလ ပေါ့။
သူ့ရဲ့နာမည်ကို ပရိတ်ကြီး (၁၁) သုတ်မှာ ပါပါတယ်။ အဂုၤလိမာလသုတ္တဲ့။
  
   `ယတော ဟံ ဘဂိနိ အရိယာယဇာတိယာ ဇာတော၊
    နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊
    တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘေဿ`။

   သားမဖွားနိုင်လို့ အိပ်ယာမှာလဲနေတဲ့ မိန်းမတစ်ယောက်ရဲ့ ခေါင်းရင်းက
ထိုင်ပြီးတော့ ရဟန်းတော် အရှင်အဂုင်္လိမာလဟာ `ငါသည် ရဟန်းဖြစ်တဲ့
အချိန်ကစ၍ သတ္တဝါ၏ အသက်ကို မသတ်ဘူးပါ၊ သတ်ချင်တဲ့ စိတ်တောင် မဖြစ်ဘူးပါ၊
ဤမှန်သော သစ္စာစကားကြောင့် ချစ်နှမနှင့် ဝမ်းထဲကကလေး နှစ်ယောက်စလုံးချမ်းသာပါစေ` လို့
သစ္စာဆိုလိုက်တယ်။ ယင်းသို့ သစ္စာဆိုလိုက်တယ်ဆိုရင်ပဲ အဲဒီမိန်းမဟာ
ချက်ချင်းပဲ ကလေးမွေးဖွားသွားတယ်။
   အဂုင်္လိမာလ၏ `သစ္စာနှင့် မေတ္တာ` ကြောင့် ကလေးမဖွားနိုင်လို့ ဒုက္ခရောက်နေတဲ့မိန်းမဟာ
ချမ်းချမ်းသာသာပဲ ကလေးမွေးဖွားသွားတယ်။
 

   ♦ သစ္စာနှင့်မေတ္တာတို့၏ အစွမ်းသတ္တိသည် အံ့သြစရာ သိပ်ကောင်းတယ်။ ဒါကြောင့်
ဘဝရဲ့အခက်အခဲတွေကို ဖြေရှင်းတဲ့အခါမှာ သစ္စာ, မေတ္တာတို့ဖြင့် ဖြေရှင်းကြရမယ်။
   သို့သော် အဂုင်္လိမာလရဲ့ သစ္စာနှင့်မေတ္တာကို ကိလေသာက ဖုံးထားတဲ့အတွက်ကြောင့်
လည်ပင်းမှာ လက်ညှိုးတွေ တွဲလောင်းတွဲလောင်းနဲ့ ချိပ်ပြီးတော့ လူပေါင်းတစ်ထောင်ကျော်ကို
လိုက်ပြီးတော့ သတ်ခဲ့တယ်။
   အဂုင်္လိမာလဟာ ဘယ်ဘဝက လာသလဲဆိုရင် လူသားစားတဲ့ ပေါရိသာဒဘဝက လာတာ၊
အဲဒီပေါရိသာဒ မဖြစ်ခင်တုံးက ဘီလူး ဖြစ်ခဲ့တယ်။
   ဒီတော့ သူ့ရဲ့ဘဝခရီးဟာ ဘီလူးဘဝ, လူသားစားတဲ့ ရှင်ဘုရင်ဘဝ၊ အဲဒီနောက်
လူသတ်သမား အဂုင်္လိမာလဘဝ၊ ဒါတွေကို သုံးသပ်လို့ရှိရင် ဒီလောက်ကြမ်းတမ်းတဲ့ဘဝကို
ဘာကြောင့် လျှောက်ခဲ့ရသလဲဆိုလို့ရှိရင် မနာလိုတဲ့ ဣဿာနှင့် ဝန်တိုတဲ့ မစ္ဆရိယတို့ကြောင့်
လျှောက်လှမ်းခဲ့ရတယ်။ ပြီးတော့ တဏှာကို အလိုလိုက်မှု, ပတ်ဝန်းကျင်လှိုင်းတံပိုးရဲ့
ရိုက်ခတ်မှုဆိုတာတွေကို တွေ့ရမယ်။

   ♦ ဒီတော့ အဂုင်္လိမာလရဲ့ ဘဝကို နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင် -
အဂုင်္လိမာလ အလောင်းအလျာဖြစ်တဲ့ အဟိံသကဆိုတဲ့ ကျောင်းသားဟာ
တက္ကသိုလ်ကျောင်းမှာ ပညာသင်တော့ သိပ်အောင်မြင်တယ်၊ သိပ်ထူးချွန်တယ်။
   ဒါကြောင့် တက္ကသိုလ်ကျောင်းအုပ် (ရှေးကလိုပြောရင် ဒိသာပါမောက္ခဆရာ) က
လက်ထောက်ဆရာအဖြစ် ခန့်တယ်။ တက္ကသိုလ်ဆရာကြီးရဲ့ လက်ထောက်ဆရာအဖြစ်နဲ့
လုပ်ရင်းလုပ်ရင်းနဲ့ သူက တက္ကသိုလ်မှာ အရှိန်အဝါတွေ သိပ်ကောင်းလာတယ်။
ဒီလိုကောင်းလာတော့ သူ့ရဲ့သင်ဖေါ်သင်ဖက် ကျောင်းသား, ကျောင်းသူတွေက သူ့ကို
သိပ်မကျေနပ်ကြဘူး။
   ဒီလိုမကျေနပ်တော့ သင်ဖေါ်သင်ဖက် ကျောင်းသား, ကျောင်းသူတွေက
တက္ကသိုလ်ဆရာကြီးကို `ဒီကျောင်းသားဟာ ဆရာကြီးရဲ့ ဇနီး, သမီးတို့နှင့် ဖောက်ပြန်နေတယ်` လို့
ထပ်တလဲလဲ ပြောကြတယ်။ အစကတော့ မယုံဘူး။ အဲဒီလို ထပ်တလဲလဲပြောပါများတော့
ဆရာကြီးက ယုံသွားတယ်။ အဲဒီလို သူ့ရဲ့ဘဝဟာ စပြီးတော့ ပျက်စီးတော့တာပါပဲ။

   ♦ ဆရာကြီးက အဟိံသကကို ပြောတယ်။ `အဟိံသကရေ မင်းကျောင်းက ဘွဲ့ရဖို့ အချိန်ရောက်ပြီ၊
ဘွဲ့ရချင်တယ်ဆိုရင်တော့ လက်ညှိုးတစ်ထောင် ရှာရမယ်၊ အဲဒါမှ ဘွဲ့ပေးနိုင်မယ်` လို့ ပြောလိုက်တယ်။
ဆရာကြီးရဲ့စကားဟာ အဟိံသကကို သေလမ်းပို့လိုက်တာပဲ။ ဘယ်သူက ပို့လိုက်တာလဲဆိုရင်
ဆရာကြီးက ပို့လိုက်တာလို့ ဒီလို ထင်စရာရှိတယ်။ ဒါပေမဲ့ မဟုတ်ဘူး။
   တကယ်တော့ သူ့ရဲ့အောင်မြင်တိုးတက်မှုတွေကို မကျေနပ်ကြတဲ့ လူတစ်စုရဲ့ ဣဿာ (မနာလိုမှု)နှင့်
မစ္ဆရိယ (ဝန်တိုမှု)က အဟိံသကကို သေလမ်း ပို့လိုက်တာ။ ဒီကစၿပီး အဂုၤလိမာလဟာ
ဘဝခရီးကြမ်းကြီးကို လျှောက်လှမ်းခဲ့ရတာပဲ။

   ♦ သတ္တဝါတွေဟာ ကိလေသာရဲ့ ဖုံးလွှမ်းမှုကို ခံရပြီဆိုရင် ဒီမေတ္တာနှင့် သစ္စာတရားဟာ
ကွယ်ပျောက်သွားပြီး အမှားတွေကို ပြုလုပ်တတ်ကြတယ်။
   ဒါကြောင့် ဓမ္မကို -
၁။ သင်ဖို့လိုတယ်။
၂။ ကျင့်ဖို့လိုတယ်။
၃။ နားလည်ဖို့လိုတယ်။
   ဘုန်းကြီးကျောင်းက ပြောသလိုပြောရမယ်ဆိုရင် ပရိယတ္တိ ပဋိပတ္တိ, ပဋိဝေဓ လို့ ပြောရမယ်။
Learning  practice and understanding ဟာ `ဓမ္မ` ပါပဲ။

   ♦ အဂုင်္လိမာလဟာ ဒီလိုကြမ်းတမ်းတဲ့ ခရီးရှည်ကြီးကို လျှောက်ရင်း တစ်ခုသောနေ့မှာ
ဘုရားရှင်နှင့် လမ်းခုလတ်မှာ တွေ့လိုက်တယ်။ အဲဒီအချိန်မှာ ဓမ္မကို နားမလည်ရှာတဲ့အတွက်ကြောင့်
`တစ်ချောင်းတည်းသော လက်ညှိုးပဲ လိုတော့တာ၊ တွေ့တဲ့ပုဂ္ဂိုလ်ကို သတ်မယ်` ဆိုပြီးတော့
အဂုင်္လိမာလဟာ ဘုရားရှင်ကို လိုက်တယ်။
   ဘုရားရှင် ကိုယ်တော်မြတ်က ရပ်လျက် တန်ခိုးတော်ဖြင့် ပြေးနေသလို ထင်ရအောင် လုပ်ပြတယ်။
တကယ်တော့ ဘုရားရှင်က မပြေးဘူး။ ရပ်နေတယ်။ သူကတော့ ဓားတစ်ချောင်းကိုင်ပြီးတော့
ဘုရားရှင်နောက်ကနေ လိုက်တယ်။ ဒါပေမဲ့ မမီဘူး ဖြစ်နေတယ်။
   အဲဒီတော့ နောက်ကနေ လှမ်းအော်တယ်။ `အို အရှင်ဂေါတမ မပြေးပါနဲ့` ဆိုတော့
ဘုရားရှင်ကိုယ်တော်မြတ်က `ငါ မပြေးဘူး၊ ငါက ခရီးဆုံးလို့ ရပ်နေပြီ၊ မင်းကသာ ပြေးနေတာ၊
မင်းကတော့ ပြေးတုံးပဲ၊ နောင်လည်းပဲ ပြေးရအုံးမယ်` လို့ ပြောလိုက်တယ်။
   အဲဒီအချိန်မှာ ဉာဏ်ဝင်သွားတယ်။ အဲဒါကို ဂျပန်ဇင်ဂိုဏ်းက ပြောတယ်။ `ဆာတိုရီ` တဲ့။
ရုတ်တရက်ပေါ်လာတဲ့ဉာဏ်။ အဲဒီလို ပေါ်လာတဲ့ အချိန်မှာ ဘုရားရှင်ရဲ့ ခြေတော်ကို
ဦးတိုက်ပြီးတော့မှ `အို မြတ်စွာဘုရား သတ္တဝါတွေဟာ ဓမ္မကို မကြားရလို့ ပြစ်မှုတွေကို
လွန်ကျူးနေကြတာ၊ ဓမ္မကိုသာ ကြားရမယ်ဆိုရင် သတ္တဝါလောကကြီးဟာ အဲဒီ ပြစ်မှုတွေကို
လွန်ကျူးကြမှာ မဟုတ်ပါဘူး၊ ဒါကြောင့် ဓမ္မကို တစ်ပုဒ်လောက်ဖြစ်ဖြစ်, တစ်ဂါထာ လောက်ဖြစ်ဖြစ်
ဟောတော်မူပါ` လို့ လျှောက်လိုက်တယ်။ အဲဒီကျမှ မြတ်စွာဘုရားက အဂုင်္လိမာလကို ဓမ္မကိုဟောတာ။

  ♦ မြတ်စွာဘုရားဟောလိုက်တဲ့ ဓမ္မရဲ့ အဆုံးမှာ သူ့ဘဝခရီးကြမ်းကြီးဟာ တစ်ခါတည်း
ပြီးဆုံးသွားတယ်။ ဘဝခရီးကြမ်းကြီးပြီးဆုံးတယ်ဆိုတာ အားလုံးသိကြတဲ့အတိုင်း
ရဟန္တာဖြစ်သွားတာကို ပြောတာ။
   အဂုင်္လိမာလဟာ ရဟန်းဖြစ်ပြီးသည့်နောက်၌ မြတ်စွာဘုရား နောက်ကနေ ဆွမ်းခံလိုက်တယ်။
အမေ, အဖေ, ညီအကို, မောင်နှမတစ်တွေ အသတ်ခံရထားတဲ့ ပုဂ္ဂိုလ်တွေက ဘုရားနောက်ကနေ
သင်္ကန်းဝတ်ပြီးတော့ လိုက်လာတဲ့ပုဂ္ဂိုလ်ကြီး ကြည့်ပြီးတော့ `ဟာ ဒီဘုန်းကြီးကတော့ကွာ ဒို့အမေကို
သတ်သွားတာပဲ` ဆိုပြီးတော့ ခဲဖြင့် ချောင်းပစ်တဲ့သူက ပစ်၊ `ဟာ ဒီဘုန်းကြီးကတော့ကွာ ဒို့အဖေကို
သတ်သွားတာပဲ` ဆိုပြီး တုတ်နဲ့ ချောင်းပစ်တဲ့သူက ပစ်။ အဲဒီလို ပစ်ကြတော့ ခေါင်းတွေ ထိပ်တွေ
ပေါက်ကွဲပြီးတော့ ပြန်လာခဲ့ရတယ်။ ဆွမ်းခံလို့ မရဘူး။
   အဲဒီတော့ မြတ်စွာဘုရား ကိုယ်တော်မြတ်က `အော် အဂုင်္လိမာလဟာ လူတွေရဲ့ ယုံကြည်စိတ်ချမှုကို
သူ ပြန်မရဘူး` လို့ သိတော်မူတယ်။ ရဟန္တာဖြစ်နေပေမယ့် သူ့ကို လူတွေက `ရဟန္တာဖြစ်ပြီရယ်` လို့
ဘယ်သူကမှ မယုံကြည်ကြဘူး၊ ယုံကြည်တဲ့ပုဂ္ဂိုလ် နည်းနည်းပဲ ရှိတယ်။

   ♦ အရေးကြီးတာက သူ့ဘဝမှာ ယုံကြည်စိတ်ချမှု ပြန်ရဖို့ပဲ။ အဲဒီတော့ ယုံကြည်စိတ်ချမှု ပြန်ရအောင်
ဘုရားက မေတ္တာနဲ့ သစ္စာကို စီမံပေးလိုက်တယ်။
   `ချစ်သား ဟောဒီသစ္စာဆိုပြီးတော့ ဒီမေတ္တာပို့လေးကို ဆောင်ထား၊ ဆွမ်းခံသွားရင်း အခက်အခဲတစ်ခုခုနဲ့
တွေ့နေတဲ့ ဒကာ ဒကာမတွေကို သစ္စာဆိုပြီး မေတ္တာကို ပို့ပေးလိုက်ပါကွာ` လို့ ဘုရားက သင်ပေးလိုက်တယ်။
   ဘုရားသင်ပေးတဲ့ မေတ္တာပို့နှင့် သစ္စာဆိုပုံကို အရှင်အဂုင်္လိမာလက ဆောင်ထားတယ်။
ဒကာကြီးတစ်ယောက် ပြာပြာသလဲနဲ့ အိမ်တစ်အိမ်ထဲကနေ ပြေးထွက်လာတယ်။ အရွင္အဂုၤလိမာလက
`ဒကာ ဘာအရေးကြီးလို့လဲ` ဆိုတော့ `အရှင်ဘုရားတို့နဲ့ မဆိုင်ဘူး၊ ပြောလို့ မဖြစ်ဘူး၊ မပြောပါရစေနဲ့` လို့
ဒကာကြီးက ပြန်ပြောလိုက်တယ်။
   `ကူညီနိုင်ရင် ကူညီမလို့ပါ၊ ပြောစမ်းပါ` လို့ အရှင်အဂုင်္လိမာလက ပြောတော့ `ဟာ ကိုယ်တော်တို့နဲ့
မဆိုင်ဘူး၊ ဒီကိစ္စ မပြောပါရစေနဲ့` လို့ ဒကာက ပြန်လျှောက်တယ်။
   မိန်းမတစ်ယောက် ကလေးမမွေးနိုင်လို့ အခက်တွေ့နေတာကို ဘုန်းကြီးက
`ဘာဖြစ်နေလဲ၊ ပြောစမ်းပါ` ဆိုတော့ ဟိုဒကာကြီး အပြောခက်နေတယ်။
   သားဖွားခန်းထဲဝင် ဆေးကုပေးတဲ့ကိစ္စမျိုးကတော့ ရဟန်းတော်များနဲ့ မဆိုင်ဘူးပေါ့။
သို့သော် တစ်နေရာရာက သစ္စာဆိုပြီးတော့ မေတ္တာပို့မယ်ဆိုရင် ဆိုင်ပါတယ်။

   ♦ မြတ်စွာဘုရားကိုယ်တော်မြတ်က `ဒေဝဒတ်အပေါ်မှာ ထားတဲ့ မေတ္တာနှင့်
သားတော်ရာဟုလာအပေါ်မှာထားတဲ့ မေတ္တာဟာ မခြားနားပါဘူး` လို့ မိန့်တယ်။
ဒါကြောင့် မေတ္တာရဲ့ သဘောဟာ အလွန်ကျယ်ပြန့်တယ်။
   မေတ္တာဆိုတာ
၁။ ဒေါသကင်းတဲ့စိတ်
၂။ ကျယ်ပြန့်တဲ့စိတ်
၃။ ကောင်းကျိုး ချမ်းသာဖြစ်စေချင်တဲ့စိတ်ပါပဲ။
   ဒီစိတ်ဓာတ်မျိုးသာ ဖြစ်မယ်ဆိုရင် နှလုံးသားထဲမှာ ငြိမ်းအေးပြီး
သတ္တဝါအားလုံးရဲ့ ငြိမ်းအေးမှုကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

   ♦ အဂုင်္လိမာလလွန်ကျူးသွားတဲ့ ပြစ်မှုတွေကို ပြန်ကြည့်လို့ရှိရင် မောဟ (သို့)
အဝိဇ္ဇာကို အခြေခံတယ်။ သတ္တဝါတွေကို သတ်ချင်တဲ့စိတ် သူ့မှာ လုံးဝမရှိဘူး။
   `မင်း စားမေးပွဲ အောင်လက်မှတ် ရချင်တယ်ဆိုရင် လက်ညှိုးပေါင်းတစ်ထောင်ယူခဲ့` လို့
ဆရာက ပြောတော့ `လက်ညှိုးပေါင်း တစ်ထောင်နှင့် အောင်လက်မှတ်ဟာ ဘာဆိုင်လို့လဲ၊
ဆရာကြီးက ဒီစကား ဘာကြောင့်ပြောသလဲ` လို့ သူ စဉ်းစားရမယ်။
   နောက်ပြီး သူ့ရဲ့ ပတ်ဝန်းကျင်ကို သူသိရမယ်။ သူ့ပတ်ဝန်းကျင်မှာ `ဘာတွေဖြစ်နေသလဲ`
ဆိုတာကို သူ မသုံးသပ်မိဘူး။ ဒီလို မသုံးသပ်, မစဉ်းစားတာကို အဝိဇ္ဇာ (သို့) မောဟ လို့
ခေါ်တယ်။
   အကြောင်းအကျိုး, အကောင်းအဆိုး, အမှားအမှန်တို့ကို မသိတတ်တဲ့သဘောကို
`အဝိဇ္ဇာ` လို့မှတ်။ အဝိဇ္ဇာသည် ဒုစရိုက် အားလုံးတို့ရဲ့ ရေသောက်မြစ် အကြောင်းအရင်းဖြစ်တယ်။
အဝိဇ္ဇာကို မပယ်နိုင်သေးသမျှ လောဘကြောင့်ဖြစ်လာတဲ့ လွန်ကျူးမှု, ဒေါသကြောင့် ဖြစ်လာတဲ့
လွန်ကျူးမှုတွေဟာ ရှိနေကြမှာပဲ။ ဒါကြောင့် အဂုင်္လိမာလရဲ့ ဘဝခရီး ဒီလောက် ကြမ်းတမ်းသွားတာ။
သတ်ချင်တဲ့ ဒေါသ သူ့မှာ မရှိတာအမှန်ပဲ၊ ရာထူး အာဏာ စီးပွားရေးကိုလည်း မျှော်လင့်ချက်
မထားတာ အမှန်ပဲ၊ သူ့လိုချင်တာက စာမေးပွဲ အောင်လက်မှတ်ကလေးပဲ။ သို့သော်
သူလုပ်လိုက်တဲ့ ဒုစရိုက်အမှုက ကြီးကျယ်လွန်းတယ်။
   ဒါကြောင့် လူတွေက သူ့ကို ရဟန်းဖြစ်တဲ့အချိန်ထိ ရန်ငြိုးဖွဲ့ပြီး ဒုတ်, ခဲတို့ဖြင့် ပစ်ပေါက်ကြတာ။
ဒီတော့ မြတ်စွာဘုရားကိုယ်တော်မြတ်က လူတွေရဲ့ မေတ္တာရအောင် အဂုင်္လိမာလကို သစ္စာဆိုပုံနှင့်
မေတ္တာပို့ပုံကို သင်ပေးတယ်။
   ဒီထုံးကို နမူနာယူပြီးတော့ ဘုန်းကြီးကျောင်းတွေမှာ ကျောင်းထိုင်ဘုန်းကြီးက
တပည့် ကျောင်းသားကြီးတွေ, ကိုရင်ကြီးတွေကို ကျောင်းက ထွက်ပြီဆိုရင် `အဆောင်ဂါထာ`
လေးတွေ ပေးပြီး `ငါ့ တပည့် ဒီဂါထာ ဆောင်ထားနော်၊ အရေးကြုံလျှင် သုံးကွာ` လို့
ပြောတတ်ကြတယ်။

   ♦ အဂုင်္လိမာလက ရေးကြီးသုတ်ပြာနဲ့ ပြာပြာသလဲ ဖြစ်နေတဲ့ လူကြီးကို ကြည့်ပြီး
`ဒကာကြီး ပြော၊ ဘာကူညီရမလဲ` ဆိုတော့မှ ဒကာကြီးက `အိမ်ကမိန်းမ ကလေးမမွေးနိုင်လို့
ဒုက္ခဖြစ်နေတယ်ဘုရား` လို့ လျှောက်လိုက်တယ်။
   `ကဲကဲ ဒီလိုဆိုရင် ဘုန်းကြီး ကူညီမယ်` လို့ ပြောလို့ အရှင်အဂုင်္လိမာလကို အိမ် ပင့်သွားတယ်၊
အရှင်အဂုင်္လိမာလက အိမ်အခန်းအပြင်ဘက်က ထိုင်ပြီးတော့ `ငါသည် ရဟန်းဖြစ်တဲ့နေ့ကစ၍
သတ္တဝါရဲ့ အသက်ကို မသတ်ဖူးပါ၊ သတ်မယ်ဆိုတဲ့ စိတ်တောင် မဖြစ်ဘူးပါ၊ ဤသစ္စာစကားကြောင့်
ချစ်နှမရော, ကလေးရော ချမ်းသာပါစေ` လို့ ဆိုလိုက်တယ်။
   အဲဒီလို သစ္စာဆိုလိုက်တယ်ဆိုရင်ပဲ ဝမ်းဗိုက်ထဲမှာ ကန့်လန့်ဖြစ်နေတဲ့ ကလေး
တည့်သွားပြီးတော့ အဲဒီမိန်းမဟာ သက်သက်သာသာနဲ့ ကလေးမွေးသွားတယ်။


   ♦ အဲဒီအချိန်ကစပြီး အရှင်အဂုင်္လိမာလဟာ တစ်ဟုန်းထိုး နာမည်ကြီးသွားတယ်။
`အရှင်အဂုင်္လိမာလဟာ သိပ်တန်ခိုးကြီးတာပဲ၊ သူ့ရဲ့ သစ္စာနှင့် မေတ္တာတန်းခိုးကြောင့်
ကလေးရော, မိန်းမရော ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြစ်သွားတယ်` ဆိုပြီး
လူတွေ နောက်က တန်းစီပြီးတော့ `တပည့်တော်တို့ အိမ်ကိုလည်း ကြွပါအုံး အရှင်ဘုရား၊
တပည့်တော်တို့ အိမ်ကိုလည်း ကြွပါအုံး အရှင်ဘုရား` လို့ ဟိုဘက်အိမ်ကပင့်,
ဒီဘက်အိမ်ကပင့်ကြလို့ အရှင်အဂုင်္လိမာလဟာ တစ်အိမ်ဆင်း တစ်အိမ်တက်နဲ့ လိုက်ပြီး
ပရိတ်ရွတ်ရတယ်။ ညမိုးချုပ်မှ အရှင်အဂုင်္လိမာလဟာ ကျောင်းပြန်ရောက်တယ်။
   ဘုရားရှင်က မေးတယ်။ `အဂုင်္လိမာလ မင်း ဒီနေ့ ဆွမ်းခံသွားတာ မိုးချုပ်တယ်ကွာ၊
မင်းခန္ဓာကိုယ်မှာလည်း ဘာဒဏ်ရာမှ မရှိပါလား` လို့ မေးတော့ `ခဲပေါက် မခံရတော့ တပည့်တော်မှာ
ဘာဒဏ်ရာမှ မရှိတော့ဘူးပေါ့ဘုရား၊ မြို့လူထုကြီးတစ်ရပ်လုံးရဲ့ ယုံကြည်မှုကိုလည်း တပည့်တော်
အပြည့်အဝ ရပါပြီဘုရား` လို့ အရှင်အဂုင်္လိမာလက ပြန်လျှောက်တယ်။
   ဒီနောက်တော့ အဂုင်္လိမာလဟာ သာဝတ္ထိမြို့ထဲကို ဆွမ်းခံထွက်စရာ မလိုတော့ဘူး။ တစ်အိမ်ပြီးတစ်အိမ်
ပရိတ်ပဲ လှည့်ရွတ်နေရတယ်။
   နောက်ကျတော့ အိမ်စေ့အောင် လိုက်မရွတ်နိုင်တော့ဘူး။ ဒါနဲ့ အရှင်အဂုင်္လိမာလက သူထိုင်တဲ့
နေရာထိုင်အခင်းကလေးကို ပေးပြီး `ဒီအခင်းကလေး ယူသွားပြီး ရေစိမ်တိုက်ကြ` လို့ ပြောရတော့တယ်။
   လူတွေကလည်း နေရာထိုင်အခင်းကလေးကို လုပြီးတော့ ယူသွားကြတယ်။ တချို့ကလည်း
နေရာထိုင်အခင်း တစ်ခုလုံးယူချင်တယ်။ `ဟာ တစ်ခုလုံးယူလို့တော့ မဖြစ်ဘူး၊ ဝေယူကြမယ်` ဆိုပြီး
ဓားနှင့် ပိုင်းပြီးတော့ အစကလေးတွေ တစ်ယောက်လျှင် တစ်စ, တစ်ယောက်လျှင် တစ်စ
ဝေယူသွားကြတယ်။ နေရာထိုင်အခင်း ရေစိမ်တိုက်တာနဲ့ ကိုယ်ဝန်သည် မိန်းမတွေဟာ လွယ်လွယ်ကူကူပဲ
ကလေးမွေးနိုင်တယ်။ ဒီလောက်ထိ စွမ်းတာ။


   ♦ အဂုင်္လိမာလရဲ့ ကြမ်းတမ်းတဲ့ဘဝခရီးဟာ ဘာနဲ့ ပြီးဆုံးသွားသလဲဆိုရင်
ဓမ္မနဲ့ ပြီးဆုံးသွားတယ်။ နောက်တစ်ခါ လူသားထုတစ်ရပ်လုံး၏ ယုံကြည်စိတ်ချမှုကို ဘာနှင့်
ပြန်ယူခဲ့သလဲဆိုရင် မေတ္တာ, သစ္စာတို့နှင့် ယူခဲ့တယ်။
   ဒါကြောင့် လူတိုင်းလူတိုင်းဟာ မိမိတို့ရဲ့ ဘဝခရီးကို ဓမ္မနှင့် အဆုံးသတ်နိုင်အောင်
ကြိုးစားကြရမယ်။ အနာဂတ်သွားရမည့် ခရီးကို ဘယ်သူမှ မမျှော်မှန်းနိုင်ဘူး။ ဒီဘဝမှာ
ဓမ္မကို တစ်လုံးလောက်မျှ သင်မထားလိုက်ဘူးဆိုရင် အနာဂတ်ဘဝခရီးဟာ
ဘယ်လောက်ကြမ်းတမ်းမယ်ဆိုတာ မပြောနိုင်ဘူး ……။


သီတဂူဆရာတော်ကြီး
ဒေါက်တာအရှင်ဉာဏိဿရ

(သစ္စာနှင့် မေတ္တာ တရားတော်မှ)

bwar99.blogspot.com

Wednesday, August 1, 2018

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ


   ဗုဒ္ဓါနုဿတိဘာဝနာ ပွါးများခြင်း
♣♣♣♣♣♣♣♣♣♣♣

  ♦ ဘုန်းကြီးတို့တတွေ ဗုဒ္ဓါနုဿတိဘာဝနာပွါးပြီ ဆိုတဲ့အခါမှာ
ဒီ အရဟဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အာရုံပြုရမယ်။
မြတ်စွာဘုရားကို အရဟံ လို့ခေါ်တာဟာ ဒီဂုဏ်ထူးဝိသေသနဲ့
ပြည့်စုံလို့ဖြစ်တယ်၊ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး။
ဂုဏ်ထူးဝိသေသနဲ့ ချီးကျူးခံရတယ်။

   ♦ မြတ်စွာဘုရားရဲ့ ဂုဏ်တွေကို အာရုံပြုတဲ့ သတိကို
ဗုဒ္ဓါနုဿတိ လို့ခေါ်တယ်၊ ဗုဒ္ဓ - မြတ်စွာဘုရားရဲ့ ဂုဏ်ကို၊
အနုဿတိ - အကြိမ်ကြိမ် အထပ်ထပ် သတိထားခြင်း၊ သတိရနေခြင်း။
တစ်နည်းအားဖြင့် အနု - သင့်တင့်လျောက်ပတ်တဲ့၊ သတိ - အမှတ်ရမှုပဲ၊
ဘုရားနဲ့ ပတ်သက်ပြီး အလွန်သင့်လျော်လျောက်ပတ်တဲ့
အမှတ်ရမှုလို့ ဒီလို အဓိပ္ပါယ်ရတယ်။

   ♦ ဘုရားဂုဏ်ကို အာရုံပြုနေတာနဲ့ပဲ သမထကမ္မဋ္ဌာန်း ဖြစ်တယ်ပေါ့။
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဝိပဿနာဉာဏ် ဖြစ်စေဖို့အတွက်
ကြီးမားသော အထောက်အကူ ဖြစ်တယ်ပေါ့။
လူတွေရဲ့ သန္တာန်မှာ သဒ္ဓါစွမ်းအားတွေ ဖွံ့ဖြိုးတိုးတက်စေနိုင်တယ်။
ဒါကြောင့်မို့ ဗုဒ္ဓါနုဿတိဘာဝနာဟာ အမြတ်ဆုံးဖြစ်တယ်လို့
စာပေကျမ်းဂန်တွေမှာ ဆိုထားတာပေါ့။

   ♦ အဲဒီတော့ ဗုဒ္ဓဂုဏ်တော်ပွါးပြီဆိုရင် ဘယ်လိုပွါးမလဲ၊
ဣတိပိ သော ဘဂဝါ၊ ဣတိပိ - ဆိုတာက အကြောင်းကို ရည်ညွှန်းတာ၊
သော ဘဂဝါ - ငါကြည်ညို ကိုးကွယ်တဲ့ တစ်လောကလုံးက လေးစားရတဲ့
ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်သူမြတ်ဟာ၊
( ဒီနေရာမှာ ဘဂဝါလို့ခေါ်လိုက်တာက အလွန်လေးစားထိုက်တဲ့
ပုဂ္ဂိုလ်တွေကိုသုံးတဲ့ အိန္ဒိယ စကားလုံးပဲ၊ ကနေ့တောင်မှ
အိန္ဒိယနိုင်ငံမှာ `ဘဂဝံ` လို့ သုံးလေ့ရှိတယ်၊ တကယ်ကြီးမားတဲ့
ပုဂ္ဂိုလ်တွေကို `ဘဂဝံ` လို့ သူတို့သုံးတယ်နော်၊
အဲဒီ `ဘဂဝံ` လို့သုံးတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က ဘာလဲဆိုရင်
ဂုရုကြီးလို့ အဓိပ္ပါယ်ရတယ်။ ပိုပြီးလေးစားရတဲ့ ဂုရုကြီးတွေကို
`ဘဂဝံ` လို့ ခေါ်တယ်။ ဒါက အိန္ဒိယနိုင်ငံသုံး စကားတစ်ခုပဲ၊
`ဘဂဝံ` ဆိုတာ အလွန့်ကို ကြီးမြတ်တယ်၊ ဒါကြောင့်မို့ အဋ္ဌကထာဆရာက
`ဘဂဝါတိ ဂုရု` ` ဂရုံ ဟိ လောကေ ဘဂဝါတိ ဝုစ္စတိ` တဲ့၊
လောကလူတွေက လေးစားအပ်တဲ့ ဂုရုကို `ဘဂဝံ` လို့ ခေါ်ကြတယ်။)

   ♦ ဘဂဝါဆိုတာ ဂုရုကိုခေါ်တာတဲ့၊ လောကကြီးတစ်ခုလုံးရဲ့
အလေးပြုအပ်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ပဲ။ မြတ်စွာဘုရားဟာ
ကိုယ်ကျင့်သီလနဲ့ နှိုင်းယှဉ်မယ်ဆိုလည်း သာတဲ့ပုဂ္ဂိုလ်မပြောနဲ့
တူတဲ့ပုဂ္ဂိုလ်တောင် မရှိဘူး။ သမာဓိနဲ့ နှိုင်းယှဉ်လိုက်ပြန်ရင်လည်း
သာတဲ့ပုဂ္ဂိုလ် မဆိုထားနဲ့ တူတဲ့ပုဂ္ဂိုလ်တောင် မရှိဘူး၊ ပညာအားဖြင့်လည်း
သာတဲ့ပုဂ္ဂိုလ် မပြောနဲ့ တူတဲ့ပုဂ္ဂိုလ်တောင် မရှိဘူးလို့ ဒီလိုဆိုလိုတယ်ပေါ့နော်။
ဒါကြောင့်မို့ တစ်လောကလုံးက ဦးညွှတ်လေးစားရတဲ့ ပုဂ္ဂိုလ်သူမြတ်ဖြစ်လို့
ဘဂဝံ လို့ ဒီလိုခေါ်တာ။

   ဣတိပိ သော ဘဂဝါ၊ သောဘဂဝါ - ဘုန်းတော်ကြီးမား
ထိုရှင်မြတ်ဘုရားသည်၊ ဣတိပိ - ဤအကြောင်း ဤအကြောင်းတွေကြောင့်၊
အရဟံ - အရဟဆိုတဲ့ အရည်အချင်း ရှိပါပေ၏။

   ♦ နှလုံးသွင်းတဲ့အခါမှာ အဲဒီလို နှလုံးသွင်းရမယ်။
အကြောင်းနဲ့ ဂုဏ်အရည်အချင်းကို သိရမယ်။
`ဒီပုဂ္ဂိုလ်သူမြတ်ဟာ ဒီအရည်အချင်းတွေ ရှိပါလား။
ဒါကြောင့်မို့ တကယ့် အရဟံပါလား` ဆိုတဲ့အတွေးနဲ့
မြတ်စွာဘုရား ဂုဏ်တော်ကို အမှတ်ရပြီး ဆင်ခြင်စဉ်းစားနေမှုနော်။
သမ္မာသင်္ကပ္ပဆိုတဲ့ အတွေးနဲ့ သတိထားနေတာ၊
သတိကို အဓိကထားပြီး ပြောတာ၊ သတိရှိတယ်ဆိုရင်
ပညာလည်း ဖြစ်လာတယ်။

  ♦ မြတ်စွာဘုရားအကြောင်း ဆန်းစစ်လေ့လာတဲ့အခါမှာ
သြော် - ဒီအကြောင်း ဒီအကြောင်းတွေကြောင့် ဘုရားဟာ
တကယ့် အရဟံပါလားလို့ လက်ခံလာတယ်၊ ကျေနပ်တယ်၊
အဲဒီ ကျေနပ်လာသည်ထိအောင် နှလုံးသွင်းရမှာ။ အရေးကြီးတာက
မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို သိဖို့ ကြိုးစားရမယ်။

  ♦ အဲဒီတော့ စဉ်းစားရမှာက `သော ဘဂဝါ ဣတိပိ အရဟံ၊
သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ` လို့ ပါဠိလို ပြောတယ်။
မြန်မာလိုပြောတဲ့အခါ `တို့ကိုးကွယ်တဲ့ မြတ်စွာဘုရားဟာ
ဒီအချက် ဒီအချက်တွေကြောင့် အရဟံ ဂုဏ်တော်နဲ့ ပြည့်စုံပါပေတယ်` လို့
စိတ်ထဲမှာ သဘောကျလာသည်ထိအောင် အကြိမ်ကြိမ်အထပ်ထပ်
သတိကပ်ပြီး စဉ်းစားဆင်ခြင် သုံးသပ်နေဖို့လိုတယ်။
ဒါကို ဗုဒ္ဓါနုဿတိ ဘာဝနာပွါးတယ်လို့ ခေါ်တာ။

   ♦ အဲဒီလို စနစ်တကျပွားမယ်ဆိုရင် ဂုဏ်တော်ပွါးနေတဲ့ အချိန်မှာ
ရာဂ, ဒေါသ, မောဟ ဆိုတာတွေ ဖြစ်မှာမဟုတ်ဘူးနော်။
အင်မတန်မှ ကြည်နူးဖွယ်ရာတွေ၊ ကျေနပ်စရာတွေပဲ ဖြစ်လာပြီး
သမာဓိရလာမှာ ဖြစ်ပါတယ်။

   ♦ အေး - ဒါကြောင့်မို့ ဘယ်အလုပ်ပဲဖြစ်ဖြစ် စနစ်တကျ လုပ်ရမယ်၊
သိလည်း သိရမယ်၊ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ၊ ဗုဒ္ဓသာသနာမှာ
ဗုဒ္ဓကိုကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာ
ယုံရုံယုံရမှာ မဟုတ်ဘူး။ တကယ်ကို သိရှိနားလည်အောင် လုပ်ကြရမယ် ….။


ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

(မြတ်ဗုဒ္ဓ၏ဂုဏ်တော်ကိုးပါး တရားတော်မှ)

bwar99.blogspot.com