အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Friday, April 28, 2017

ကံ ......

ပြင်ဆင်ထား....

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

     ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

   လောကလူတွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးကို သိပ်မထားကြဘူး။ နှိမ့်ချပြီးတော့ တွေးကြတယ်နော်။ ယုံပြီဆိုရင် အကုန်လုံး ပုံအပ်ပြီးတော့ ကိုယ့်ရဲ့အသိဉာဏ်၊ ကိုယ့်ရဲ့စိတ်ဓာတ်ကို တန်ဖိုးမထားတော့ဘူး၊ ဒါမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရား ကိုယ်တိုင်ကလည်း ဟောထားတာလေ။ " အတ္တာ ဟိ အတ္တနော နာထော ” တဲ့။ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာ ဖြစ်တယ်၊ ကိုယ့်ဟာကိုယ် အားကိုးရမယ်၊ " အတ္တနာဟိ သုဒန္တေန နာထံ လဗ္ဘတိ ဒုလ္လဘံ ” ကိုယ်ကိုယ်တိုင် စိတ်ယဉ်ကျေးအောင်လုပ်မှ အားကိုရာတရားဆိုတာ အစစ်အမှန်ကို ရနိုင်တယ်၊ တွေ့နိုင်တယ်လို့ ဒီလို ပြောတာ။

   ဒါကြောင့်မို့ လောကလူတွေရဲ့ ဒီဘဝခရီးကို ဦးဆောင်ပြီးတော့ ကြီးပွားတိုးတက်နိုင်တဲ့ အရည်အချင်းဟာ အတွင်းမှာပဲရှိတယ်၊ အပြင်မှာ မရှိဘူး။ အပြင်က အကူအညီလေးပဲ ရှိတယ်နော်။ ဒါ ဘယ်လို စဉ်းစားရမတုန်းဆို စဉ်းစားကြည့်လေ၊ ကလေးလေးတစ်ယောက် စာတတ်အောင်၊ တော်အောင်လို့ ကျောင်းထားတယ်၊ ဆရာကောင်းနဲ့၊ ပိုက်ဆံလည်း အင်မတန် အကုန်အကျကြီးတဲ့ကျောင်းမှာ သွားထားတယ်၊ ဒါပေမယ့် သူ မကြိုးစားဘူးဆိုရင် မရဘူး၊ အပြင်ဘက်က ဘယ်လောက်ကောင်းကောင်း သူကိုယ်တိုင်က မကြိုးစားဘူး၊ သူ့ရဲ့စိတ်ဓာတ်ကို မပြင်ဘူး၊ သူကိုယ်တိုင် မလုပ်ဘူးဆိုရင် ဘာမှမရဘူး။ ဒါက အင်မတန်မှ ထင်ရှားတယ်၊ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို အားကိုးရမယ်။

   ကိုယ့်ကိုယ်ကို အားကိုဆိုတဲ့နေရာမှာ အပြင်ဘက်က အကြောင်းတရားကိုလည်း ကိုယ်ရအောင် ယူရမယ်။ ဆရာဆိုတာ နည်းလမ်းပြတယ်၊ သင်ကြားပေးတယ်၊ မှတ်ယူပြီးတော့ ကြိုးစားဖို့က ကိုယ့်တာဝန်၊ အဲဒါကြောင့်မို့ ကိုယ်ကိုယ်ကို အလေးထားပြီးတော့၊ ကိုယ့်ကိုယ်ကို ထိပ်တန်းထားပြီးတော့ ပြင်ရမယ်။ ကိုယ့်ကိုယ်ကို ထိပ်တန်းထားပြီးတော့ ဆင်ခြင်စဉ်းစားပြီးတော့ ကောင်းအောင်ပြင်ရမယ်။

   နောက်တစ်ခု ရှိသေးတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုပြင်မလဲ?- " ငါဟာ အခု ဒီဘဝမှာ ကုသိုလ်ကောင်းမှု လုပ်ခွင့်ရတယ်၊ ဒီဘဝမှာ ငါ ကုသိုလ်မလုပ်လိုက်ဘူးဆိုလို့ရှိရင် ငါသေသွားလို့ရှိရင် ငရဲကျသွားနိုင်တယ်၊ တိရစ္ဆာန်ဖြစ်နိုင်တယ်၊ ပြိတ္တာဖြစ်နိုင်တယ် ”။ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ ရောက်သွားလို့ရှိရင် - ကိုယ့်မျက်စိအောက်မှာ ကြည့် - ကြက်ကလေးတွေ၊ ဝက်ကလေးတွေ ဘယ်လိုလုပ် တရားနာနိုင်မတုန်း၊ ဘယ်လိုလုပ်  တရားနှလုံးသွင်းနိုင်မတုန်း။ " ဒီဘဝမျိုးဆိုရင် ငါ တရားနာချင်လို့လည်း မရဘူး၊ တရားကျင့်ချင်လို့လည်း မရဘူး။ အခု တရားကျင့်နိုင်တဲ့ဘဝမှာ ငါကျင့်မှပဲ ” ဒါ ကိုယ့်ကိုယ်ကို စဉ်းစားတာ။ " ဒီဘဝမှာ မလုပ်ဘူးဆိုလို့ရှိရင် သံသရာမှာ ငါလုပ်ဖို့ အခြေအနေတွေ ရချင်မှ ရမှာ၊ ဒါကြောင့်မို့ ဒီဘဝပဲ ငါလုပ်မှာပဲ ” လို့ စိတ်ထဲက ဒီလို နှလုံးသွင်းပြီးတော့ ကြိုးစားရမယ်။

   နောက်တစ်ခုက " ကာမဂုဏ်အာရုံဆိုတာ ဘယ်ဘဝမဆို ခံစားကြရတာ၊ တိရစ္ဆာန်တွေလည်း တိရစ္ဆာန်အတိုင်းအတာအလိုက် ခံစားတာပဲ၊ လူတွေလည်း လူတွေရဲ့ အတိုင်းအတာအလိုက် ခံစားတာပဲ။ အဲဒီ ခံစားမှုကြီးကိုပဲ အဟုတ်ကြီးထင်ပြီးတော့ ဒါတွေနဲ့ နစ်မြုပ်ပြီးတော့နေမယ်ဆိုရင် ငါ့မှာ ရသင့်ရထိုက်တဲ့ အသိပညာတွေက လက်လွတ်ဆုံးရှုံးလိမ့်မယ်၊ အဲဒီတော့ ဒါတွေကို လက်လွတ်ဆုံးရှုံးခံလို့ မဖြစ်ဘူး ” ဟော စဉ်းစားပုံလေးတွေက အမျိုးမျိုးနော်။

   ဘုရားလောင်း သုမေဓာ ဆင်ခြင်စဉ်းစားတာကြည့်၊ သုမေဓာဆိုတာ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး။ ခုခေတ် ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်ဘဝကိုစွန့်တာ မဆန်းဘူး၊ ဘဝမှာ အဆင်ပြေပြီးတော့ တကယ် ထိပ်တန်းကျတဲ့ပုဂ္ဂိုလ်က ဒါတွေကိုစွန့်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ၊ ဘုရားလောင်း သုမေဓာသူဌေးသားလေးဟာ ဘိုးဘွားမိဘတွေ လက်ထက်ကတည်းက စုဆောင်းလာတဲ့ ရတနာသိုက်တွေဟာ နည်းတာ မဟုတ်ဘူး။ မိဘတွေ မရှိတော့တဲ့နောက် ဒီရတနာတွေ သူ့လက်ထဲရောက်တော့ သူစဉ်းစားပုံလေးကြည့် - ဒီရတနာတွေ ရှာဖွေစုဆောင်းတာ စာရင်းနဲ့ဘာနဲ့ မှတ်ထားတယ်။ " ဒါက ဘယ်အဘိုး လက်ထက်က၊ ဒါက ဘယ်အဘွား လက်ထက်က၊ ဒါက အဘိုးပစ္စည်း၊ ဒါက အဘွားပစ္စည်းဆိုပြီး စာရင်းဇယားတွေနဲ့ ဆွေ ၇-ဆက် မျိုး ၇-ဆက်က ပစ္စည်းတွေ ” ဆိုပြီး ပြတယ်။ ဒီတော့ သူက ဆက်ပြီး စဉ်းစားတယ်။ " ပစ္စည်းရှာတဲ့ပုဂ္ဂိုလ်တွေက အခု မရှိကြတော့ဘူး၊ သူတို့ရှာသွားတဲ့ ပစ္စည်းတွေပဲ ကျန်ရစ်တယ်၊ ဒီပစ္စည်းတွေကို ငါ သုံးမသွားနိုင်ဘူးဆိုရင် ငါလည်းဒီလိုပဲ ထားခဲ့ရမှာပဲ၊ ပစ္စည်းရှာသွားတဲ့ပုဂ္ဂိုလ်တွေ မရှိတော့ဘဲနဲ့ ပစ္စည်းတွေသာ ကျန်ရစ်တယ်။ သူတို့ရှာသွားတဲ့ပစ္စည်း သူတို့ သုံးမသွားရဘူး၊ ငါကတော့ ငါပိုင်တဲ့ ပစ္စည်းတွေ အားလုံးသုံးမယ် ” လို့ - ဘယ်နည်းနဲ့ ယူသွားလို့ရှိရင် ရနိုင်မလဲလို့ ဆင်ခြင်စဉ်းစားကြည့်တာ။

   ဒီလောက်ကတော့ တရားနာ ပရိသတ်တွေ ဆင်ခြင်စဉ်းစားကြည့်ပေါ့။ ကိုယ့်မှာ စိန်တွေ ရွှေတွေ ပိုင်တယ် ဆိုလို့ရှိရင် နောက်ဘဝကို ဒါတွေယူသွားလို့ ရမလား၊ မရဘူးလား။ အားလုံးထားပစ်ခဲ့ရတာနော်။ အဲဒီတော့ ထားပစ်ခဲ့ရတာ သေချာသည့်အတွက်ကြောင့် ဒါတွေကို ယူသွားချင်ရင် ဘာလုပ်ရမတုန်းဆို " ဒီကနေ ဖြစ်ပေါ်လာတဲ့ ကုသိုလ်ကောင်းမှုကို ယူသွားလို့ရတယ်၊ ဒီတော့ ပစ္စည်းကို စွန့်လှူပြီးတော့ ရတဲ့ ဒါနကောင်းမှုပဲ ယူသွားမယ်၊ ဆောက်တည်လို့ရတဲ့ သီလကောင်းမှုပဲ ယူသွားမယ်၊ တရားဓမ္မ နှလုံးသွင်းလို့ရတဲ့ ဘာဝနာကောင်းမှုပဲ ယူသွားမယ် ” တဲ့။ " ဒီပစ္စည်းတွေက ယူလို့ရတာတွေ မဟုတ်ဘူး၊ အဲဒီတော့ ယူလို့မရတဲ့ ပစ္စည်းတွေကို စောစောကတည်းက စွန့်ပြီးတော့ ကိုယ်စွန့်ခြင်းဖြင့် ရလာတဲ့ ဒါနကောင်းမှုကိုပဲ ငါ ယူမယ် ” လို့ အဲဒီလို စဉ်းစားပြီးတော့ သူပိုင်တဲ့ပစ္စည်းတွေအားလုံး စွန့်ပစ်လိုက်တယ်၊ စွန့်ပြီးတော့ တောကြီးထဲ ထွက်ပြီးတော့ သူ တရားကျင့်တယ်ပေါ့။ အဲဒီကျမှ ဒီပင်္ကရာဘုရားနဲ့ တွေတယ်။

   စဉ်းစားပုံချင်း မတူဘူး၊ သာမန်ပုဂ္ဂိုလ်ဆိုရင် ဘယ်လိုစဉ်းစားမတုန်း၊ " ငါ့ဒီပစ္စည်းတွေ တစ်သက်လုံး မကုန်ဘူး၊ ပျော်ချင် ပါးချင်တိုင်း ပျော်ပါးမယ် ” " ဒီပစ္စည်းတွေ သုံးဖြုန်းပြီး ဒီဘဝမှာ ဒီလိုနေသွားမယ် ” လို့ ဒီလိုပဲ စဉ်းစားမှာပေါ့။ သုံးဖြုန်းပျော်ပါးသွားလို့ရှိရင် ကုသိုလ်က မရလိုက်ဘဲနဲ့ ပစ္စည်းတွေသုံးတာတော့ ဒီဘဝမှာ သုံးလို့လည်းရမယ်၊ ဖြုန်းလို့လည်းရမယ်၊ သို့သော် သုံးတယ် ဖြုန်းတယ်ဆိုတဲ့အချိန်မှာ ဘာတွေက တက်လာတုန်းဆို လောဘတွေ တက်လာတယ်၊ ဒေါသတွေ တက်လာတယ်၊ ကာမဂုဏ်အာရုံစိတ်တွေပဲ တိုးတက်လာတယ်။ အဲဒါတွေက လူကို ဆွဲချသွားတာ။ ပစ္စည်းပေါ်မှာ တွယ်တာမှုတွေက လူကို ဆွဲချသွားလိုက်တယ်။ နောက်ဆုံးမှာ နိမ့်ကျတဲ့ဘဝတစ်ခု ရောက်သွားမယ်။ ဒါကြောင့်မို့. " အတ္တာနံ ယေဝ အဓိပတိံ ကတွာ ” ကိုယ့်ကိုယ်ကို အလေးထားဆင်ခြင် စဉ်းစားပြီးတဲ့အခါမှာ အကုသိုလ်တွေဖယ်ဖို့ ကြိုးစားရမယ်တဲ့။ ကုသိုလ်တရားတွေ ပွားများအားထုတ်ဖို့ ကြိုးစားရမယ်တဲ့။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

(အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
တရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်)

စာရိုက်ပူဇော်သူ Admin Team of နိဗ္ဗာန်ဆော်

bwar99.blogspot.com

Monday, April 24, 2017

ဘာသာမပြန်နိုင်တဲ့ စာသားတွေအပြည့်


ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ

ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

     ဝက်သေ နှင့် လူသေ
😃😃😃😃😃😃😃😃😃😃

🐷🐷

လောကမှာ
ဝက်သေရယ်၊ လူသေရယ်လို့
သေနည်း နှစ်မျိုး ရှိတယ်။
ယောဂီတို့က ဘာအသေနဲ့ သေချင်လဲ။

ကာမဂုဏ်အာရုံကို ခံစားရင်းနဲ့၊
ကာမဂုဏ်အာရုံကို တမ်းတရင်းနဲ့
သေသွားရင်တော့
ဝက်သေ သေတာပဲ။
သား တမ်းတ၊ သမီး တမ်းတ၊
ဟိုအာရုံ စွဲလမ်း၊ ဒီအာရုံ စွဲလမ်း၊
ဟိုအပျော် ခုံမင်၊ ဒီအပျော် ခုံမင်၊
ဟိုလူ့ သတိရ၊ ဒီလူ့ သတိရပြီးတော့
သေသွားရင်တော့
ဝက်သေ သေတာပဲ။
ကိလေသာအာရုံ၊ အကုသိုလ်အာရုံနဲ့
သေသွားရင်.....
ဝက်သေ သေတာပါပဲ။

လူဆိုတာ ကုသိုလ်ကြောင့်
လူဖြစ်လာတာမို့
ကုသိုလ်အာရုံလေး တစ်ခုခုနဲ့
သေသွားရင်တော့
လူသေ သေတယ်လို့ ခေါ်ပါတယ်။
တရား အာရုံ၊ ကုသိုလ် အာရုံနဲ့
သေသွားရင်
လူသေ သေတာပါပဲ။
ဒါကြောင့်....
ဝက်သေ မသေပါစေနဲ့၊
လူသေ သေအောင် ကြိုးစားကြပါ။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

bwar99.blogspot.com

Monday, April 10, 2017

ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

   စိတ်ငြိမ်းချမ်းအောင်နေထိုင်နည်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

🌷🌷🌷

   လောကလူသားတွေဟာ ဘဝမှာ လောကဓံတရားအမျိုးမျိုးကို ကြုံတွေ့ကြရတာချည်းပါပဲ။ ဒီလိုကြုံတွေ့ကြရတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပြီး တတ်နိုင်သမျှ စိတ်ငြိမ်းချမ်းအောင် နေတတ်ဖို့ လိုပါတယ်။ စိတ်ပူလောင်ပင်ပန်းနေရတာနဲ့အမျှ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အပြင် အကုသိုလ်ဖြစ်မှန်းမသိဘဲနဲ့လည်း အကုသိုလ်ဖြစ်နေကြရတာပါ။ ဒါကြောင့် ပစ္စုပ္ပန်အတွက်ရော သံသရာအတွက်ပါ ဆိုးကျိုးဖြစ်စေတဲ့ စိတ်ရဲ့အညစ်အကြေးတွေ၊ ပူလောင်ဆင်းရဲမူတွေကို ဘယ်လိုဖယ်ရှားမလဲ၊ စိတ်ငြိမ်းချမ်းတည်ငြိမ်အောင် ဘယ်လိုကျင့်ကြံနေထိုင်မလဲဆိုတာကို သိချင်တဲ့အတွက် ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) ကို လျှောက်ထား မေးမြန်းဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ထဲမှာရှိပြီး အေးချမ်းသာယာလှပတဲ့ ဓမ္မရဝေတောရကျောင်းလေးမှာ ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ) က စာရေးသူကို မိန့်ကြားတော်မှုခဲ့တဲ့ စိတ်ငြိမ်းချမ်းအောင် နေထိုင်နည်းလေးတွေအကြောင်း စာဖတ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

     ဆွေဆွေမျိုးနိုင် (ဆေးဝါးတက္ကသိုလ်)

🌷🌷🌷

Q. လူသားတွေရဲ့စိတ်မှာ ပူလောင်မှုတွေက ဘာကြောင့်ဖြစ်လာပါလဲ ဘုရား...

A. ပူလောင်မှုတွေဖြစ်လာတာဟာ ကိုယ့်ရင်ထဲမှာ အကုသိုလ်တွေ ဝင်လာလို့ပါပဲ။ ဣဿာမစ္ဆရိယတွေ၊ ဒေါသတွေ၊ အာဃာတတွေ၊ သောကတွေ၊ ပရိဒေဝတွေစတဲ့ အကုသိုလ်တွေကြောင့် စိတ်တွေက ပူလောင်သွားတာပါ။ ဒါက လိုရင်းအနှစ်ချုပ်ပါ။ ကျန်တာတော့ ကိုယ်ဘာသာကိုယ် ချဲ့တွေးလို့ ရပါတယ်။

Q. စိတ်ကို ပူလောင်စေတဲ့ အရာမှန်သမျှဟာ အကုသိုလ်ဖြစ်ပါသလားဘုရား...

A. စိတ်ကို ပူလောင်စေတဲ့အရာမှန်သမျှဟာ အကုသိုလ်ဖြစ်ပါတယ်။ သောကပရိဒေဝ ဖြစ်ရင်တောင်မှ အဲဒါအကုသိုလ်ပဲ။ ဥပမာ ထားပါတော့၊ ကိုယ့်မိဘဆုံးသွားလို့ သောကဖြစ်နေမယ်ဆိုလို့ရှိရင် ဒါလည်း အကုသိုလ်ပဲ။ ကိုယ့်သူငယ်ချင်းတစ်ယောက်ယောက်၊ ကိုယ့်မိတ်ဆွေတစ်ယောက်ယောက် ဆုံးရှုံးနစ်နာမှုဖြစ်သွားလို့ သောကတွေ၊ စိတ်မကောင်းမှုတွေ ခံစားနေရရင် ဒါလည်း အကုသိုလ်ပါပဲ။ ကြီးမားတဲ့ အကုသိုလ်တော့ မဟုတ်ဘူးပေါ့။

Q. စိတ်ကို ပူလောင်စေတဲ့ အရာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖယ်ရှားပစ်လို့ ရပါသလဲ ဘုရား...

A. စိတ်ကို ပူလောင်စေတဲ့အရာတွေကို ဖယ်ရှားနည်းကတော့ လောကီရေးရာပိုင်းမှာရော၊ လောကုတ္တရာရေးရာပိုင်းမှာရော ရှိပါတယ်။ ဦးပဉ္ဇင်းလည်း စိတ်အေးချမ်းအောင် ဘယ်လိုနေရမလဲဆိုတာ အမြဲတမ်း စဉ်းစားပါတယ်။ လောကီရေးရာပိုင်းမှာဆိုရင် ဆရာနန္ဒာသိန်းဇံတို့၊ ဆရာဖေမြင့်တို့ရေးတဲ့ စာအုပ်တွေကို ဖတ်လို့ရှိရင် စိတ်မှာ အေးချမ်းသွားတာပဲ။ ကိုယ်က စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှုကို လိုချင်တဲ့အခါကျတော့ ဥပမာ ဦးပဉ္ဇင်းကျောင်းမှာ တရားစခန်း ဖွင့်တယ်။ တရားစခန်း ရောက်လာတဲ့လူတွေကို တရားအားထုတ်လို့ရတဲ့ စိတ်ငြိမ်းချမ်းမှုအပြင် ကျန်တဲ့ စိတ်အေးချမ်းမှုလေးတွေလည်းရအောင် စီစဉ်ထားပါတယ်။ ဓမ္မရုံကြီးရဲ့ရှေ့မှာ သနပ်ခါးပင်လေးတွေ ရှိတယ်။ သနပ်ခါးပင်တန်းဘေးမှာ ၁၂၄ ပေအရှည်ရှိတဲ့ အစိမ်းရောင် ခုံတန်းရှည်ကြီးကို လုပ်ထားတယ်။ အဲဒီခုံတန်းရှည်ရဲ့ထိပ်မှာ မြက်ခင်းပြင်အကျယ်ကြီး ခင်းထားလိုက်တယ်။ အဲဒီမြက်ခင်းရဲ့ထိပ်မှာ စေတီရှိတယ်။ အဲဒီတော့ နောက်ကျောမှာ အစိမ်းရောင်သနပ်ခါးပင်တန်း၊ ထိုင်နေတဲ့ ခုံတန်းရှည်ကြီးက အစိမ်းရောင်၊ ရှေ့ဆက်ကျော်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ရွှေတိဂုံပုံစံတူ စေတီတော်ရှိတယ်။ အဲဒီတော့ တရားစခန်းဝင်တဲ့သူတွေဟာ အပြင်မှာ ဘယ်လောက်ပဲ သောကတွေ ရောက်ခဲ့ ရောက်ခဲ့၊ အဲဒီ ခုံတန်းရှည်ကြီးမှာ ခဏတစ်ဖြုတ်ထိုင်လိုက်လို့ရှိရင် ၁၀မိနစ်၊ ၁၅ မိနစ်လောက်လေးပဲဖြစ်ဖြစ် စိတ်အေးချမ်းမှုရစေချင်တဲ့အတွက် အဲဒီလို စီစဉ်ထားတာပါ။ တစ်ခါတလေ ဦးပဉ္ဇင်းလည်း စိတ်ပင်ပန်းရင်၊ စိတ်ညစ်ရင် အဲဒီခုံတန်းရှည်မှာ သွားထိုင်တယ်။ အဲဒီတော့ လောကီသဘာဝနည်းတွေနဲ့လည်း အတိုင်းအတာတစ်ခုထိ စိတ်အေးချမ်းမှု ဖြစ်စေပါတယ်။
   ငယ်ငယ်ကတော့ လိုချင်တာတွေ အများကြီးရှိပါတယ်။ အခုနေအခါမှာတော့ ဒီဘဝ နိဗ္ဗာန်လည်း ရမှာမဟုတ်သေးတော့ စိတ်ချမ်းသာမှုကိုပဲ နံပါတ်တစ်အနေနဲ့ လိုချင်တယ်။ မကြာခဏ စဉ်းစားဖြစ်ပါတယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ၊ ရောက်နေတဲ့ အနေအထားတွေက စိတ်ချမ်းသာမှုကို ဘယ်လိုမှ မပေးနိုင်ဘူးဆိုတာ တဖြည်းဖြည်း သိလာရတယ်။ ပိုက်ဆံတွေ၊ အောင်မြင်မှုတွေနဲ့ စိတ်ချမ်းသာမှု တစ်ခုယူပါဆိုရင် စိတ်ချမ်းသာမှုပဲ ယူမယ်။
   လောကုတ္တရာရေးရာပိုင်းမှာတော့ လိုရင်းအနှစ်ချုပ်က စိတ်ငြိမ်းချမ်းမှုအတွက် တစ်ကြောင်းတည်းသောလမ်းပဲ ရှိပါတယ်လို့ မြတ်စွာဘုရားက ဟောထားပါတယ်။

  ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ သောက ပရိဒေဝါ နံ သမတိက္ကမာယ ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ

   သောကပရိဒေဝတွေကနေ လွတ်မြောက်ဖို့၊ စိတ်ဆင်းရဲမှုတွေ၊ ကိုယ်ဆင်းရဲမှုတွေ ချုပ်ငြိမ်းကွယ်ပျောက်ဖို့အတွက် တစ်ကြောင်းတည်းသောလမ်းပဲ ရှိပါတယ်။ အဲဒီတစ်ကြောင်းတည်းသောလမ်းက ဘာလဲဆိုတော့ သတိပဋ္ဌာန်လမ်းပါပဲ။ အဲဒီတော့ အဓိကကတော့ စိတ်ငြိမ်းချမ်းမှုအတွက်ဆိုရင် သတိပဋ္ဌာန်တရားကို အားထုတ်ရမှာပါ။
   အားထုတ်ဖို့အတွက် သမထနဲ့ ဝိပဿနာတရားရယ်လို့ ရှိတာဆိုတော့ ချက်ချင်းကြီး ဝိပဿနာတရားကို အားမထုတ်နိုင်သေးရင်တောင်မှ သမထကမ္မဋ္ဌာန်းလေးဆယ်ထဲက တစ်ခုခုကို ပွားရင်လည်းပဲ စိတ်ငြိမ်းချမ်းမှုကို ရပါတယ်။ သမထကမ္မဋ္ဌာန်းကနေ တစ်ဆင့်တက်ပြီးတော့ ဝိပဿနာတရားကို အားထုတ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။

Q. ဘဝမှာ အခက်အခဲ အကျပ်အတည်း အမျိုးမျိုးကြားထဲက စိတ်ငြိမ်းချမ်းအောင်နေတတ်ဖို့ လမ်းညွှန်ဆုံးမပေးတော်မူပါ ဘုရား...

A. စိတ်ငြိမ်းချမ်းအောင်နေဖို့ ကိုယ်ကိုယ်တိုင်ကလည်းပဲ ငြိမ်းချမ်းချင်တဲ့စိတ် ရှိရမယ်။ စိတ်ငြိမ်းချမ်းအောင် ဘယ်လိုနေရမလဲဆိုတဲ့ နည်းလမ်းလေးတွေ၊ စိတ်ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်း အကျင့်လေးတွေကို ရှာဖွေဆည်းဖူးရမယ်။ နောက်တစ်ခါ ရှာဖွေဆည်းဖူးလို့ သိလာတဲ့ နည်းလမ်းကိုလည်းပဲ ကျင့်ရမယ်။ အဲဒီသုံးချက်ပေါ့။ ရှေ့မှာ ပြောခဲ့တဲ့အတိုင်းပါပဲ။ စိတ်ငြိမ်းချမ်းဖို့အတွက် တစ်ကြောင်းတည်းသောလမ်းဟာ သတိပဋ္ဌာန်ဝိပဿနာတရားပဲ ရှိတာဖြစ်တဲ့အတွက် ကိုယ်စိတ်ငြိမ်းချမ်းချင်တယ်ဆိုလို့ရှိရင် အချိန်လေးတစ်ခုယူပြီး သတိပဋ္ဌာန်ဝိပဿနာတရားကို နေ့တိုင်းအားထုတ်သွားရပါမယ်။ စိတ်ငြိမ်းချမ်းဖို့ လမ်းကြောင်းက သုံးလေးကြောင်း မရှိပါဘူး။ တစ်ကြောင်းတည်းပဲ ရှိပါတယ်တဲ့။ မြတ်စွာဘုရားဟောကြားထားတာပါ။

Q. တရားစခန်းဝင်ပြီး ဝိပဿနာတရားအားထုတ်ခြင်းကြောင့် ဘယ်လိုအကျိုးတရားတွေကို ရရှိနိုင်ပါသလဲ ဘုရား...

A. တရားစခန်းဝင်ပြီးဆိုကတည်းက အပြင်မှာဝတ်တဲ့ အဝတ်အစားတွေကို ဝတ်လို့မရတော့ဘူး။ ယောဂီဝတ်စုံလေးတွေ ဝတ်ရတယ်။ တရားအားမထုတ်ရသေးခင်  ယောဂီဝတ်စုံလေး ဝတ်လိုက်ပြီဆိုကတည်းက စိတ်က ချမ်းသာသွားတယ်။ အလုပ်ပေးတရားတွေ နာပြီးတော့ တင်ပျဉ်ခွေပဲဖြစ်ဖြစ်၊ ကျုံ့ကျုံ့ပဲဖြစ်ဖြစ် ထိုင်လိုက်ပြီဆိုကတည်းက စိတ်အေးချမ်းမှုကို ရတော့တာပဲ။ ဒါက လက်တွေ့အကျိုးပါပဲ။ ထိုင်ရင်းထိုင်ရင်းနဲ့ စိတ်အေးချမ်းမှုတွေ ပိုရလာမယ်။ အဲဒီစိတ်အေးချမ်းမှုကို အခြေခံပြီးတော့ လောကီရေးရာမှာလည်း ဆုံးဖြတ်ချက်တွေ မှန်လာမယ်။ အလုပ်အကိုင်တွေ လုပ်ရတာလည်း အဆင်ပြေလာမယ်။ လောကုတ္တရာရေးရာမှာတော့ အမြင်ဆုံးအကျိုးတရားက နိဗ္ဗာန်ချမ်းသာအထိ ရရှိနိုင်ပါတယ်။

Q. တရားစခန်းဝင်ချိန်သာမကပဲ နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း၊ အလုပ်လုပ်နေရင်းနဲ့ တရားရှုမှတ်တတ်အောင် လမ်းညွှန်ပေးတော်မူပါ ဘုရား...

A. တရားအားထုတ်တဲ့နေရာမှာ နှစ်မျိုးရှိတယ်။ တစ်မျိုးက အချိန်လေးသတ်မှတ်ပြီးတော့ အားထုတ်တာ၊ ဥပမာ မနက် ၆.၃၀ ကနေ ၇ နာရီအထိ နာရီဝက် ပုံမှန်သတ်မှတ်ပြီးတော့ တရားအားထုတ်တာရယ်၊ နောက်တစ်မျိုးက သွားရင်းလာရင်း၊ စားရင်းသောက်ရင်း အားထုတ်တာရယ်ဆိုပြီး ရှိတယ်။ အဲဒီနှစ်မျိုးက ဟန်ချက်ညီနေမှ အဆင်ပြေတယ်။ အဲဒါကို ဆရာတော်ဘုရားတွေက ဘယ်လိုခွဲထားသလဲဆိုတော့ " နေ့စဉ်အားထုတ်တာ နဲ့ နေစဉ်အားထုတ်တာ ” တဲ့။  ဥပမာ ၆.၃၀ ကနေ ၇ နာရီအထိ ပုံမှန်အားထုတ်နေတာကို နေ့စဉ်အားထုတ်တယ်လို့ ခေါ်ပါတယ်။ သွားတာလာတာ၊ စားတာသောက်တာကို လိုက်ပြီးတော့ မှတ်နေတာကျတော့ နေစဉ်အားထုတ်တယ်လို့ ခေါ်တယ်။ ဥပမာ ရေချိုးရင်လည်း ရေချိုးတယ်၊ ရေချိုးတယ်၊ သွားတိုက်ရင်လည်း သွားတိုက်တယ်၊ သွားတိုက်တယ်၊ မျက်နှာသစ်ရင်လည်း မျက်နှာသစ်တယ်၊ မျက်နှာသစ်တယ်၊ အဝတ်အစားလဲရင်လည်း အဝတ်အစားလဲတယ်၊ လဲတယ်၊ ရုံးသွားတဲ့အခါလည်း သွားတယ်၊ သွားတယ်၊ လှေကားတက်ရတဲ့အခါ လှေကားထစ်တွေကို နင်းတယ်၊ နင်းတယ်၊ စကားပြောတာဆိုတာ၊ လုပ်တာ၊ ကိုင်တာ၊ နောက်ဆုံး ကျင်ကြီးကျင်ငယ်စွန့်တာကအစ စွန့်ချင်တယ်၊ စွန့်ချင်တယ်၊ စွန့်တယ်၊ စွန့်တယ်ဆိုပြီးတော့ အဲဒီလိုလေးတွေ လိုက်မှတ်သွားတာကို နေစဉ်အားထုတ်တယ်လို့ ခေါ်ပါတယ်။
   အဲဒီတော့ နေ့စဉ်လည်း အားထုတ်ရမယ်၊ နေစဉ်လည်း အားထုတ်ရမယ်။ ဒီနှစ်ချက် ဟန်ချက်ညီမှ အဆင်ပြေတယ်။ နေ့စဉ်လောက်ပဲ အားထုတ်ပြီး နေစဉ်အားမထုတ်ရင်လည်း အဆင်မပြေဘူး။ နေစဉ်တော့ အားထုတ်ပေမယ့် နေ့စဉ် အချိန်လေးယူပြီး အားမထုတ်ပြန်ရင်လည်း မပြည့်စုံဘူး။ အဲဒီတော့ နှစ်မျိုးစလုံး အားထုတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
   နေ့စဉ် အားထုတ်တာကျတော့ အချိန်သတ်မှတ်ထားတဲ့အတွက် မှတ်ရတာ လွယ်တယ်။ နေစဉ်အားထုတ်တာ သွားတာ၊ လာတာ၊ စားတာ၊ သောက်တာကို လိုက်ပြီးတော့မှတ်ဖို့ကျတော့ အချိန်ပြည့်အားထုတ်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ သတိရလိုက်တာနဲ့ မှတ်၊ သတိရလိုက်တာနဲ့ မှတ်၊ ဥပမာ ရေသောက်တယ်ဆိုရင်လည်း မှတ်လို့ရတာပဲ။ ခွက်ကလေးကို လှမ်းတော့ လှမ်းတယ်၊ ကိုင်တော့ ကိုင်တယ်၊ ယူတော့ ယူတယ်၊ ပါးစပ်နဲ့ထိတော့ ထိတယ်၊ သောက်တော့ သောက်တယ်ဆိုပြီးတော့ ကိုယ်သတိရလိုက်တာနဲ့ သတိရသလောက်လေးမှတ်တဲ့ အလေ့အကျင့်လေးကို လုပ်ထားရင် အဆင်ပြေမယ်။ နှစ်မျိုးစလုံးနဲ့ မှတ်ရမှာပါ။
   တရားအားထုတ်တဲ့နေရာမှာ အချိန်မရွေး၊ နေရာမရွေး၊ အလုပ်မရွေး၊ ဣရိယာပုတ်မရွေး ရှုမှတ်လို့ ရပါတယ်။ ဦးပဉ္ဇင်းအရှင်ဆန္ဒာဓိကကတော့ မရွေးလေးပါးလို့ ပြောထားပါတယ်။

Q. ဘယ်ဘာသာဝင်ဖြစ်ဖြစ် စိတ်ငြိမ်းချမ်းအောင် ဝိပဿနာတရား အားထုတ်လို့ ရပါသလား ဘုရား...

A. မြတ်စွာဘုရားကလည်း ဗုဒ္ဓဘာသာဝင်မှပဲ ဝိပဿနာတရားကို အားထုတ်ရမယ်လို့ မဟောထားပါဘူး။ အကုန်လုံး အားထုတ်လို့ ရပါတယ်။ ထင်ရှားတဲ့ သာဓကကတော့ ဆရာကြီးဦးဂိုအင်ကာရဲ့ တရားစခန်းတွေကို ကြည့်လိုက်ပေါ့။ ဆရာကြီးဦးဂိုအင်ကာရဲ့ တရားစခန်းတွေမှာဆိုရင် တခြားဘာသာဝင်တွေလည်း လာပြီးတော့ အားထုတ်ကြပြီး စိတ်ငြိမ်းချမ်းမှု ရနေတဲ့သာဓကတွေ အများကြီးပါပဲ။ ဦးပဉ္ဇင်းတို့ ဒီမှာဖွင့်တဲ့ ရိပ်သာတွေမှာသာ တခြားဘာသာဝင်တွေ လာပြီးတော့ အားထုတ်တယ်ဆိုတာ အတွေ့ရနည်းပေမယ့် ဆရာကြီးဦးဂိုအင်ကာရဲ့ တရားစခန်းတွေမှာဆိုရင် ကျန်တဲ့ဘာသာဝင်တွေလည်း စိတ်ငြိမ်းချမ်းမှုရဖို့အတွက် လာပြီးတော့ အားထုတ်နေကြတာတွေ အများကြီးပါပဲ။ အဲဒီတော့ ဘယ်ဘာသာဝင်ပဲ အားထုတ်အားထုတ် စိတ်ငြိမ်းချမ်းမှု ရပါတယ်။ ကိုယ်က တခြားဘာသာကို ယူထားတဲ့အတွက် ဗုဒ္ဓဘာသာဘုရားကို ရှိခိုးဖို့ ခက်ခဲတယ်ဆိုရင်လည်း ဘုရားဦးမချဘဲ၊ ရှိမခိုးဘဲနဲ့လည်း အားထုတ်လို့ ရတာပါပဲ။ ဝင်လေထွက်လေပဲ ဖြစ်ဖြစ်၊ ဖောင်းတယ် ပိန်တယ်ပဲ ဖြစ်ဖြစ်၊ ကိုယ့်အမှတ်ကလေးနဲ့ကိုယ် အဲဒီကျင့်စဉ်အတိုင်း အားထုတ်သွားမယ်ဆိုရင် ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် စိတ်ငြိမ်းချမ်းမှုကတော့ ရတာပါပဲ။ တရားမှတ်တာ မပြောပါနဲ့ဦး၊ တရားထိုင်ဖို့ ခြေထောက်လေးကို တင်ပျဉ်ခွေထိုင်လိုက်တာနဲ့တင် စိတ်က အေးချမ်းနေပါပြီ။

Q. ဘယ်အသက်အရွယ်မှာ တရားအားထုတ်တာက အကောင်းဆုံးလဲ ဘုရား...

A. ဆရာတော်တွေလည်း အမြဲတမ်း ဟောနေတာပါပဲ။ တရားအားထုတ်တဲ့နေရာမှာ ငယ်တုန်း အားထုတ်တာကတော့ အကောင်းဆုံးပါပဲ။ ငယ်တုန်းဆိုတော့ စိတ်ကလည်း ပျိုနေတယ်။ ရုပ်ကလည်း ပျိုနေတယ်။ အားထုတ်ရတာ အဆင်ပြေတယ်။ အသက်ကြီးမှ အားထုတ်တယ်ဆိုရင် အိုခြင်းနှစ်မျိုးနဲ့ ရင်ဆိုင်လာရတယ်။ ရုပ်အိုတာရယ်၊ နာမ်အိုတာရယ်။ ရုပ်အိုတယ်ဆိုတာက ထိုင်တာ ထတာတွေ ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ ထိုင်တယ်ဆိုလို့ရှိရင်လည်း လူတွဲလေးနဲ့မှ၊ တရားထိုင်ပြီဆိုရင်လည်း ၁၅ မိနစ်တစ်ခါ၊ မိနစ် ၂၀ တစ်ခါ၊ တစ်ချိန်လုံး ပြင်နေရတယ်။ ဒါက ရုပ်အိုလာတာ။ နာမ်အိုတယ်ဆိုတာက သတိတွေ မေ့လာတာပေါ့။ မီးခြစ်ယူမယ်ဆိုပြီး အခန်းထဲဝင်သွား၊ အခန်းထဲရောက်ကာမှ ငါ ဘာယူမလို့ပါလိမ့်ဆိုပြီးတော့ အခန်းအပြင်ပြန်ထွက်၊ အခန်းအပြင်ရောက်ကာမှ အယ်...  ငါ မီးခြစ်ယူမလို့ပါလားဆိုပြီးတော့ အခန်းထဲပြန်ဝင်၊ အဲဒါက နာမ်အိုတာ။ နာမ်အိုကာမှ တရားအားထုတ်တယ်ဆိုရင်တော့ အဆင်မပြေဘူး။ အဲဒီတော့ ငယ်တုန်း တရားအားထုတ်တာကတော့ အကောင်းဆုံးပါပဲ။
   တစ်ခုတော့ ရှိတာပေါ့။ အသက်ငယ်တုန်း တရားအားထုတ်မှ ကောင်းတယ်၊ အသက်ကြီးရင် တရားအားထုတ်လို့ မကောင်းတော့ဘူး၊ ငါတို့ အသက်ကြီးပါပြီ၊ အားမထုတ်တော့ပါဘူးလေလို့ အဲဒီလိုမျိုး တွေးလို့တော့ မရဘူးပေါ့။ အသက်ရှင်နေသရွေ့တော့ တရားအားထုတ်ရမှာပါ။ ဒါပေမဲ့ တရားအားထုတ်တဲ့နေရာမှာတော့ အသက်ငယ်တုန်းမှာ အားထုတ်တာ အကောင်းဆုံးပါပဲ။

Q. ဓမ္မရဝေတောရကျောင်းမှာ တရားစခန်းတွေကို ဘယ်အချိန်တွေမှာ ဖွင့်တာပါလဲ ဘုရား...

A. တရားစခန်းတွေကို သောကြာ၊ စနေ၊ တနင်္ဂနွေတွေမှာ ဖွင့်ပါတယ်။ ဦးပဉ္ဇင်း တရားစခန်းတွေ ဖွင့်ရတဲ့ အဓိက ရည်ရွက်ချက်ကတော့ တရားလုံးဝအားမထုတ်ဖူးသေးတဲ့ ယောဂီတွေအတွက်နဲ့ ရုံးသူ ရုံးသားတွေအတွက် တရားထိုင်နည်း အခြေခံတွေ သင်ပေးတာပါ။ ပုံမှန်ကတော့ လရဲ့ ပထမပတ်နဲ့ ဒုတိယပတ် သောကြာ၊ စနေ၊ တနင်္ဂနွေမှာ နှစ်ညအိပ် သုံးရက်တရားစခန်း ဖွင့်ပါတယ်။  သောကြာနေ့ ညနေလာပြီး တနင်္ဂနွေညနေ ပြန်ထွက်ရပါတယ်။ သုံးလလောက်ဖွင့်ပြီးရင် ကြားထဲမှာ တစ်လနားပါတယ်။ တစ်ခါတလေ ဦးပဉ္ဇင်း ခရီးသွားတဲ့လဆိုရင် နားပါတယ်။

Q. ဘဝမှာ လောကဓံတရားအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ မတုန်မလှုပ် ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်မျိုးဖြစ်အောင် ဘယ်လိုမျိုး လေ့ကျင့်တည်ဆောက်ရပါမလဲ ဘုရား...

A. လောကဓံနဲ့ပတ်သက်လို့် မြတ်စွာဘုရားက အဂုင်္တ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ်မှာ လောကဓမ္မသုတ်ဆိုပြီး အကျဉ်းက တစ်သုတ်၊ အကျယ်က တစ်သုတ် ဟောပြထားပါတယ်။ လိုရင်းကတော့ မြတ်စွာဘုရားက လေကဓံတရားရှစ်ပါးရှိတယ်လို့ ဟောထားပါတယ်။ လာဘော၊ အလာဘော၊ ယသော၊ အယသော၊ နိန္ဒံ၊ ပသံသာ၊ သုခံ၊ ဒုက္ခံ။ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြွေအရံများခြင်း၊ အခြွေအရံမဲ့ခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း၊ ကိုယ်၏ချမ်းသားခြင်းနှင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ဆင်းရဲခြင်းနှင့် စိတ်၏ဆင်းရဲခြင်း။
   လူတော်တော်များများက လာဘ်မရတာ၊ အခြွေအရံမဲ့တာ၊ ကဲ့ရဲ့ခံရတာ၊ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း ခံစားရတာလောက်ကိုပဲ လောကဓံတရားလို့ ထင်ကြတယ်။ တကယ်တော့ လာဘ်ရတာလည်း လောကဓံပဲ။ အခြွေအရံတွေ ပေါများတာလည်း လောကဓံပဲ။ ချီးမွမ်းခံရတာလည်း လောကဓံပဲ။ ကိုယ်၏ချမ်းသာခြင်းနဲ့ စိတ်၏ချမ်းသာခြင်း ကြုံရတာလည်း လောကဓံပဲ။
   မြတ်စွာဘုရားက အဲဒီလောကဓံတရားတွေကို ကြုံလာတဲ့အခါ သုံးချက်နဲ့ ပွားခိုင်းထားပါတယ်။
   အနိစ္စော၊ ဒုက္ခော၊ ဝိပရိဏောမ ဓမ္မော
   ဥပမာ ချီးမွမ်းခံရတယ်ဆိုရင် အဲဒီချီးမွမ်းခံရတာလေးကို ကြည့်ပြီးတော့
   အနိစ္စော - မမြဲပါတကား။
   ဒုက္ခော - ဆင်းရဲပါတကား။
   ဝိပရိဏာမ ဓမ္မော - ဖောက်ပြန်ပြောင်းလဲတတ်တဲ့ သဘောရှိပါတကား။
   ဒီသုံးချက်နဲ့ ဆင်ခြင်ပါတဲ့။
   လာဘ်ရရင်လည်း ဒီသုံးချက်နဲ့ ဆင်ခြင်ပါ။ လာဘ်မရရင်လည်း ဒီသုံးချက်နဲ့ ဆင်ခြင်ပါ။ အခြွေအရံတွေ ပေါများနေတဲ့အခါမှာလည်း အခြွေအရံတွေကို ကြည့်ပြီးတော့ ဒီသုံးချက်နဲ့ ဆင်ခြင်ပါ။ အခြွေအရံတွေ မဲ့သွားတဲ့အခါမှာလည်း ဒီသုံးချက်နဲ့ ဆင်ခြင်ပါ။
   နောက်တစ်ခါ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း ဖြစ်တဲ့အခါမှာလည်း ဒီသုံးချက်နဲ့ ဆင်ခြင်ပါ။ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း ဖြစ်တဲ့အခါမှာလည်း ဒီသုံးချက်နဲ့ ဆင်ခြင်ပါ။ အဲဒီလို ဆင်ခြင်ရင်း ဆင်ခြင်ရင်းနဲ့ သောကပရိဒေဝတွေကလည်း လွန်မြောက်နိုင်မယ်၊ မဂ်ဖိုလ်နိဗ္ဗာန်အတွက်လည်းပဲ အထောက်အပံ့ကောင်းတွေ ဖြစ်သွားမယ်။
   အဲဒီတော့ မြတ်စွာဘုရားက ဒါကျင့်ပါဆိုတော့ ဒါကျင့်လိုက်ရုံပေါ့။ ဘာမှလည်း အခက်အခဲမရှိပါဘူး။ ဒီသုံးချက်ပဲ။ အနိစ္စော၊ ဒုက္ခော၊ ဝိပရိဏာမ ဓမ္မောကို မြန်မာပြန်အနက်လေးနဲ့ တွဲပြီးဆင်ခြင်ရင် ပိုကောင်းပါတယ်။
   တစ်ခုတော့ ရှိတာပေါ့။ ဆင်ခြင်တဲ့နေရာမှာ ချက်ချင်းကြီးတော့ ဉာဏ်က ပွင့်မသွားပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဉာဏ်ပွင့်ပုံချင်း မတူဘူး။ ဥပမာ လာဘ်လာဘတစ်ခုကို ကြည့်ပြီးတော့ ဆင်ခြင်တယ်ဆိုလိုရှိရင် တစ်ယောက်နဲ့တစ်ယောက် ဉာဏ်ရည်ဉာဏ်သွေး မတူဘူး။ ပါရမီလည်း မတူဘူး။ ဒီအတိုင်းပဲ လူများစွာ ဆင်ခြင်ပေမယ့် သဘောပေါက်ပုံချင်း တူမှာတော့ မဟုတ်ဘူး။ အခု ဆင်ခြင်လိုက်တယ်။ ၂၀ ရာခိုင်နှုန်းလောက် သဘောပေါက်တယ်။ ဉာဏ်ဆိုတာ တန့်မနေဘူး။ တန့်မနေတဲ့အတွက် နောက်တစ်ခါ ဆင်ခြင်တဲ့အခါကျတော့ ၂၁ ရာခိုင်နှုန်း သဘောပေါက်လာမယ်။ နောက်တစ်ခါ ထပ်ပြီးဆင်ခြင်တဲ့အခါကျတော့ ၂၂ - ၂၃ - ၂၄ ရာခိုင်နှုန်း သဘောပေါက်လာပြီး တဖြည်းဖြည်းနဲ့ မြင့်မြင့်သွားမယ်။ မြတ်စွာဘုရားက လောကဓံတရားနဲ့ပတ်သက်လို့ ဒီသုံးချက်နဲ့ ဆင်ခြင်ပါဆိုတော့ ဆင်ခြင်လိုက်ရုံပဲ။ ဆင်ခြင်ရင်း ဆင်ခြင်ရင်းနဲ့ အသိဉာဏ်တွေက တစ်ဆင့်ထက်တစ်ဆင့် မြင့်မြင့်သွားမှာပဲ။ လျော့သွားစရာတော့ အကြောင်းမရှိပါဘူး။

Q. စိတ်မှာ ငြိမ်းချမ်းခြင်းကြောင့် ပစ္စုပ္ပန်နဲ့ နောင်သံသရာမှာ ဘယ်လိုအကျိုးတရားတွေကို ရရှိနိုင်ပါသလဲ ဘုရား...

A. စိတ်ငြိမ်းချမ်းလို့ရှိရင် ပစ္စုပ္ပန်အတွက်ရော၊ သံသရာအတွက်ရော အထူးပြောစရာတောင် မလိုပါဘူး။ ဥပမာ စိတ်ငြိမ်းချမ်းနေမှ တရားအားထုတ်လို့လည်း ကောင်းသလို စိတ်ငြိမ်းချမ်းနေမှ လောကီအလုပ်တွေ လုပ်ရတာလည်း အဆင်ပြေတယ်။ ပရဟိတအလုပ်ပဲ လုပ်လုပ်၊ ကိုယ့်စီးပွားရေးအလုပ်ပဲ လုပ်လုပ်၊ စိတ်ငြိမ်းချမ်းနေမှ အဆင်ပြေတယ်။ စိတ်မငြိမ်းချမ်းဘူး၊ ပူလောင်မှုတစ်ခုခု ဖြစ်နေတယ်ဆိုရင် တရားအားထုတ်ရတာလည်း အဆင်မပြေဘူး။ လောကီအလုပ်တွေဖြစ်တဲ့ စီးပွားရှာတာတို့၊ ပရဟိတအလုပ်တို့ လုပ်တဲ့အခါမှာလည်း စိတ်မငြိမ်းချမ်းဘူးဆိုရင် လုပ်ရတာ အဆင်မပြေဘူး။

Q. စိတ်မှာ ပူလောင်နေခြင်းကြောင့် ပစ္စုပ္ပန်နဲ့ နောင်သံသရာမှာ ဘယ်လိုဆိုးကျိုးတွေကို ရရှိနိုင်ပါသလဲ ဘုရား...

A. စိတ်ပူလောင်နေတယ်ဆိုရင် ပစ္စုပ္ပန်မှာတင်ပဲ လူက အိပ်လို့ မရ၊ စားလို့မဝင် ဖြစ်လာမယ်။ တစ်ခါတလေ စိတ်ပူလောင်မှုကိုပဲ အခြေခံပြီးတော့ တစ်ညလုံး အိပ်မပျော်တာမျိုး ဖြစ်ကြတယ်။ ဘယ်လောက်ပဲ အိပ်ဆေးတွေသောက်သောက်၊ ဘယ်လောက်ပဲ တရားတွေမှတ်မှတ်၊ ဘယ်လိုမှ အားထုတ်လို့မရဘူး။ တစ်ညလုံး အိပ်မပျော်တော့ မနက်ရောက်တဲ့အခါ အိပ်ရေးက မဝ၊ အလုပ်ထဲကျတော့ အလုပ်လုပ်ရတာ အဆင်မပြေ၊ ဆိုးကျိုးတွေကတော့ ဆင့်ကဲဆင့်ကဲ ပါပဲ။ အဲဒီတော့ သံသရာဆိုတာတော့ အထူးပြောစရာကို မလိုတော့ပါဘူး။
   ကိုယ်စိတ်ဆင်းရဲရင် တစ်ညလုံး အိပ်မပျော်ဘူး။ ကိုယ်က ဒါလေးကို သာဓကယူပြီးတော့ ကိုယ့်အပြုအမူကြောင့် တစ်ဖက်သားလည်းပဲ စိတ်မဆင်းရဲအောင်နေမယ်ဆိုပြီးတော့ ပူးတွဲပြီးတော့ စောင့်ထိန်းရမှာပါ။ ကိုယ်လည်းပဲ စိတ်မဆင်းရဲအောင်၊ ကိုယ့်ကြောင်းလည်း တစ်ဖက်သား စိတ်မဆင်းရဲအောင် စောင့်ထိန်းရမယ်။ ကိုယ်ကတော့ အပြုအမူလေးတစ်ခုကို အလွယ်တကူ လုပ်လိုက်တာပဲ၊ ဒါပေမဲ့ တစ်ဖက်သားမှာ ကိုယ့်ကြောင့် တစ်ညလုံး အိပ်မပျော်တာတွေလည်း ရှိတတ်တာပဲ။ ဒါလေးတွေကို ပူးတွဲပြီးတော့ ဆင်ခြင်ရမှာပါ။ ဥပမာ ညအိပ်ခါနီး ဖုန်းလာတယ်။ စိတ်ဆင်းရဲစရာတစ်ခု ကြားလိုက်ရတယ်။ ဒါဆို တစ်ညလုံး အိပ်လို့မရတော့ဘူး။ ဒါတွေ ကြုံဖူးကြမှာပါ။

Q. ရုတ်တရက် ဒေါသထွက်သွားမိတဲ့အချိန်မှာ စိတ်ကို တည်ငြိမ်အောင် ဘယ်လိုမျိုး ပြန်ပြီး ထိန်းချုပ်ရပါမလဲ ဘုရား...

A. ဒေါသကတော့ ဦးပဉ္ဇင်းမှာလည်း ရှိတာပါပဲ။ ဒေါသကို အခြေခံပြီး ဆုံးဖြတ်လိုက်လို့ ဆုံးဖြတ်ချက်မှားသွားတာတွေလည်း အများကြီး ကြုံခဲ့ဖူးပါတယ်။
   ကိုယ်က ဒေါသအထွက် မြန်တတ်တယ်ဆိုရင် အလေ့အကျင့်တစ်ခုတော့ လုပ်ထားရမှာပေါ့။ ဒေါသဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဘာမှ မပြောမိအောင်၊ ဘာမှ မလုပ်မိအောင် သတိကပ်ထားလိုက်တာတော့ အကောင်းဆုံးပါပဲ။ ဒေါသဖြစ်နေတုန်း လုပ်လိုက်တာက မှားတာ များပါတယ်။
   ဥပမာ သာဓကတစ်ခုပြောရရင် ဇဋိလအလောင်းအမျိုးသား ပန်းထိမ်သည်ဟာ မိန်းမနဲ့ ရန်ဖြစ်ပြီး စိတ်တို၊ ဒေါသထွက်နေတဲ့ အချိန်မှာ ရဟန္တာတစ်ပါးက စေတီတော်အတွက် ရွှေအလှူလာခံတယ်။ ဇဋိလအလောင်းက ဒေါသထွက်နေတဲ့အချိန်ဆိုတော့ အရှင်ဘုရား ဘုရား ရေထဲသာ မျှောပစ်လိုက်လို့ ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့အချိန် အနားမှာ မိန်းမက ရှိနေတော့ ရှင် စိတ်ဆိုးချင်ရင် ကျွန်မကိုပဲ စိတ်ဆိုးပါ။ မဆိုင်တဲ့ ဘုရားကိုတော့ စိတ်မဆိုးပါနဲ့လို့ ပြောလိုက်တယ်။ သူကလည်း ပါရမီပါခဲ့တဲ့သူဆိုတော့ သူ့အမှားကို သူ ချက်ချင်းသိသွားပြီး အရှင်ဘုရား တပည့်တော် ပြစ်မှားမိတာကို ခွင့်လွှတ်ပါဘုရားလို့ တောင်းပန်တယ်။ ရဟန္တာအရှင်မြတ်က သင်က ငါ့ကို ပြစ်မှားတာ မဟုတ်ဘူး။ မြတ်စွာဘုရားကို ပြစ်မှားတာ၊ ဒါကြောင့် မြတ်စွာဘုရားကိုပဲ တောင်းပန်လိုက်ဆိုတဲ့အခါ ဘယ်လို တောင်းပန်ရမလဲဆိုတော့ မြတ်စွာဘုရားရဲ့ ဓာတ်တော်ထဲမှာ ရွှေပန်းခိုင်တွေလုပ်ပြီးတော့ ပူဇော်လိုက်ပါဆိုတော့ သူ ပြောတဲ့အတိုင်းပဲ ပူဇော်လိုက်တယ်။ အဲဒီမှာကြည့်ပေါ့။ တကယ်လို့သာ မိန်းမနဲ့ ရန်ဖြစ်ထားပြီး ဒေါသထွက်နေတဲ့အတွက် မကောင်းတဲ့စကားကို ပြောမိလိုက်တာ။
   ဒေါသထွက်နေပြီဆိုလို့ရှိရင် အကောင်းဆုံးကတော့ ဘာမှ မပြောမိအောင်ရယ်၊ ဘာမှ မလုပ်မိအောင်ရယ် အချိန်လေးတစ်ခု စောင့်နေလိုက်တာ ကောင်းတယ်၊ စိတ်ဆိုးတုန်း ပြောတဲ့စကားဟာ မှားတာ များပါတယ်။ တရားမှတ်တာကို ခဏနေလိုက်ဦး။ ဘာမှ မပြောမိအောင်ရယ်၊ ဘာမှ မလုပ်မိအောင်ရယ် တစ်ရက်လောက်ပဲ ဖြစ်ဖြစ်၊ သတိကပ်ပြီးတော့ နေလိုက်၊ ဒေါသသိပ်ကြီးနေရင် သုံးရက်လောက်တော့ နေလိုက်ပေါ့။ ဘယ်သူနဲ့မှ ဘာမှမပြောဘဲ ကိုယ့်အခန်းထဲမှာကိုယ် အေးအေးဆေးဆေးနေလိုက်တာက ကောင်းပါတယ်။

Q. အငြိုးထားခြင်းကြောင့် ပစ္စုပ္ပန်နဲ့ နောင်သံသရာမှာ ဘယ်လို ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါသလဲ ဘုရား...

A. အငြိုးထားတာက သိပ်ကြောက်ဖို့ကောင်းတယ်။ အငြိုးထားတာနဲ့ ပတ်သက်တဲ့ အဓိက သာဓကကတော့ ဒေဝဒတ်လောင်းနဲ့ ဘုရားလောင်းပေါ့။ ဒေဝဒတ်က ဘုရားကို စပြီးတော့ ရန်ငြိုးဖွဲ့ခဲ့တာက အားလုံးကြားဖူးတဲ့ ရွဲကုန်သည်ဇာတ်ပဲ။ ရွှေခွက်ကို မရဘူး။ မရတဲ့အတွက် မြစ်ကမ်းစပ်မှာပဲ သွေးအန်ပြီး သေသွားတယ်။ သေသွားတာကလည်း ပင်ပင်ပန်းပန်း သေသွားရတယ်။ မသက်မသာနဲ့ သေသွားရတယ်။ အဲဒါနဲ့ ဘုရားလောင်းပေါ်ကို ရန်ငြိုးဖွဲ့သွားတယ်။ မြတ်စွာဘုရားကို ဒေဝဒတ်က ပထမဆုံး ရန်ငြိုးဖွဲ့တာဟာ အဲဒီ ရွဲကုန်သည်ဇာတ်ပဲ။
   တစ်ခုတော့ ရှိတာပေါ့။ တကယ်လို့များ ချက်ချင်း မသေဘူး။ သွေးအန်ပြီး သေသွားတာလည်း မဖြစ်ဘဲ နှစ်ကာလတွေ ခြားပြီးတော့မှ သေမယ်။ ဒီကြားကာလထဲမှာလည်း ရွှေခွက်ထက် သာတဲ့ တခြားပစ္စည်းတွေ အများကြီးရလိုက်မယ်ဆိုရင်တော့ ဟိုရွှေခွက်ကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီးတော့ ရန်ငြိုးဖွဲ့ချင်မှ ဖွဲ့တော့မှာပါ။ အခုက သေချိန်နီးကပ်သွားတာရယ်၊ သေတဲ့အခါမှာလည်းပဲ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ သေသွားရတော့ ရန်ငြိုးဖွဲ့သွားတာပါ။
   ဒီဘဝမှာ ဖွဲ့လိုက်တဲ့ ရန်ငြိုးသည် သံသရာအဆက်ဆက် ဘုရားလောင်းကို ရန်ငြိုးဖွဲ့သွားတော့တာပဲ။ နောက်ဘဝ နောက်ဘဝတွေမှာ ဘုရားလောင်းကို တွေ့တဲ့အခါ တွေ့လိုက်တာနဲ့တင် သူ့မှာ ဒေါသတွေဖြစ်ပြီးတော့ လက်စားချေချင်တဲ့စိတ်တွေ ပေါက်လာတယ်။ နောက်တစ်ခု အံ့သြစရာကောင်းတာက သူက ဘုရားလောင်းအပေါ်ကိုသာ မကောင်းတာ၊ ကျန်တဲ့သူတွေအပေါ်ကျတော့ ကောင်းနေပြန်ရော။ ဒေဝဒတ်အလောင်းက ဘုရင်ဖြစ်တဲ့အခါမှာလည်းပဲ မဏ္ဍပ်ကြီးတွေ အကြီးကြီးဆောက်ပြီးတော့ မစားနိုင် မသောက်နိုင် အခက်အခဲ ဖြစ်တဲ့သူတွေ၊ ပုဏ္ဏားတွေ၊ ခရီးသွားတဲ့သူတွေ၊ တောင်းစားတဲ့သူတွေကို စားစရာတွေ၊ အဝတ်တွေ အကြီးအကျယ်ပေးတယ်။ လမ်းတွေ ဖောက်တယ်။ တံတားတွေ ဆောက်တယ်။ သစ်ပင်တွေ စိုက်တယ်၊ ပြည်သူပြည်သားတွေအတွက် ကောင်းတာတွေ လုပ်ပေးတယ်။ ပြည်သူပြည်သားတွေအပေါ်ကျတော့ ကောင်းပြီး ဘုရားလောင်းပေါ်ကျတော့ အမြဲတမ်း မကျေမနပ်နဲ့ ဒေါသတွေ ဖြစ်နေတာပါ။
   ဒီရန်ငြိုးတစ်ခုဟာ သံသရာအဆက်ဆက်အထိ လိုက်သွားတာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ အဲဒီတော့ ကိုယ်က တစ်ယောက်ယောက်ကို ရန်ငြိုးဖွဲ့လိုက်တယ်၊ ဒီဘဝမှာတင် မပြီးဘဲ သံသရာအထိ ပါသွားမယ်ဆိုရင် ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူ့အတွက်လည်း အကျိုးမရှိ၊ နှစ်ဦးနှစ်ဖက် အကျိုးမရှိပါဘူး။ ဒေဝဒတ်နဲ့ ဘုရားလောင်း ဝတ္တုသာဓကလေးကို အာရုံပြုပြီးတော့ ရန်ငြိုးမဖွဲ့မိအောင် သတိထားလို့ ရပါတယ်။

Q. " ငြိမ်းချမ်းသောစိတ် ” ဖြစ်စေဖို့အတွက် အနှစ်ချုပ်အနေနဲ့ မိန့်ကြားပေးတော်မူပါ ဘုရား..

A. " ငြိမ်းချမ်းသောစိတ် ” ဖြစ်စေဖို့အတွက် လိုရင်းအနှစ်ချုပ်ကတော့ မြတ်စွာဘုရား ဟောထားတဲ့အတိုင်း ဧကာယနော မဂ္ဂေါ တစ်ကြောင်းတည်းသောလမ်းဟာ သတိပဋ္ဌာန်တရားပဲ။ နှစ်ကြောင်း သုံးကြောင်း မရှိပါဘူး။ သတိပဋ္ဌာန်တရားကို အားထုတ်ဖို့ပါပဲ။
   ကိုယ်က သတိပဋ္ဌာန်ဝိပဿနာတရားကို အားမထုတ်နိုင်သေးရင်တောင်မှ သမထတရားကို အားထုတ်လို့ ရပါတယ်။ သမထ ကမ္မဋ္ဌာန်းလေးဆယ်ထဲက ကိုယ်ကြိုက်တဲ့ တစ်ခုခုကို ပွားများနေရင်လည်း စိတ်ကို ငြိမ်းချမ်းစေပါတယ်။ ဂုဏ်တော်ပွားပွား၊ မေတ္တာပဲပွားပွား၊ မရဏာနုဿတိပဲပွားပွား၊ သမထကမ္မဋ္ဌာန်းလေးဆယ်ထဲက တစ်ခုခုအမြဲပွားနေရင်လည်း စိတ်ငြိမ်းချမ်းမှုကို ရစေပါတယ်။ သမထကနေ တစ်ဆင့်တက်ပြီး သတိပဋ္ဌာန်ဝိပဿနာတရားကို အချိန်လေးသတ်မှတ်ပြီးတော့ နေ့တိုင်းအားထုတ်သွားမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ လူတိုင်းကတော့ အလုပ်ရှုပ်နေကြတာချည်းပါပဲ။ အဲဒီလို အလုပ်ရှုပ်နေတဲ့အထဲကပဲ တစ်နေ့ကို အနည်းဆုံး နာရီဝက်ကလေး အချိန်ယူရမှာပေါ့။ အချိန်အများကြီး မဟုတ်ရင်တောင် တစ်နေ့မှာ နာရီဝက်လောက်လေး သတိပဋ္ဌာန်တရားကို ပုံမှန်အားထုတ်သွားဖို့ ဦးပဉ္ဇင်းက တိုက်တွန်းချင်ပါတယ်။

ကျေးဇူးကြီးလှပါတယ် ဘုရား.......

ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)

တွေ့ဆုံမေးမြန်း ပူဇော်သူ ဆွေဆွေမျိုးနိုင် (ဆေးဝါးတက္ကသိုလ်)

(Eternal Light မဂ္ဂဇင်း)

စာရိုက်ပူဇော်သူ Admin team of နိဗ္ဗာန်ဆော်

bwar99.blogspot.com