အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, September 7, 2017

ယော ဆရာတော်ကြီး



     အဆိပ်ဖြေဆေး
♣♣♣♣♣♣♣♣♣♣

♦ သတိ၊ မေတ္တာ၊ ဤနှစ်ဖြာ၊ လူ့ရွာ အဆိပ်ဖြေ ♦

   သတိနဲ့မေတ္တာဟာ လူ့လောကမှာ အဆိပ်ဖြေဆေးပါ။ သတိဆိုတာက အမှန်မြင်မှသာလျှင် ရနိုင်တယ်။ ကိုယ်တစ်ယောက်တည်း တည့်အောင် နေနည်းကိုလည်း ပြတယ်။ တစ်ယောက်တည်း မတည့်လို့ ဒုက္ခရောက်ရတာလည်း အများကြီး။ သတိဆိုတာ အမှန်မြင်မှပေါ်လာတယ်။ ကိုယ်တစ်ယောက်တည်း နေနည်းကို ပြတယ်။ မေတ္တာဆိုတာ ခန္တီအားကောင်းမှ ရနိုင်တယ်။ အများနှင့် ဆက်ဆံတဲ့အခါ အများနှင့် တည့်အောင် နေနည်းကို ပြတယ်။ ကိုယ်တစ်ယောက်တည်းလည်း တည့်မယ်ဆိုရင် အများနှင့် ဆက်ဆံတဲ့အခါမှာ အများနှင့်လည်း တည့်မယ် အဆင်ပြေမယ်ဆိုရင် စွမ်းအားဆိုတာ ရရော့ပေါ့။ တည်ငြိမ်ရင့်ကျက်အေးချမ်းပျော်ရွှင်စွာ လောကကြီးအတွင်းမှာ နေနိုင်ကြမှာပါ။ ပစ္စုပ္ပန်တည်ငြိမ်တော့ နောင်ရေးအတွက်လည်း စိတ်အေးရပြီးသားပါ။
ဒါကြောင့် ……

♦ အမှန်မြင်ကာ၊ သတိပါ၊ ရွှင်ပျော်အားတက်ပေ ♦

   သတိဆိုတဲ့ အချိန်ထိန်းကိရိယာ၊ အာရုံထိန်းကိရိယာ၊ စိတ်ထိန်းကိရိယာတွေရဖို့ကျတော့ အမှန်မြင်ဖို့လိုတယ်။ စောစောပိုင်းတော့ ခပ်ကြဲကြဲပေါ့။ စားတယ်၊ သောက်တယ်၊ နေတယ်၊ ထိုင်တယ်၊ သွားတယ်၊ လာတယ်၊ မြင်တယ်၊ ကြားတယ် စတဲ့ ကိစ္စခပ်သိမ်းမှာ သတိအမှတ်ကလေးနဲ့ အကွက်ချပြီးတော့ သွားတော့ မှတ်ဖန်များတော့ နောက်ပိုင်း ရှေ့နှင့်နောက် ဆက်စပ်မိသွားမှာပါ။ သတိတွေဟာ အားကောင်းသွားမှာပါ။ သတိဆိုတဲ့ အဆိပ်ဖြေဆေး ပိုင်ပြီးတော့ သွားမှာပါ။

♦ ခန္တီခိုင်မိ၊ မေတ္တာရ၊ မုချအေးချမ်းမှာ ♦

   သည်းခံတဲ့၊ ခွင့်လွှတ်တဲ့၊ သဘောထားကြီးတဲ့၊ နစ်နာခံတဲ့၊ စွန်လွှတ်တတ်ပါတယ်ခေါ်တဲ့ ခန္တီဆိုတဲ့ အမာခံအားကောင်းမှ မေတ္တာဆိုတဲ့ အဆိပ်ဖြေဆေး လက်ကိုင်သုံးနိုင်မှာ။ `သတိကိုကိုင် ကိုယ့်ကိုနိုင် ကြံ့ခိုင်စွမ်းအားပြည့်ဝမယ်` သတိကို ကိုင်မှ ကိုယ့်ကို နိုင်မယ်။ ကိုယ့်ကိုယ်ကို အရှုံးပေးရတာ နည်းမှ မနည်းတော့ပဲ။ အဲဒီ သတိဆိုတဲ့ အဆိပ်ဖြေဆေးလေးကို ကိုင်ထားတဲ့အခါမှာ ကိုယ့်ကိုယ်ကို နိုင်လာတယ်။ ကြံ့ခိုင်တယ်၊ စွမ်းအားတွေ ပြည့်ဝတယ်။ အများတကာ ခလုတ်တိုက်ချော်လဲပြီးတော့မှ ဣနြေ္ဒပျက်စွာ သွားနေရတဲ့ လမ်းမှာ တည်ငြိမ်ရင့်ကျက် အေးချမ်းစွာနှင့် ခလုတ်မထိ၊ ဘေးမထိဘဲနှင့် ရှင်းရှင်းလင်းလင်း စွမ်းအားအပြည့်နဲ့ သွားနိုင်တယ်။

   `မေတ္တာကိုပိုင် သူ့ကိုနိုင် ကြံ့ခိုင်အေးမြ` တဲ့။ မေတ္တာကို ကိုင်တော့ သူ့ကို နိုင်တယ်။ သတိကို ကိုင်တော့ ကိုယ့်ကို နိုင်တယ်။ မေတ္တာကို ကိုင်တော့ သူ့ကို နိုင်တယ်။ သူဆိုတာက တစ်ပါးသော သက်ရှိ ပုဂ္ဂိုလ်သတ္တဝါတွေအားလုံး သူတွေချည်းပဲပေါ့။ မိမိ ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းအကုန်လုံး သူတွေချည်းပဲပေါ့။ အဲဒီသူ အကုန်လုံးကို မေတ္တာက နိုင်တယ်။ ပစ္စည်းကို အသုံးချတော့လည်း မေတ္တာပုံစံလေးနဲ့။ ဒါန၊ သီလ၊ ဘာဝနာစွမ်းအား အမြတ်တွေကျန်အောင် အသုံးချတဲ့အတွက် လက်ထဲက ပစ္စည်းကုန်သွားပေမယ့် မကုန်တဲ့ တရားကျန်အောင် သုံးတတ်ပါတယ်။

   `မေတ္တာကိုပိုင် သူ့ကိုနိုင် ကြံ့ခိုင်အေးမြပေ။ တစ်ယောက်တည်းပင် စွမ်းအားအပြည့် တည့်လိုဘိ သတိဖြင့်သာနေ`

   တစ်ယောက်တည်း ပျော်ပျော်နဲ့ စွမ်းအားအပြည့်နဲ့ တစ်ယောက်တည်း တည့်တည့် ရှိုက်ရှိုက်နေချင်ရင် တစ်ယောက်တည်း တည့်ချင်ရင် တစ်ယောက်တည်း စွမ်းအားအပြည့်နဲ့ ပျော်ပျော်နေချင်ရင် သတိကို လက်မလွတ်ပါစေနဲ့။

   `တစ်ယောက်တည်းပင် စွမ်းအားအပြည့် တည့်လိုဘိ၊ သတိဖြင့်သာနေ၊ အများတကာ ဆက်ဆံရာ မေတ္တာပါမှ အဆင်ပြေ`

   ပတ်ဝန်းကျင်နှင့် ဘယ်သူမှ မကင်းနိုင်ကြဘူး။ မေတ္တာသာ မပါဘူးဆိုရင် လောကအတွင်းမှာ `မတဲ့အတူနေ` ဆိုတဲ့အတိုင်း မလွှဲသာလို့သာ ဆက်ဆံရမယ်။ အေးချမ်းမှုရကြမှာ မဟုတ်ပါဘူး။

   ဒါကြောင့် မေတ္တာဆိုတဲ့ အဆိပ်ဖြေဆေးလေး လက်ခံသုံးစွဲလိုက်မယ်ဆိုရင် အများနဲ့ ဆက်ဆံတဲ့နေရာမှာ အကုန်လုံး အဆင်ပြေတယ်။ စွမ်းအားတွေရတယ်။ တည်ငြိမ်ရင့်ကျက်အေးချမ်းစွာ ဘဝခရီးသွားနိုင်မယ်။
ဒါလေးတော့ လိုက်ဆိုကြပေါ့ …..

-       သတိ၊ မေတ္တာ၊ ဤနှစ်ဖြာ၊ လူ့ရွာအဆိပ်ဖြေ။
-       အမှတ်မြဲသော်၊ သတိခေါ်၊ ရွှင်ပျော်အားတက်ပေ။
-       ခန္တီခိုင်မှ၊ မေတ္တာရ၊ မုချအေးချမ်းပေ။
-       သတိကိုကိုင်၊ ကိုယ့်ကိုနိုင်၊ ကြံ့ခိုင်စွမ်းအားပြည့်ဝပေ။
-       မေတ္တာကိုပိုင်၊ သူ့ကိုနိုင်၊ ကြံ့ခိုင် အေးမြပေ။
-       တစ်ယောက်တည်းပင်၊ စွမ်းအားအပြည့်၊ တည့်လိုဘိ၊ သတိဖြင့်သာနေ။
-       အများတကာ၊ ဆက်ဆံရာ၊ မေတ္တာပါမှ အဆင်ပြေ။


တိပိဋကဓရ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ
ယော ဆရာတော်ကြီး
(မေတ္တာကိုင်စွဲအောင်ရမြဲ တရားတော်မှ)

bwar99.blogspot.com


No comments:

Post a Comment