အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Sunday, December 31, 2017

သီတဂူဆရာတော်ဘုရားကြီး



  နှစ်သစ်ကူးလက်ဆောင် မိန့်ခွန်း
♣♣♣♣♣♣♣♣♣♣

၂၀၁၇ ဆိုတဲ့ နှစ်ဟောင်းတစ်ခုဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကုန်သွားပြီ။ တစ်နှစ်ကုန်သွားပြီ၊ တစ်နှစ်ကုန်သွားတော့ နှစ်ဟောင်းကုန်ပြီလို့သာ ပြောကြတယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှာ နှစ်သစ်သို့ ပြောင်းပြီ။ အသစ်သို့ ပြောင်းပြီလို့ ဆိုကြတယ်။ အဲဒီ အသစ်ကကော ဘယ်လောက်ခံမှာလဲ? အသစ်တိုင်း အသစ်တိုင်းဟာ အဟောင်းတွေချည်း ဖြစ်ရမယ်ဆိုတာကို အားလုံး သတိပြုကြဖို့ လိုလိမ့်မယ်။

   မြတ်ဗုဒ္ဓ မိန့်တော်မူတယ် - အချိန်သည် အချိန်ကိုစားပြီးတော့ စက္ကန့်တိုင်းဟာ အချိန်တွေကုန်နေတယ်။ စက္ကန့်တိုင်း စက္ကန့်တိုင်း အဟောင်းတွေ အဟောင်းတွေ ကုန်ဆုံးပြီးတော့ အသစ်တွေ အသစ်တွေ ပြောင်းနေတာ။ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာသဘောအရ အဲဒါကို မြင်အောင်ကြည့်နိုင်တဲ့ သူဟာ အဟောင်းကိုရော အသစ်ကိုရော သူက လွန်မြောက်နိုင်တယ်။ အဟောင်းတွေ ကုန်ပြီဆိုပြီး အသစ်မှာ ပျော်မွေ့နေမယ့်အစား၊ အသစ်လည်းပဲ စက္ကန့်မလပ် သူလည်း အဟောင်းအဖြစ်ပြောင်းလဲနေတယ်၊ မြစ်ထဲမှာ ရေစီးသလို စီးနေတယ်ရေကို ကြည့်လိုက်မယ်ဆိုရင်၊ အဝေးကြည့်တော့ ဒါ မြစ်ကြီးပဲ၊ အနားကပ်ပြီးတော့ တဖြေးဖြေး ကြည့်လိုက်ရင် စီးနေတဲ့ရေကို တွေ့ရလိမ့်မယ်။ မြစ်ထဲကို ခြေတစ်ချောင်းချလိုက်ရင် ခြေထောက်ကို ထိလိုက်တဲ့ ရေသည်၊ ခြေထောက်ရဲ့ အောက်သို့လွန်မြောက်ပြီးတော့ သူ ဟောင်းသွားပြီ ပြောင်းသွားပြီ။ ခြေထောက်မှာ ထိတိုင်းထိတိုင်းသော ရေတွေဟာ အသစ်အသစ်တွေပဲ ဖြစ်တယ်ဆိုတာကို မြင်ကြဖို့ အရေးကြီးတယ်။

   အဲဒါကြောင့် နှစ်သစ်ကူးပွဲ လုပ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ မိနစ်တိုင်း နှစ်သစ်ကူးပွဲ လုပ်လို့ရတယ်။ စက္ကန့်တိုင်း နှစ်သစ်ကူးပွဲ လုပ်လို့ရတယ်။ စက္ကန့်တစ်ခုသည် အဟောင်းဖြစ်ပြီးတော့ နောက်လာတဲ့ စက္ကန့်တစ်ခုဟာ အသစ်ပဲ။ အဲဒါကို မြတ်စွာဘုရားက ကာလသည် ကာလကိုစား၍ ကာလတွေကုန်ခဲ့ပြီ၊ အချိန်ကာလကို နိုင်အောင်စားနိုင်တဲ့ ပုဂ္ဂိုလ်ဟာ လောကမှာ အောင်မြင်သူတစ်ယောက်ဖြစ်တယ်၊ အချိန်ကာလကို နိုင်အောင်စားဆိုတာ ဘာဆိုလိုသလဲဆိုရင် အချိန်ရှိတိုင်း အလုပ်လုပ်နေဖို့ ပြောတာ၊ အချိန်ရှိတိုင်း အလုပ်လုပ်နေလို့ရှိရင် အဲဒီ အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ဟာ အချိန်ကို နိုင်တာပဲ။ အလုပ်မလုပ်မိလိုက်ဘူးဆိုတာနဲ့ တပြိုင်နက် အလုပ်လုပ်နိုင်တဲ့ အချိန်ဟာ ဆုံးရှုံးသွားတာ။ ဒီတော့ ကာလကို နိုင်အောင်စားမယ်ဆိုလိုရှိရင် အဲဒီ ပုဂ္ဂိုလ်မှာ အချိန်ကို နိုင်အောင်စားဖို့ ကာလကို နိုင်အောင်စားဖို့ လိုအပ်တဲ့ အရည်အချင်းတွေ မြတ်ဗုဒ္ဓ ပြောထားတယ်၊ ဟောထားတယ်။

   လူတွေဟာ ဘယ်တိုင်းပြည်က ဘယ်လူမျိုး၊ ဘယ်ဘာသာကိုးကွယ်တဲ့ ဘယ်လူမျိုးပဲဖြစ်ဖြစ် ဘဝကို အနိုင်စားမယ်၊ လောကကို အနိုင်စားမယ်၊ အချိန်ကို အနိုင်စားမယ်ဆိုလို့ရှိရင် - အမြဲတမ်း တက်ကြွနိုးကြားနေရမယ်။ တက်တက်ကြွကြွ နိုးနိုးကြားကြား မရှိခဲ့ရင် အဲဒီပုဂ္ဂိုလ်ကို ကာလက လွမ်းမိုးသွားလိမ့်မယ်။ တက်ကြွနိုးကြားနေတဲ့ ပုဂ္ဂိုလ်သည် ကာလရဲ့တိုက်ပွဲ၊ ဘဝရဲ့တိုက်ပွဲမှာ အောင်မြင်သူတစ်ယောက် ဖြစ်လာနိုင်တယ်။ အမြဲတမ်း တက်ကြွနိုးကြားနေတဲ့ စိတ်ထားရှိရမယ်။ ဒါတစ်ခုတည်းနဲ့ လုံလောက်သလား ဆိုလိုရှိရင် မလုံလောက်ဘူး။ ပြင်းပြသော ဆန္ဒ၊ ကြီးမားတဲ့ မျှော်လင့်ချက်တွေ ရှိရမယ်။ ကြီးမားတဲ့ မျှော်လင့်ချက်လည်း ရှိတယ်၊ ပြင်းပြတဲ့ ဆန္ဒလည်း ရှိတယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ အလိုလို နိုးကြားပြီးပြီ။ ကြီးမားတဲ့ ဆန္ဒလည်း မရှိဘူး၊ ပြင်းပြသော ဆန္ဒလည်း မရှိဘူး၊ ကြီးမားတဲ့ မျှော်လင့်ချက်လည်း မရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်ဟာ ပျင်းရိထိုင်းမိုင်းနေမှာပဲ၊ နိုးကြားတဲ့အရည်အချင်း သူမှာ မရှိနိုင်ဘူး။

   အဲဒါကြောင့် အားလုံး အရေးကြီးတာကတော့ ပြင်းပြသော ဆန္ဒ၊ ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားကြဖို့နဲ့၊ နောက်က နိုးကြားတက်ကြွတဲ့ စိတ်ဓာတ်နဲ့ တွန်းပို့ဖို့ လိုတယ်။ ဒါတင်မဟုတ်သေးဘူး ဆန္ဒကြီးမားတယ်၊ မျှော်လင့်ချက်ကြီးမားတယ်၊ လုံ့လဝီရိယ ပြင်းပြထက်သန်တယ်၊။ ဒါပေမယ့် စောင့်စည်းမှု မရှိရင် ဘဝဟာ ပျက်စီးတတ်တယ်။ စိတ် စောင့်စည်းမှု လိုမယ်၊ နှုတ် စောင့်စည်းမှု လိုမယ်၊ ကိုယ်အမှုအရာ စောင့်စည်းမှု လိုမယ်။ ဆိုလိုတာကတော့ စည်းကမ်း ဥပဒေမှန်သမျှကို လေးစားလိုက်နာခြင်းဟာ စောင့်စည်းမှုပဲ။ ဘဝ စည်းကမ်း၊ လူမှု စည်းကမ်း၊ နိုင်ငံတော်ရဲ့ စည်းကမ်း၊ သာသနာမှာ ဆိုလိုရှိရင် သာသနာ့ စည်းကမ်း။ စည်းကမ်းမှန်သမျှ လိုက်နာကျင့်သုံးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာလည်းပဲ ဘဝကို ကျော်ဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။

   နောက်တစ်ခုက ဘယ်လောက်ပဲ လုံ့လ ဝီရိယ ရှိစေကာမှု၊ ပြင်းပြသော စိတ်ထား၊ တက်ကြွသော စိတ်ထား၊ နိုးကြားသော စိတ်ထား၊ ကြီးမားသော ဆန္ဒ၊ ကြီးမားတဲ့ မျှော်လင့်ချက် ဘယ်လောက်ပဲရှိရှိ၊ ခုနက ပြောထားတဲ့ စည်ကမ်း။ လောကရဲ့ စည်းကမ်းတွေ၊ လူမှုရေး စည်းကမ်းတွေ၊ နိုင်ငံရေး စည်းကမ်းတွေ၊ နိုင်ငံတော်ရဲ့ စည်းကမ်းတွေ၊ ဘာသာ သာသနာတော်ရဲ့ စည်းကမ်းတွေ၊ ဒေသရဲ့ စည်းကမ်းတွေလည်း ရှိသေးတယ်၊ ဒေသခြင်း မတူရင် စည်းကမ်းဥပဒေတွေ၊ ဓလေ့ထုံးစံတွေ မတူတာတွေ အများကြီး ရှိသေးတယ်။ ဒီဒေသမှာ စည်းကမ်းတစ်မျိုးသည် ဟိုဒေသနဲ့ ဆိုင်ချင်မှ ဆိုင်မယ်။ ဟိုအခြားဒေသက စည်းကမ်းတစ်ခုသည် ဒီဒေသနဲ့ ဆိုင်ချင်မှဆိုင်မယ်။ အဲဒါကြောင့်မို့ ရောက်ရာအရပ်က စည်းကမ်းဥပဒေကို လိုက်နာကျင့်သုံးနိုင်မှ ကာလကို နိုင်အောင်စားနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်မယ်။ နို့မဟုတ်လို့ရှိရင် စည်းကမ်းဥပဒေတစ်ခု ဖောက်လိုက်တာနဲ့ ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာ ကျိုးပေါက်ပျက်စီးသွားနိုင်တယ်။

   နောက်လိုအပ်တဲ့ အရည်အချင်းတစ်ခုက ဒမ္မ။ ဒမ္မဆိုတာ ဒ  နဲ့ မ္မ နှစ်လုံးဆင့်နဲ့ ရေးတယ်။ ဓ နဲ့ရေးတဲ့ ဓမ္မ မပြောဘူး။ ဓ နဲ့ရေးတဲ့ ဓမ္မကို ဆိုလိုတာမဟုတ်ဘူး။ ဒ နဲ့ မ္မ နှစ်လုံးဆင့်နဲ့ရေးတဲ့ ဒမ္မက ဘာလဲလို့ဆိုတော့ကာ၊ လူရဲ့ ကိုယ် နှုတ် စိတ် သုံးပါစလုံးဟာ ယဉ်ကျေးရမယ်၊ သိမ်မွေ့ရမယ်၊ လူတကာမြင်လိုက်ရင် လေးစားလောက်သော ကိုယ်အမှုအရာ၊ နှုတ်အမှုအရာ ရှိရမယ်။ ရှေးဟောင်း ဆရာတော်ကြီးတွေ တပည့်တွေကို ဆံုးမတဲ့နေရာမှာ ပြောဆိုတဲ့ စကားတစ်ခုကို ငယ်ငယ်က ရှေးဟောင်းဆရာတော်ကြီး ပြောတဲ့ဟာကို မှတ်သားထားဖူးတာ ရှိတယ်။ `မောင်ပဉ္ဇင်း မင်းကြည့်ရတာ မျက်လုံးကကွာ ကျီးကန်းတောင်းမှောက်သလိုပဲ အိန္ဒြမရဘူး` ကျီးကန်း ခြင်းကြားထဲ မှောက်ထားရင်၊ တောင်းအောက်မှာ မှောက်ထားရင် အဲဒီကျီးကန်း မျက်လုံးကို ကြည့်ကြည်။ လှုပ်လှဲခတ်နေတယ်။ ဥပတိရုပ်သွင်ရဲ့ stablely၊ စိတ်အမှုအရာရဲ့ stablely၊ နှုတ်ရဲ့ stablely၊ မျက်လုံးရဲ့ ကြည့်ပုံကြည့်နည်း stablely၊ တည်ငြိမ်ခံ့ငြားတဲ့ ကာအိန္ဒြရှိဖို့လည်းပဲ လိုအပ်တယ်။ အဲဒါကို ဒမ္မလို့ ခေါ်တယ်။

   ဒီပါဠိတော်အရ ..
(၁) အမြဲတမ်း နိုးကြားတက်ကြွနေရမယ်၊ ကာလကိုနိုင်အောင်စားဖို့၊
(၂) ပြင်းပြသော ဆန္ဒ၊
(၃) ကြီးမားသော မျှော်လင့်ချက်တွေ ထားရမယ်၊
(၄) စည်းကမ်းဥပဒေ၊ သတ်မှတ်ချက်မှန်သမျှ၊ လူ့စည်းကမ်း၊ သာသနာ့စည်းကမ်း၊
     နိုင်ငံ စည်းကမ်း၊ ဒေသစည်းကမ်းတွေအားလုံး စောင့်စည်းလိုက်နာနိုင်ရမယ်၊
(၅) ကိုယ် နှုတ် အမှုအရာ ယဉ်ကျေးသိမ့်မွေ့ပြီးတော့ တည်ငြိမ်ရင့်ကျက်တဲ့ ကာအိန္ဒြရှိရမယ်။

   အဲဒီလို အရည်အချင်းမျိုးရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဘဝကို ပင်လယ်လိုသဘောထားမယ်ဆိုရင်၊ ဘဝပင်လယ်မှာ ဒီပုဂ္ဂိုလ်မျိုး မမြှပ်နိုင်ဘူး။ မုန်းတိုင်းလည်းထန်သောဘဝ၊ လှိုင်းတန်ဖိုးလည်း ပြင်းထန်သောဘဝ၊ ဒီအရည်းအချင်းတွေအားလုံး ရှိကြဖို့ လိုလိမ့်မယ်။ မုန်းတိုင်းဆိုတာ ကိလေသာ၊ ရေလှိုင်းဆိုတာကတော့ ကာမဂုဏ်၊ ကာမဂုဏ်လှိုင်းပုတ်လို့ မြှပ်မသွားရအောင်၊ မုန်းတိုင်းတိုက်လို့ မျောမသွားရအောင်၊ ခုပြောခဲ့တဲ့ အရည်းအချင်းတွေ ရှိကြဖို့ အရေးကြီးပါတယ်။

   နှစ်ဟောင်းမှာပဲ ဖြစ်ဖြစ်၊ နှစ်သစ်မှာပဲ ဖြစ်ဖြစ် ခုပြောတဲ့ အရည်းအချင်းတွေနဲ့ ပြည့်စုံမယ် ဆိုလိုရှိရင်၊ ဒီလို ပညာရှိပုဂ္ဂိုလ်တွေ၊ ဤကဲ့သို့သော ထက်မြက်စူးရှတဲ့ပုဂ္ဂိုလ်တွေ၊ လူစွမ်းကောင်းတွေဟာ ဘဝပင်လယ်ထဲမှာ ကျွန်းတစ်ကျွန်း တည်ဆောက်နိုင်လိမ့်မယ်။ လှိုင်းပုတ်နေတဲ့ ဘဝပင်လယ်၊ မုန်းတိုင်းတိုက်နေတဲ့ ဘဝပင်လယ်မှာ ကျွန်းကလေးတစ်ကျွန်း မှီခိုရာရလိုက်ပြီဆိုလိုရှိရင် ဒီပုဂ္ဂိုလ် မမြှပ်တော့ဘူး၊ မမျောတော့ဘူး။

   သီဟိုဠ်က ဆရာတော်ကြီးတစ်ပါးက ဘယ်လောက်ထိ ပြောသလဲဆိုလိုရှိရင် ခုပြောခဲ့တဲ့ အရည်းအချင်းတွေနဲ့ ပြည့်စုံမယ်ဆိုလို့ရှိရင် ဘဝပင်လယ်ထဲမှာ ကျွန်းတစ်ကျွန်းကို တည်ဆောက်နိုင်ရုံ မကပဲနဲ့ သူရဲ့ ကောင်းကင်ဘုံကိုတောင် သူဖန်ဆင်းနိုင်လိမ့်မယ် လို့ ဆိုတော်မူသွားတာ ရှိပါတယ်။ အဲဒါကြောင့် ကောင်းကင်ဘုံကြီးကိုတောင် ဖန်ဆင်းနိုင်လောက်အောင် ဘဝပင်လယ်မှာ ကျွန်းတစ်ကျွန်း ဖန်ဆင်းနိုင်ဖို့၊ တည်ဆောက်နိုင်ဖို့  ….
နှစ်တစ်နှစ်ဟောင်းလို့ နှစ်တစ်နှစ် နှစ်သစ်သို့ ပြောင်းကြတဲ့ ယခုအခါကာလမှာ အားလုံးသော နိုင်ငံသူနိုင်ငံသား သာသနာထမ်းရှင်ရဟန်းနှင့်တကွ တိုင်းသူပြည်သားရှင်လူအများကို ဘဝပင်လယ်ထဲမှာ ကျွန်းကလေးတစ်ကျွန်းလည်း တည်ဆောက်နိုင်ကြပါစေ၊ စွမ်းနိုင်မယ်ဆိုလို့ရှိရင်တော့ မိမိတို့ လားရာ၊ သွားရာ ကောင်းကင်ဘုံကြီးကို ဖန်ဆင်းနိုင်ကြပါစေလို့ နှစ်ဟောင်းအကုန် နှစ်သစ်အကူးမှာ ဆုထူးတစ်ခုတောင်းပြီးတော့ အားလုံးကို သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ် ….။


သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်ဉာဏိဿရ
(၃၁.၁၂.၂၀၁၇)

မှတ်ချက် …
အသံဖိုင်ကို ကူးယူဖော်ပြတဲ့အတွက် အမှားအယွင်းများရှိခဲ့ပါလျှင်
မေတ္တာရှေ့ထား၍ ခွင့်လွှတ်ပေးကြပါ။


bwar99.blogspot.com

Friday, December 29, 2017

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



နှလုံးသားတောင်ထိပ်က အရဟံစေတီ


မိမိရဲ့ နှလုံးသားတောင်ထိပ်မှာ အရဟံစေတီကြီး တည်ကြရအောင်။ အရဟံဂုဏ်တော်ကို ပွားများဆင်ခြင်နေရင် အရဟံစေတီ တည်တာပါပဲ။

`အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား`

အဲဒါ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီ အဓိပ္ပါယ်သည်ပင်လျှင် အရဟံဂုဏ်တော် ပွားများတဲ့ နည်းလမ်းပါပဲ။ အရဟံဂုဏ်တော်ဆိုတာ ကိလေသာကင်းစင်ခြင်းပဲဆိုတာ သိပြီး ဘယ်လို ပွားများရမလဲလို့ တွေးနေစရာ မလိုပါဘူး။

အရဟံဆိုတာ ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရားလို့ အဓိပ္ပါယ်လေး တစ်ခေါက်သိပြီးတဲ့နောက် အရဟံဂုဏ်တော်ပွားတဲ့အခါမှာ `အရဟံ၊ အရဟံ၊ အရဟံ` နဲ့ အဲဒီလို ပါဠိလိုချည်း ဆက်တိုက်ရွတ်ဆိုရမှာ မဟုတ်ပါဘူး။ ရွတ်လို့လည်း ရတော့ ရပါတယ်။

သို့သော် မိမိက ပါဠိလူမျိုး မဟုတ်တဲ့အတွက်ကြောင့် အရဟံဆိုတာ ကိလေသာကင်းစင်တဲ့သူလို့ အဓိပ္ပါယ်ရတယ်ဆိုတာ သိထားပေမယ့် အရဟံဆိုတဲ့ စကားလုံးသက်သက်ကိုပဲ ထပ်ကာထပ်ကာ ရွတ်တဲ့အခါမှာတော့ ရွတ်တိုင်းရွတ်တိုင်း `ကိလေသာကင်းစင်သူ` ဆိုတဲ့ အဓိပ္ပါယ်ကို သိမြင်မနေတော့ပါဘူး။

ဆိုပါတော့၊ ၁၀၈ လုံး ပုတီးတစ်ပတ် ဆိုရင်ပဲ ၁၀၈ ခေါက်ရှိတယ်။ အဲဒီ ၁၀၈ ခေါက်လုံး အရဟံ၊ အရဟံလို့ ပါဠိသက်သက်ပဲ ရွတ်နေတဲ့အချိန်မှာ ၁၀၈ ခေါက်လုံး `ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` ဆိုတဲ့ အဓိပ္ပါယ်အပေါ်မှာ အာရုံမရောက်တော့ပါဘူး။

ပထမ နှစ်ခေါက်၊ သုံးခေါက်လောက်ကတော့ အရဟံလို့ ဆိုလိုက်တာနဲ့ ကိလေသာတွေ ကင်းစင်တော်မူသော မြတ်စွာဘုရားလို့ အဓိပ္ပါယ်က အာရုံထဲမှာ ထင်ချင်ထင်လိမ့်မယ်။ နောက်အခေါက်တွေ နောက်အခေါက်တွေကျတော့ အရဟံ အရဟံနဲ့ `အ - ရ - ဟံ` ဆိုတဲ့ စာလုံးလေး သုံးလုံးပဲ မျက်စိထဲ မြင်နေတော့တယ်။

ဒါမှမဟုတ်ရင်လည်းပဲ မိမိကြည်ညိုတဲ့၊ မိမိအာရုံယူထားတဲ့ ရုပ်ပွားတော်တစ်ဆူဆူရဲ့ မျက်နှာတော်၊ ဒါမှမဟုတ် စေတီတော်၊ အဲဒီလိုအားဖြင့် မြတ်စွာဘုရားရှင်ရဲ့ စေတီတော်တွေ၊ ရုပ်ပွားတော်တွေ၊ မျက်နှာတော်တွေကိုပဲ မိမိအာရုံထဲမှာ မြင်နေတော့မှာပဲ။ ကိလေသာကင်းခြင်းဆိုတဲ့ ဂုဏ်သတ္တိ၊ ကိလေသာကင်းခြင်းဆိုတဲ့ စိတ်အရည်အသွေးရဲ့အပေါ်မှာ မိမိစိတ်က အာရုံမရောက်တော့ဘူး။

အဲဒီလိုဆိုရင် မိမိရဲ့ အရဟံစေတီဟာ သိပ်ပြီးတော့ ကြည်ညိုဖွယ်ရာ မဖြစ်တော့ဘူး။ သိပ်ပြီးတော့ မသပ္ပာယ်တော့ဘူး။ သိပ်ပြီးတော့ အစွမ်းသတ္တိ မထက်မြက်တော့ဘူး။ သိပ်ပြီးတော့ တန်ခိုးမကြီးတော့ဘူး။

သပ္ပာယ်ပြီး တန်ခိုးကြီးတဲ့ အရဟံစေတီကို တည်မယ်ဆိုရင်တော့ စိပ်ပုတီးစိပ်တာ ဝါသနာပါတဲ့ ပုဂ္ဂိုလ်များကလည်းပဲ `အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` အဲဒီလို အပြည့်အစုံ ဆိုပြီးတော့မှ ပုတီးလေး တစ်လုံးချ၊ နောက်တစ်လုံးကျတော့လည်း `အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` တစ်လုံးချ၊ `အရဟံ` ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊ တစ်လုံးချ။ ပါဠိလိုရော၊ မြန်မာလိုအဓိပ္ပါယ်ရော ပွားများပြီးတော့မှ ပုတီးတစ်လုံးစီ ချသွား။ ပါဠိသက်သက်ပွားများတာထက် ပိုပြီးတော့ အစွမ်းသတ္တိ ထက်မြက်ပါတယ်။

မြန်မာလိုပါ တွဲရွတ်တိုင်းရွတ်တိုင်း မြတ်စွာဘုရားရှင် စိတ်အစဉ်မှာ ကိလေသာတွေကင်းစင်နေတဲ့ သဘောလေးကို အာရုံပြုပြီးတော့ ကြည်ညိုလို့ရပါတယ်။ ဂုဏ်တော်အပေါ်မှာ ကြည်ညိုတဲ့စိတ် ဖြစ်မှလည်းပဲ ဂုဏ်တော်ပွားခြင်းကြောင့် ပီတိပဿဒ္ဓိလို့ခေါ်တဲ့ နှစ်သက်ဝမ်းမြောက်မှု၊ ငြိမ်းအေးမှုဆိုတာ ဖြစ်နိုင်ပါတယ်။

ဂုဏ်တော်အပေါ်မှာ ကြည်ညိုပြီး နှစ်သက်ဝမ်းမြောက် ငြိမ်းအေးနေတဲ့ ပီတိပဿဒ္ဓိ အားကောင်းမှသာလျှင် ဂုဏ်တော်ပွားခြင်းရဲ့ လောကီလောကုတ္တရာ တန်ခိုးသတ္တိတွေကို အပြည့်အဝ ရရှိနိုင်ပါတယ်။

ဒါပေမဲ့ ဘာဝနာဆိုတာကတော့ စိတ်ရဲ့အလုပ်မျှသာ ဖြစ်ပါတယ်။ နှုတ်ရဲ့ အလုပ်လည်း မဟုတ်ပါဘူး။ လက်ရဲ့ အလုပ်လည်း မဟုတ်ပါဘူး။ စိတ်သက်သက်နဲ့ အာရုံပြုပွားများနိုင်လောက်အောင် မိမိက စိတ်စွမ်းရည် မပြည့်ဝသေးဘူးဆိုရင်တော့ ပြင်ပရုပ်ဝတ္တုပစ္စည်းတစ်ခုခုရဲ့ အကူအညီကို ယူပြီးတော့ ပွားများရမှာပေါ့။

စိတ်သက်သက်နဲ့ပဲ ပွားများလို့ ရလာအောင်၊ စိတ်သက်သက်နဲ့ပဲ အာရုံပြုကြည်ညိုလို့ ရလာအောင် မိမိမှာ စိတ်စွမ်းရည်ပြည့်ဝနေပြီဆိုရင်တော့ ပြင်ပရုပ်ဝတ္တုပစ္စည်းတွေရဲ့ အကူအညီ လုံးဝ မလိုအပ်တော့ပါဘူး။ နှုတ်ရဲ့ အကူအညီလည်းပဲ လုံးဝ မလိုအပ်တော့ပါဘူး။ လက်ရဲ့ အကူအညီလည်းပဲ လုံးဝ မလိုအပ်တော့ပါဘူး။

ဘာဝနာပွားတဲ့အချိန်ကို ပြောတာပါ။ ဘာဝနာပွားတဲ့နည်းနဲ့ မဟုတ်ဘဲနဲ့ အခြေအနေအားလျော်စွာ ကိုယ့်ဘာသာကိုယ် ကြည်ညိုလို့၊ ကုသိုလ်ရချင်လို့ အသံထွက်ပြီးတော့ ရွတ်ဆိုချင်တယ်၊ ရွတ်ပွားချင်တယ် ဆိုရင်တော့ နှုတ်အကူအညီ၊ လက်အကူအညီ၊ ပုတီးစတဲ့ ရုပ်ဝတ္တုတစ်ခုခု အကူအညီနဲ့ ရွတ်ဆိုလို့၊ ရွတ်ပွားလို့ ရပါတယ်။

စိတ်သက်သက်နဲ့ ဂုဏ်တော်ပွားခြင်းအားဖြင့် ကိုယ့်နှလုံးသားမှာ တည်လိုက်တဲ့ဘုရားက ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။

ပြင်ပမှာ တည်ထားတဲ့ ဘုရားတွေက အလကားနေရင်း အလိုအလျောက် ကိုယ့်ကို လာပြီး ကောင်းကျိုး မပေးနိုင်ပါဘူး။ ကိုယ့်နှလုံးသားမှာ တည်ထားတဲ့ ဘုရားကမှ ကိုယ့်ကို ကောင်းကျိုးပေးနိုင်ပါတယ်။

ပြင်ပက တန်ခိုးကြီးဘုရားတွေကို ဖူးမြော်ပူဇော်တာဟာ အဲဒီဘုရားတွေကို အာရုံပြုပြီး ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။ ကိုယ့်နှလုံးသားမှာ ဘုရားပြောင်းမတည်ပဲနဲ့တော့ ဘယ်တန်ခိုးကြီးဘုရားကမှ ကိုယ့်ကို မ, မစနိုင်ပါဘူး။

ဂုဏ်တော်တွေကို တစ်ကြိမ်တစ်ခါလောက် ပွားရုံ၊ အကြိမ်နည်းနည်း ပွားရုံနဲ့လည်း တစ်သက်စာ အားကိုးရလောက်အောင် နှလုံးသားထဲက ဘုရားက တန်ခိုးမကြီးသေးပါဘူး။ အကြိမ်ကြိမ်အထပ်ထပ် ပွားမှ တန်ခိုးကြီးလာတာပါ။


ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

(နှလုံးသားတောင်ထိပ်က အရဟံစေတီ မှ)


bwar99.blogspot.com

Thursday, December 21, 2017

မဟာစည်ဆရာတော်ဘုရားကြီး



   မိဘတွေကို ရိုခိုးပါ
♠♠♠♠♠♠♠♠♠♠

   ♦ မြန်မာပြည်မှာတော့
ဓလေ့ထုံးစံမရှိတော့
လူကြီးမိဘများကို
လက်အုပ်ချီပြီးရှိခိုးဖို့ရာ
ဝန်လေးနေကြတယ်။

   ♦ ဘုရားဆင်းတုတော်၊ စေတီတို့၊
ရဟန်းသံဃာတို့လောက်ပဲ
လက်အုပ်ချီရှိခိုးဖို့
လွယ်ကူတတ်ကြတယ်။

   ♦ နတ်ကိုးကွယ်တဲ့ လူတွေမှာတော့
နတ်ကို ရှိခိုးဖို့ရာ လွယ်ကူပါရဲ့။
လူလူချင်းတော့
လက်အုပ်ချီပြီးအရိုအသေပြုဖို့ရာ
ခဲယဉ်းနေကြတယ်။
အဲဒါဟာ ငယ်ငယ်က
အလေ့အထမလုပ်ခဲ့လို့ပါပဲ။
တချို့က မိဘကိုတောင်
ရှိခိုးရမှန်းမသိဘူး ….။

မဟာစည်ဆရာတော်ဘုရားကြီး

bwar99.blogspot.com