အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, February 6, 2019

ယော ဆရာတော်ကြီး


   မအားတဲ့အလုပ်တွေသည်ပင် ကုသိုလ်အလုပ်တွေချည်းပါ
♣♣♣♣♣♣♣♣♣♣♣♣♣


   တရားက `အားကြပါ` လို့ မပြောဘူး။
တရားအလုပ်ဆိုတာ အားတဲ့လူတွေရဲ့ အလုပ်လို့ မဟောပါဘူး။
ယူလည်း မယူဆရဘူး။
တရားအလုပ်ဆိုတာ ချမ်းသာချင်တဲ့လူတွေရဲ့ အလုပ်ပါ။
ဒုက္ခ အပူတွေကြောက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အလုပ်ပါလို့ ယူဆမှ မှန်တယ်။
`အားကြပါ` လို့ မပြောဘူး။
တကယ်တော့ မအားတာ မဟုတ်ဘူး။
ရတဲ့အချိန်ကလေး မသုံးတတ်တာကိုပဲ မအားဘူးလို့ ပြောနေကြတာ။
အဲဒီ မအားတဲ့ အချိန်လေးထဲကပဲ မအားတဲ့ အလုပ်ထဲကပဲ
အပ္ပမာဒသတိလေးကို တပ်ဆင်ပေးလိုက်မယ်ဆိုရင်
ဒီမအားတဲ့ အလုပ်တွေပင်လျှင် တရားအလုပ်ပဲ။
နေ့စဉ် အိမ်အလုပ်တွေကို လုပ်နေရတာနဲ့ပင်
ကုသိုလ် ဘာမှ မလုပ်ဖြစ်ဘူးလို့ ညည်းစရာမလိုဘူးတဲ့။
အဲဒီ မအားတဲ့ အလုပ်တွေသည်ပင်လျှင်
အပ္ပမာဒသတိလေး တပ်ဆင်ပေးတဲ့အခါမှာ
အပ္ပမာဒသတိလေး ပါပြီဆိုရင် ဟောဒီ မအားဘဲနဲ့ လုပ်နေရတဲ့
အလုပ်သည်ပင်လျှင် ကုသိုလ်အလုပ်တွေချည်းပါ။
ဘာဝနာ အလုပ်တွေချည်းပါ။
စိုက်စိုက်မတ်မတ်၊ စိတ်ပါလက်ပါ မှတ်၍ မှတ်၍ လုပ်ပါ။
နေ့စဉ် နေ့စဉ် လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးဟာ
တရားအလုပ်ဘောင်အတွင်းသို့ ရောက်သွားပါလိမ့်မယ် ….။


တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဓန္တသိရိန္ဒာဘိဝံသ ယောဆရာတော်ကြီး
(အင်္ဂုလိမာလသုတ္တန် တရားတော်မှ)

bwar99.blogspot.com

Saturday, February 2, 2019

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ


   ဆင်းရဲဟူသမျှ ချုပ်ငြိမ်းရေး
♦♦♦♦♦♦♦♦♦♦♦♦♦
(နိဗ္ဗာန်သို့မှန်း တစ်ကြောင်းလမ်း)


   ♣ လူတွေရဲ့စိတ်ဟာ နေ့စဉ်နဲ့အမျှ ပူလောင်ပြီး ညစ်ထေးနေတယ်။
လောဘဆိုတဲ့ အညစ်အကြေးတွေ၊ ဒေါသဆိုတဲ့ အညစ်အကြေးတွေ၊
မောဟဆိုတဲ့ အညစ်အကြေးတွေ၊ မာန်မာနဆိုတဲ့ အညစ်အကြေးတွေ၊
ဣဿာ မစ္ဆရိယဆိုတဲ့ အညစ်အကြေးတွေကြောင့် စိတ်မဖြူစင်ဘူး၊
စိတ်မဖြူစင်ခြင်းကြောင့် သတ္တဝါတွေဟာ ဆင်းရဲဒုက္ခတွေက မလွတ်နိုင်ကြဘူး။
ညစ်နွမ်းနေကြရတယ်၊ ပူလောင်နေကြရတယ်။

   ♣ အဲဒီ စိတ်ကလေး ဖြူစင်သွားအောင်၊ မကောင်းတဲ့ စိတ်သဘောထားတွေ
ပျောက်သွားအောင်လည်း ဟောဒီ လမ်းကြောင်းကပဲ လျှောက်ရမယ်တဲ့။
ဝိပဿနာကျင့်စဉ်တစ်ခု ကျင့်ရမယ်လို့ ဒီလိုပြောတာ။

   ♣ စိတ်စင်ကြယ်မှုကို ရပြီဆိုတဲ့အခါ ထာဝရချမ်းသာတဲ့ နိဗ္ဗာန်၊
အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ ဆိုတာတွေမရှိတဲ့ နိဗ္ဗာန်ကို
ဘယ်လမ်းက သွားမလဲဆိုရင်လည်း ဟောဒီ ဝိပဿနာလမ်းကပဲ သွားရတယ်။
ဝိပဿနာလမ်း လျှောက်လှမ်းခြင်းအားဖြင့် ဉာယဿ အဓိဂမာယ
နိဗ္ဗာန်လမ်းကြောင်းကို တွေ့ရလိမ့်မယ်တဲ့။ ထိုင်ပြီး ဆုတောင်းနေရုံနဲ့တော့
အခြေအနေကောင်းရုံလောက်ပဲ ဖြစ်မယ်။ နိဗ္ဗာန်လမ်းကြောင်းပေါ် မရောက်နိုင်ဘူး။

   ♣ ဟိုဘက်ကမ်း ကူးချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီဘက်ကမ်းမှာ ထိုင်ပြီး
ဟေ့ ဟိုဘက်ကမ်း ငါ့ဆီလာစမ်းပါ၊ မင်းဘက်ကို ငါကူးချင်တယ် ဆိုရင်
ဟိုဘက်ကမ်းက ဒီဘက်ကို လာပါ့မလား။ ဒါ မြတ်စွာဘုရားပေးတဲ့ ဥပမာနော်။
ဟိုဘက်ကမ်း ရောက်ချင်တယ်ဆိုရင် နည်းလမ်းရှာရမယ်။
နည်းလမ်းရှာတဲ့အခါမှာ စီးစရာ လှေတို့၊ သင်္ဘောတို့၊ ဖောင်တို့၊ ဘာမှ မရှိရင်လည်း
လက်ပစ်ကူးပေါ့။ တစ်ခုခုနဲ့မှ မသွားဘဲနဲ့ ဟိုဘက်ကမ်းရောက်ပါ့မလား။ မရောက်ဘူး။

   ♣ အဲဒီတော့ နိဗ္ဗာနဿ သစ္ဆိကိရိယာယ နိဗ္ဗာန်ဆိုတာကို
တွေ့ချင်တယ်ဆိုရင်လည်း ဒီအလုပ်လုပ်ရမယ်တဲ့။ ဒီတရားကိုပဲ
ကျင့်ကြံကြိုးကုတ် အားထုတ်ပါလို့ ဒီလိုပြောတာ။ ဒီလမ်းက လျှောက်ရင်
နောက်ဆုံးကျတော့ နိဗ္ဗာန်စခန်းပေါက်သွားမှာပဲ။
မြတ်စွာဘုရားက ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ တဲ့
ပုဗ္ဗဘာဂမဂ် လို့ဆိုတဲ့ ဝိပဿနာကျင့်စဉ်ဟာ ဧကာယနော တစ်ခုတည်းသောလမ်းပဲ။
ဟောဒီလမ်းကပဲ လျှောက်လို့ ဒီလိုပြောတာ။

   ♣ အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ငယ်ရွယ်သူတွေပဲ ဖြစ်စေ
စိတ်နှလုံးပူဆာမှု၊ စိတ်နှလုံးညစ်နွမ်းမှုဆိုတာ ဘယ်သူမှ မကြိုက်ဘူး။
အဲဒီ မကြိုက်တဲ့အပူတွေက ကင်းဖို့ရာအတွက် ဝိပဿနာကျင့်စဉ်ဆိုတာ
လူမျိုးဘာသာမရွေး၊ ကျားမ မရွေး၊ အသက်ကြီးငယ် မရွေး
အားထုတ်သင့်တယ်လို့ ဆိုတာပေါ့နော်။

   ♣ အားထုတ်မယ်ဆိုရင် အကျိုးကျေးဇူးတွေ ခံစားရမှာပဲ။
အားမထုတ်ဘူးဆိုရင် တစ်ကွေ့မဟုတ် တစ်ကွေ့
ဒုက္ခတွေ ကြုံပြီးတော့ ဒီပူမှုဆိုတဲ့ သောကတွေကနေ
ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူးတဲ့ ….။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(ဝိပဿနာရှုဖွယ် တောလေးဆယ် တရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်)


bwar99.blogspot.com