အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Saturday, June 15, 2019

လွမ်း၍ ကျန်ရစ်ပါစေ


   လွမ်း၍ ကျန်ရစ်ပါစေ
♦♦♦♦♦♦♦♦♦♦♦♦♦♦


  ♣ `အချိန်တန်လာရင် အားလုံးကို နှုတ်ဆက်၍ ထွက်ခွာသွားကြရမည်မှာ
သဘာဝပင်ဖြစ်သည်။ နှုတ်ဆက်ထွက်ခွာသွားသည့်အခါ သင့်အကြောင်းကို
ဘယ်သူတွေ ဘယ်လိုပြောနေပါ့မလဲ` ဒီအတွေးလေးကို တွေးနေမိတာကြာပါပြီ။

  ♣ အားလုံးသောသူတွေဟာ တခဏဖြစ်စေ အကြာကြီးဖြစ်စေ အဝေးတစ်နေရာကို
တနေ့နေ့တချိန်ချိန်မှာ ထွက်ခွာကြရမှာပါ။ ကိုယ်ကိုယ်တိုင်က နယ်မြေသစ်ရှိရာကို
ထွက်ခွာသွားရတတ်သလို ကိုယ့်အနားကသူတွေလည်း အခြားတနေရာကို
ရွှေ့ပြောင်းသွားကြတာလည်း ရှိပါလိမ့်မယ်။ တခဏတာအတွက် ထွက်ခွာသွားသူတွေ
ထာဝရစာအတွက် အပြီးအပိုင် ထွက်ခွာသွားသူတွေဆိုပြီး ရှိနေကြမှာ။
ဒီအချိန်တွေမှာ ထွက်ခွာသွားကြသူတွေကို လွမ်းဆွတ်တမ်းတရင်း သတိတရ
အမှတ်ရတာလေးတွေ ရှိလာမယ်။ အကြောင်းသင့်လို့ ပြန်ပြောဖြစ်တာတွေ ရှိလာကြမယ်။
တိုက်ဆိုင်မှုတွေကြောင့် သူ့အကြောင်း ကိုယ့်အကြောင်း ပြောဖြစ်တာလေးတွေ
ရှိလာကြမှာဖြစ်ပါတယ်။ ဆိုင်ရာဆိုင်ရာ ဆက်နွှယ်ရာဆက်နွှယ်ရာလေးတွေကို
သူ့ပတ်ဝန်းကျင်နဲ့သူ ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ် ပြောဖြစ်နေကြမှာ အမှန်ပါ။
သူငယ်ချင်းတွေ မိသားစုတွေ၊ ဆွေမျိုးသားချင်း ညီအကိုမောင်နှမတွေစတဲ့
ဆက်ဆံရေးနယ်ပယ်ကသူတွေဟာ အလျဉ်းသင့်သလို ပြောဖြစ်ကြနေတာဟာ
သဘာဝတစ်ခုလည်း ဖြစ်ပါတယ်။

  ♣ ဒီလိုပါပဲ ကောင်းတဲ့သူ ချစ်တဲ့သူကို သတိရတဲ့အခါ ကောင်းတာလေးတွေ
ပြောဖြစ်မှာဖြစ်သလို၊ မကောင်းတဲ့သူ မုန်းတဲ့သူတွေကို သတိရမိရင်းလည်း
မကောင်းတဲ့အကြောင်းတွေ ပြောဖြစ်ကြပါလိမ့်မယ်။ ကိုမောင်ကတော့
ဘယ်လိုဆိုးတာ။ သူများအသက်ကို ရက်ရက်စက်စက် သတ်ဖြတ်တာ။
သူများပစ္စည်းကို ဘယ်လိုခိုးတာ။ သူများရဲ့ ဇနီးမယားသမီးသားကို
ဘယ်တုံးက ဖျက်ဆီးတာ။ လိမ်ညာပြီး မုသားကို ရေလိုသုံးတာ ပြောတာ။
မူးယစ်ဆေးဝါး အရက်သေစာကို သောက်စားယစ်မူးနေတာပဲစသဖြင့်
ကြုံခဲ့၊ ကြားခဲ့၊ မြင်ခဲ့တွေ့ခဲ့တာတွေကို ပြောနေကြမှာ ဖြစ်ပါတယ်။
ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ဘူးဆိုပေမဲ့ ကိုယ်မကောင်းတဲ့အခါ
မကောင်းသတင်းတွေက လူအများရဲ့မုန်းစရာ ရွံစရာအဖြစ် ပြောဖြစ်နေကြတာပါပဲ။

  ♣ လူတိုင်းလူတိုင်းမှာ အမှားမကင်းတတ်ကြသလို လုပ်သမျှအရာတိုင်းကို
အမှန်တွေချည်းဖြစ်လာဖို့ဆိုတာလည်း မလွယ်ပါဘူး။ အမှားအမှန်ဟာ
သုံးနဲ့လေးလို အနီးကပ်ဆုံးရှိနေတတ်ကြပြီး လူတိုင်းကို လှည့်စားတတ်ကြပါတယ်။
အမှားတွေဟာ အမှန်တရားလိုလိုနဲ့ လူသားတွေရဲ့ဘဝထဲကို ဝင်ရောက်လာကာ
နေထိုင်တတ်ကြပါတယ်။ အမှားတွေကိုပဲ အမှန်တွေထင်ပြီး လုပ်မိလိုက်တဲ့အခါမှာတော့
ကိုယ့်ဘဝထဲမှာ အမည်းစက်တွေ စွန်းထင်လာပါတော့တယ်။ စိတ်ကို လှည့်စားတယ်။
ဘဝကိုလှည့်စားတတ်ကြတယ်။ မကောင်းမှုတွေရဲ့ လှည့်စားခြင်းကို ခံလိုက်ရတဲ့အခါ
တစုံတခုသောအမှားကို လွန်ကျူးရာကအစပြုပြီး အမှားတွေကို ဆက်ကာဆက်ကာ
လွန်ကျူးလာတတ်ကြပါတယ်။ လွန်ကျူးလိုက်တဲ့ အမှားတွေဟာ လူတိုင်းရဲ့ဘဝထဲကို
ကြီးစိုးလာပါတော့တယ်။

  ♣ အမှားဆိုတာ အမှောင်တိုက် ဖြစ်ပါတယ်။ အမှန်တရားကတော့ အလင်းရောင်ပါ။
အမှားတွေကို တခုပြီးတခု ပြုလုပ်လာသူဟာ အမှောင်အိမ်ထဲမှာ တဆင့်ပြီးတဆင့်
နက်ရှိုင်းသော အမှောင်အိမ်ဆီကို သွားနေကြသူတွေပဲ ဖြစ်ပါတယ်။
အမှောင်အိမ်ရဲ့ နက်ရှိုင်းရာကို ရောက်ရှိသွားသူ အများစုဟာ အလင်းရောင်ကို
ကြောက်တတ်လာသလို အလင်းနဲ့တွေ့ရမှာလည်း မလိုလားတော့ပါဘူး။
အလင်းရောင်နဲ့ ဝေးကွာလာခြင်းဟာ အမှန်တရားနဲ့ ဝေးကွာလာခြင်းဖြစ်တာကြောင့်
သူ့ဘဝဟာ အကုသိုလ်ဒုစရိုက်ဆိုးတွေကြားမှာ နစ်သထက်နစ်လာနိုင်ပါတယ်။
အကုသိုလ်ဒုစရိုက်ဆိုးတွေဆိုတာ ပြုလုပ်သူတိုင်းကို နစ်နာအောင် ဂုဏ်သိက္ခာကျဆင်းအောင်
ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ခေါင်းမဖော်ဝံ့အောင် ပညာရှိ သူတော်ကောင်းတွေ
မိတ်ကောင်းဆွေကောင်းတွေ ကိုယ့်အနားမှာ မရှိအောင် ပြုလုပ်တတ်ပါတယ်။
ဘဝသံသရာခရီးမှာလည်း အောက်ကျနောက်ကျနဲ့ ဒုက္ခဆင်းရဲရောက်အောင်
ပြုလုပ်တတ်ပြန်ပါသေးတယ်။

  ♣ အမှားတွေကို အခါခါလွန်ကျူးသူဟာ အမှောင်ထဲမှာ နေထိုင်သူပါ။
အမှောင်ထဲမှာ အလင်းရောင်မရှိသလို သုစရိုက် ကုသိုလ်တရားတွေလည်း မရှိပါဘူး။
ကုသိုလ်တရားတွေ မရှိတော့ရင် အကုသိုလ်တွေပဲ ကျန်နေပါလိမ့်မယ်။ အကုသိုလ်တွေကို
ပြုလုပ်နေသူအတွက် သူ့အကြောင်းပြောနေမယ့်စကားတွေဟာ ကောင်းသောစကား
မဟုတ်ပါဘူး။ ချစ်လို့ပြောတဲ့စကား လွမ်းလို့ပြောတဲ့ စကားလည်း ဖြစ်လာမှာမဟုတ်ပါဘူး။
ဒီလိုဆိုရင် သူ့အကြောင်းကို ပြောနေသူတွေရဲ့စိတ်မှာ သူ့ကိုလိုအပ်လို့ပြောနေကြတာမဟုတ်ဘဲ
မလိုအပ်လို့ မလိုအပ်ကြောင်း ပြောနေတာပဲ ဖြစ်ပါတယ်။

  ♣ လူမှုအသိုင်းအဝန်းတွေထဲမှာ ကိုယ်ဟာ လိုအပ်သူမဟုတ်ဘူးဆိုရင်
ကိုယ်ဟာ လောကရဲ့ ဆန်ကုန်မြေလေးတစ်ယောက်များ ဖြစ်သွားပြီလား။
လောကရဲ့ကောင်းကျိုး၊ ပတ်ဝန်းကျင်ရဲ့ကောင်းကျိုးကို သယ်ပိုးထမ်းဆောင်သူ
မဟုတ်ခဲ့သူလား။ ကိုယ်ကျင့်တရားတွေ ဖောက်လွဲဖောက်ပြန်နဲ့ အများသူငါကိုလည်း
ကောင်းကျိုးမပြု မိမိရဲ့ အတ္တမာနကြီးမားစွာ လောကတခွင်ရဲ့ အလှတရားများကို
မီးရှို့ဖျက်ဆီးနေသူများ ဖြစ်နေပြီလား။

  ♣ ကိုယ့်ဘဝ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးနေသူတွေ ရေကြည်ရာမြက်နုရာကို
ရှာဖွေသူတွေ ဘဝအောင်မြင်ရေးအတွက် ရှာဖွေလုပ်ကိုင်နေရသူတွေ ဆိုပေမဲ့လည်း
ကိုယ့်ရဲ့အပြုအမှု အပြောအဆိုတွေဟာ လောကသစ္စာတရားနဲ့ သဟဇာတဖြစ်ဖို့ လိုပါတယ်။
လောကနဲ့သဟဇာတမဖြစ်ပဲ လောကကို အမှောင်ထဲရောက်အောင် ပို့မယ်။ ကိုယ်လည်း
အမှောင်ထဲမှာ နေမယ်ဆိုရင်တော့ ဘယ်သူကမှ ကိုယ့်ကိုယ် လွမ်းနေမှာမဟုတ်သလို
ကိုယ့်အကြောင်းပြောနေသူတိုင်းဟာ လွမ်းလို့ပြောနေတာလည်း မဟုတ်တော့ပါဘူး။
လူသားတစ်ယောက်ဖြစ်လာရင် လောကအတွက် ပြုသင့်ပြုထိုက်တဲ့ တာဝန်များစွာ
ရှိလို့နေပါတယ်။ အဲဒီတာဝန်တွေကို ဖော်ပြပေးထားသော ဆရာဇော်ဂျီရဲ့ ကဗျာလေးရှိပါတယ်။
`သင်သေသွားသော်` ကဗျာလေးပါ။

   သြော် … လူ့ပြည်လောက၊ လူ့ဘဝကား။
   အိုရ နာရ၊ သေရဦးမည်
   မှန်ပေသည်တည့်။
   သို့တပြီကား၊ သင်သေသွားသော်
   သင်ဖွားသောမြေ၊ သင့်တို့မြေသည်
   အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
   သင်၏မျိုးကား၊ စာ စကားလည်း
   ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
   သင်ဦးချ၍၊ အမျှဝေရာ
   စေတီသာနှင့်၊ သစ္စာအရောင်
   ဉာဏ်တန်ဆောင်လည်း
   ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ တဲ့

  ♣ လူသားတစ်ယောက်ဟာ အမှောင်အိမ်ကို စွန့်ခွာနိုင်သူ၊ အလင်းရောင်ကို
တပ်မက်သူဖြစ်ဖို့ လိုအပ်ပါတယ်။ အလင်းရောင်ကို မက်မောတယ်ဆိုတာ
ကုသိုလ်ကောင်းမှု သုစရိုက်တရားတွေကို ချစ်မြတ်နိုးတတ်သူပါ။
လူသားတစ်ယောက်ရဲ့ဘဝဟာ မအို မနာ မသေဘဲ ထာဝရှင်သန်နေရမှာ မဟုတ်ပါဘူး။
အချိန်တွေကြာလာတဲ့အမျှ အသက်တွေဟာ ကြီးရင့်လာပြီး အိုလာမယ်။ ပြီးတော့
နာလာမယ်။ သေရပါဦးမယ်။ မအိုမနာ မသေခင်မှာ ကိုယ်စွမ်းဆောင်နိုင်သမျှ
ကမ္ဘာမြေမှာ ကျန်ရစ်လေအောင် ကောင်းသောလုပ်ရပ်များကို ပြုလုပ်ပေးဖို့ မမေ့သင့်ပါဘူး။
လူဖြစ်တော့ လူပီသအောင်၊ မိဘဖြစ်တော့ မိဘပီသအောင်၊ ဆရာဖြစ်ပြန်တော့
ဆရာပီသအောင်၊ ခေါင်းဆောင်ဖြစ်တော့ ခေါင်းဆောင်ပီသအောင် နေထိုင်ကြဖို့လိုပါတယ်။

   ♣ ကိုယ်နေထိုင်ရာ ဇာတိမွေးရပ်မြေအတွက် ကောင်းတဲ့လုပ်ရပ်တွေ ကောင်းကျိုးပြုခြင်းတွေကို
ပြုလုပ်သင့်သလို ကိုယ့်နိုင်ငံနဲ့လူမျိုးကိုးကွယ်ရာ ဘာသာတရားကျင့်သုံးရာဖြစ်တဲ့
ယဉ်ကျေးမှုတွေကို စွမ်းနိုင်သမျှပေးဆပ်ကြမှသာ ကိုယ်မရှိတော့တဲ့အခါ အားလုံးက
လွမ်းကျန်ရစ်ပါလိမ့်မယ်။ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်ကို သုစရိုက်တရားနဲ့အညီ
ကောင်းကျိုးပြုကြရင် ကိုယ့်အကြောင်းကို ပြောနေသူတွေဟာ မုန်းလို့ပြောတာလည်း
မဟုတ်တော့သလို သူ့တို့အတွက် ကိုယ်ဟာ လိုအပ်သူတစ်ယောက်လည်း ဖြစ်သွားပါပြီ။
တကယ်တော့ လွမ်းတယ်ဆိုတာ ချစ်တာပါ။ ဒီအချစ်ကိုတော့ ၅၂၈ မေတ္တာချစ်ခြင်းလို့
ညွှန်းဆိုရပါလိမ့်မယ်။

  ♣ နေ့စဉ်သွားလာလှုပ်ရှား ရှင်သန်ရပ်တည်နေကြရတဲ့သူတွေအဖို့
တစ်နေ့နေ့မှာ ခွဲခွာကြမှာဖြစ်ပါတယ်။ ကိုယ်ကပဲ အားလုံးကို
ခွဲခွာသွားရမလား။ သူတို့ကပဲ ကိုယ့်ကို ခွဲခွာသွားမလား။
ဒီလိုခွဲခွာသွားတဲ့အခါ ကိုယ့်အကြောင်းလေးတွေကို သူတို့တွေ
ပြောနေမှာ သေချာပါတယ်။ အဲဒီအပြောလေးတွေဟာ ကိုယ့်ကိုလွမ်းလို့
ပြောတာ ဖြစ်ပါစေ။ ကိုယ့်ကိုချစ်လို့ ပြောတာ ဖြစ်ပါစေ။
သူတို့ရဲ့ရင်ထဲမှာ ကိုယ်ဟာ လွမ်းကျန်ရစ်အောင် ဖြစ်နေပါစေ ……။


နတ်သျှင် (ရွှေဂူ)
(စောင့်ကြည့် သတင်းဂျာနယ်)

bwar99.blogspot.com