အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Sunday, December 30, 2018

ဓမ္မရဝေတောရဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)


   ဘယ်လိုပုံစံနဲ့ နှစ်ဟောင်းကို နှုတ်ဆက်မလဲ
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


   ♦ တိမ်တိုက်ပမာ၊ သံသရာ၊ တွေ့လာတစ်ခဏ။
   ♦ လေကြောင့်ကွဲကွာ၊ ပျက်ရရှာ၊ လျင်စွာပျောက်သွားကြ။
               (တိပိဋက ယောဆရာတော်)


   ဘဝဆိုတာ ကောင်းကင်က တိမ်တိုက်ကလေးတွေလိုပါပဲ။
ခဏတွေ့ပြီး ခဏအကြာမှာ ပျောက်ကွယ်သွားကြတာပါပဲ။

   လူ့ဘဝသက်တမ်းကို ယေဘုယျပြောရရင် (၇၅)နှစ်ပါပဲ။
(၇၅)နှစ် အတွင်းမှာပဲ ပျောက်ကွယ်သွားကြရတာပါ။ ကံကောင်းလည်း
နှစ်ကာလတစ်ခု အလွန်ပါပဲ။

   ပျောက်ကွယ်သွားတဲ့သူတွေက ပျောက်ကွယ်ကုန်ပါပြီ။
မပျောက်ကွယ်သေးတဲ့သူတွေကိုလည်း ပျောက်ကွယ်ဖို့
အချိန်တစ်ခုက ကြိုနေပါပြီ။

   ဟော … ခု မကြာခင်မှာ နှစ်ဟောင်းကို နှုတ်ဆက်ပြီး
နှစ်သစ်ကို ကြိုဆိုရတော့မှာပါ။
ဘယ်လိုပုံစံနဲ့ နှစ်ဟောင်းကို နှုတ်ဆက်မလဲ ….။

   အကုသိုလ်တွေကိုနုတ်ပြီး ကုသိုလ်တွေနဲ့ ဆက်ရမှာပါ။
အမုန်းတွေကိုနုတ်ပြီး မေတ္တာတွေနဲ့ ဆက်ရမှာပါ။
မရိုးသားမှုတွေကိုနုတ်ပြီး ရိုးသားမှုတွေနဲ့ ဆက်ရမှာပါ။
မမှန်တရားတွေကိုနုတ်ပြီး အမှန်တရားတွေနဲ့ ဆက်ရမှာပါ။

   ဆိုင်ရာမဂ်တစ်ခုခု မရသေးသရွေ့တော့ …
အကုသိုလ်တွေက မနှစ်သက်တဲ့ အာရုံတွေ တွေ့ကြုံတိုင်း ဖြစ်ဖြစ်နေရဦးမှာပါ။
ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကို ဖြစ်ပေါ်လာတဲ့အတိုင်း သတိကပ်
သိလိုက်ရင်ပဲ သတိပဋ္ဌာန်ကုသိုလ်တွေ ပြန်ဖြစ်သွားတာပါ။
အကုသိုလ်ကနေ ကုသိုလ် ဖြစ်သွားတဲ့သဘောပါ။

   စိတ်ခံစားမှုတစ်ခုကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ စကားတစ်ခွန်းကြောင့်တော့
ပါရမီဖြည့်ဖက် ဓမ္မမိတ်ဆွေတွေဟာ ကွာဝေးသွားတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။
ပုထုဇဉ်စိတ်ရဲ့ အခိုက်အတန့်တစ်ခုပါပဲ။ ဆိုလိုတာကတော့
အတိတ်ပါရမီဆုတောင်း အဆက်ဆက်ရှိခဲ့သူတွေဟာ စကားတစ်ခွန်းကြောင့်တော့
ကွာဝေးမသွားသင့်ပါဘူး။ ပါရမီဖြည့်စရာတွေ ကျန်နေသေးသလို
နိဗ္ဗာန်ရောက်မှပဲ အပြတ်ထာဝရ ကွာဝေးသွားတာပဲ ကောင်းပါတယ်။

   ပါရမီဖြည့်ဖက် မဟုတ်သူတွေကတော့ စကားတစ်ခွန်းကြောင့်ပဲ
ယုံကြည်မှုတွေ ကွာဝေးသွားနိုင်ပါတယ်။ သတိထားစရာတွေပါပဲ။

   တွေးတဲ့အခါ တစ်ယောက်တည်း တွေးရတာဖြစ်တဲ့အတွက်
သိပ်ပြဿနာ မရှိလှပေမယ့် စကားပြောတဲ့အခါမှာတော့
အများနဲ့ ဆက်ဆံရတာဖြစ်တဲ့အတွက် အတော် သတိထားနိုင်မှ
တော်ကာကျတော့မှာပေါ့။

   တိမ်တိုက်ကလေးတွေဟာ လေကြောင့်ပဲ ပေါင်းမိပြီး လေကြောင့်ပဲ
ကွာဝေးသွားကြသလို ဘဝဆိုတာကလည်း တိမ်တိုက်ကလေးတွေလိုပါပဲ။
ကံကြောင့်ပဲ တွေ့ပြီး ကံကြောင့်ပဲ ကွာဝေးသွားကြရတာပါ။
အထူးသဖြင့် ယုံကြည့်မှုတွေ ကွာဝေးမသွားဖို့ပါပဲ။ ကာလတိုလေးတစ်ခုမှာ
ပါရမီကောင်းတော့ အတူတကွ ဖြည့်နိုင်ဖို့ပါပဲ။

   နိုင်ငံခေါင်းဆောင်တွေ နိုင်ငံရေးခေါင်းဆောင်တွေ နှစ်ဟောင်းကို
ဘယ်လို နှုတ်ဆက်မလဲ၊ စိတ်ဝင်စားစရာပါပဲ။
အကောင်းဆုံးနှုတ်ဆက်ခြင်းတွေနဲ့ နှုတ်ဆက်နိုင်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။

   ဘာပဲပြောပြော နှစ်ဟောင်းကို နှုတ်ဆက်တဲ့နေရာမှာ
အကုသိုလ်တွေကို နုတ်ပြီး ကုသိုလ်တွေနဲ့ ဆက်လိုက်ဖို့ပါပဲလေ …။


ဓမ္မရဝေတောရဆရာတော်
အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

ကျမ်းကိုး …
တိပိဋက ယောဆရာတော်၏
ဓမ္မလက်ဆောင် (၃၅)


bwar99.blogspot.com

No comments:

Post a Comment