ဝါကျွတ်ပွဲ၏
ရှုခင်းတစ်ခု
♣♣♣♣♣♣♣♣♣♣♣♣
လွန်ခဲ့သော ၂၅၅၆-နှစ်မှ ဝါကျွတ်ပွဲ၏ ရှုခင်းတစ်ခု
….
ထိုနှစ် ထိုနေ့ မွန်းတိမ်းစအချိန်မှာ သင်္ကဿမြို့
အနီးတွင် လူထုပရိသတ်ကြီးသည် ကြိတ်ကြိတ်တိုး စည်းကားလျက် ရှိသည်။ အရှင်သာရိပုတ္တရာ ခေါင်းဆောင်သော
သံဃာတော်ထုကြီးကလည်း လူထုရှေ့ရောက်ရှိနေသည်။ ပရိသတ်အားလုံးသည် အားတက်သရော စောင့်မျှော်နေကြသည်။
လူတိုင်း၏ မျက်လုံးအစုံသည် ပြာလဲ့လဲ့ ကောင်းကင်ကြီးကို ကြည့်၍ တစ်စုံတစ်ခုကို ရှာနေသကဲ့သို့
ရှိသည်။
လူထုပရိသတ်ကြီးသည် တိုင်ပင်မထားပဲ `ဟယ်` ဟု တစ်ပြိုင်နက်
အော်လိုက်မိသည်။ ပြာလဲ့လဲ့ကောင်းကင်ပြင်ကြီးကို ထိုးဖောက်၍ ဖြူနီဝါရောင်ခြည်တန်းကြီး
သုံးသွယ်သည် ရုတ်တရက် ပေါ်လာသည်။ သင်္ကဿမြို့ တံခါးဆီသို့ ထိုးစိုက်ကျရောက်လာသည်။ ငွေစောင်းတန်း၊
ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း စောင်းတန်းကြီး သုံးသွယ်အဖြစ် ထင်ရှားလာသည်။
မကြာမီပင် သာယာငြိမ့်ညောင်းလှသည့် နတ်စည်၊ နတ်စောင်းသံများနှင့်အတူ
အလယ်ဗဟို ပတ္တမြားစောင်းတန်းမှ တစ်လှမ်းချင်း ကြွဆင်းလာသော မြတ်ဗုဒ္ဓကို ထင်ရှားစွာ ဖူးမြင်ကြရသည်။ရွှေစောင်းတန်းမှ
နတ်များ၊ ငွေစောင်းတန်းမှ ဗြဟ္မာများ ခြံရံလိုက်ပို့ကြသည်။ နတ်အဆိုကျော် ပဉ္စသိခသည် ဗေလုဝနတ်စောင်းကို
သာယာငြိမ့်ညောင်းစွာ တီးလျက်၊ သယာမနတ်မင်းကြီးသည် စာမရီသားမြီးယပ် ကိုင်လျက်၊ သန္တုဿိတနတ်မင်းကြီးက
ပတ္တမြားယပ် တလွှဲလွှဲခတ်လျက်၊ သိကြားမင်းကြီးက ဝိဇယုတ္တရ ခရုသင်းကို ဗြဟ္မာများက ထီးဖြူတွေ
မိုးလျက် လိုက်ပါကြသည်။
စောင်းတန်းဦး ရောက်သည်နှင့် တပြိုင်နက် သံဃာ့ခေါင်းဆောင်ဖြစ်သူ
အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓကိုဦးစွာ ကြိုဆိုဦးတိုက် နှုတ်ဆက်သည်။ ဘိက္ခုနီများမှ ဥပ္ပလဝဏ္ဏာထေရီ
က ဒုတိယ၊ ပရိသတ်များက တတိယ ရှိခိုး နှုတ်ဆက်ကြသည်။ အရှင်သာရိပုတ္တရာက ဤသို့ လျှောက်ထားသည်။
``အို မြတ်စွာဘုရား …၊ ယနေ့ မြတ်စွာဘုရားကို လူနတ်အားလုံးတို့က
ချစ်ခင် ကြည်ညိုကြောင်းပြသလျက် ရှိကြပါပြီ၊ မြတ်စွာဘုရား၏ ဘဝမျိုးကို လိုလားတောင့်တလျက်
ရှိကြပါပြီ``
ထိုအခါ မြတ်ဗုဒ္ဓက ``ပိုင်နိုင်စွာ ရှုမှတ်၍ လွတ်လပ်ငြိမ်းချမ်းသော
တရား၌ နှစ်ခြိုက်ပျော်ပိုက်လျက် အစဉ်သတိရှိသော ပညာရှိပုဂ္ဂိုလ်များကို နတ်လူတွေက
ချစ်ခင်တောင့်တကြတာ ထုံးစံပဲ`` ဟု မိန့်တော်မူသည်။ ထို့နောက် အရှင်သာရိပုတ္တရာ၏
ဂုဏ်ရည်များ ပေါ်လွင်စေရန် ပြဿနာများမေး၍ အရှင်သာရိပုတ္တရာက ဖြေဆိုရာ အရှင်သာရိပုတ္တရာ၏
ပညာစွမ်းကို အံ့သြချီးမွမ်းကြရသည်။ အရှင်သာရိပုတ္တရာသည် အောက်ပါပြဿနာများကို မေးလျှောက်သည်။
``ဒီနေ့လောက် တင့်တယ်သည့် မြတ်စွာဘုရား၏ အသရေတော်ကို
ရှေးကမြင်လည်း မမြင်ဖူး၊ သူများပြောသံလည်း မကြားဖူးပါ။ မြတ်စွာဘုရား၏ စွမ်းရည်ကို လူနတ်တွေအားလုံး
ယနေ့ လက်တွေ့ သိမြင်ကြရပါပြီ။ လွတ်လပ်သော၊ တည်ကြည်မြင့်မြတ်သော၊ ရိုးသားသော လောကထွတ်ထား
မြတ်စွာဘုရားကို အများအတွက် ပြဿနာ မေးလျှောက်လိုပါသည်``။
``ဖြစ်, အို, နာ, သေ ဒုက္ခတွေကို ရွံ့မုန်းလှ၍ လူသံတိတ်ဆိတ်
တောမြိုင်ရိပ်သို့ ခိုဝင်ကပ်နား အမှတ်တရားဖြင့် နေသော ရဟန်းအဖို့ ကြောက်စရာကောင်းသော်လည်း
မကြောက်သင့်သောအာရုံ မည်မျှရှိပါသနည်း? ``
``တောစခန်းမှ ဘဝလွတ်မြောက်ရေး ကြိုးပမ်းနေသော ရဟန်းက
အနိုင်တိုက်ရမည့် ဘေးရန်တွေ မည်မျှ ရှိပါသနည်း? ``
``ထိုရဟန်းအနေနဲ့ ဘယ်စကား ပြောသင့်၊ ဘယ်နေရာ သွားလာသင့်၊
ဘယ်အလုပ် လုပ်သင့်ပါသနည်း? ``
``ထိုရဟန်းသည် အဘယ်သိက္ခာကို ခံယူကျင့်သုံးပြီး
ရင့်ကျက်သောဉာဏ်ရည်၊ တည်ကြည်သော နှလုံး၊ အစဉ်သုံးသော သတိဖြင့် ငွေစင်အောင် လုပ်သော
ပန်းတိမ်သည်ပမာ ကိုယ့်ကိုယ်ကိုယ် သန့်စင်အောင် လုပ်ရပါမည်နည်း? ``
မြတ်ဗုဒ္ဓ၏ အဖြေလွှာမှာ ဤသို့တည်း …။
``ထက်မြက်သော ပညာ၊ ထင်စွာသော သတိဖြင့် ရဟန်းကျင့်ဝတ်၌
တည်၍ မှက် ခြင် ယင်ရိုင်းဘေး၊မြွေကင်းဘေး၊ လူဆိုးသူဆိုးဘေး၊ သားရဲ တိရစ္ဆာန်ဘေး၊ အယူဝါဒ
မတူသော သူတို့၏ဘေး ဤဘေးငါးမျိုးနှင့် ရင်ဆိုင်တွေ့သော်လည်း ရဟန်းသည် ကြောက်ရွံ့မနေသင့်။``
``အပြစ်ကင်းသော ကျင့်စဉ်ကို ရှာဖွေစူးစမ်းနေသော
ရဟန်းသည် အနာရောဂါ၊ ဆာလောင်မွတ်သိပ်မှု၊ အပူဒဏ် အအေးဒဏ်တို့ကို ခံနိုင်ရမည်``။
``မခံနိုင်၍ အကုသိုလ်မှ သက်သာရာ မရှာသင့်၊ ဇွဲသန်သန်
အားထုတ်သင့်၏``။
``ရဟန်းသည် ခိုးဝှက်လုယူခြင်း မပြုသင့်၊ မုသားစကား
မပြောသင့်၊ သတ္တဝါတွေအပေါ်မေတ္တာတရားထားရမည်၊ စိတ်ဆိုးစိတ်ညစ်များပေါ်လာက မကောင်းကျိုးပေးမည့်
တရားတွေပဲဟု ပယ်ပစ်လိုက်ရမည်`` ။
``ရဟန်းသည် ဒေါသတကြီး စိတ်လိုက်မာန်ပါ မလုပ်သင့်၊
မာနမကြီးသင့်၊ ဒေါသမာနတို့ကို အမြစ်ပါမကျန် တူးဖြိုပစ်ရမည်၊ ချစ်ခြင်းမုန်းခြင်း နှစ်မျိုးကို
အနိုင်တိုက်ရမည်၊ ကောင်းမြတ်သော ပီတိကို အရယူ၍ ပညာရှေ့ထား ဘေးရန်များကို တော်လှန်ပစ်ရမည်``
။
``စိတ်ငြိမ်ရာဌာနနှင့် အလုပ်စခန်းဝယ် မပျော်ပိုက်ခြင်းကို
အနိုင်တိုက်ရမည်၊ စားဝတ်နေရေးကို တွေးမိလျှင် ပစ္စည်းမဲ့ရဟန်းအဖို့ ငိုမိတတ်သည်၊ ထိုအတွေးများကို
ဖျောက်ပစ်ရမည်`` ။
``အချိန်တန်၍ ဆွမ်းသင်္ကန်း ရလာသောအခါ ရောင့်ရဲမှုဂုဏ်
မပျက်စေရန် ဒကာ့ပမာဏ ကိုယ့်ပမာဏ သိရမည်၊ မြို့တွင်း ရွာတွင်းသို့ ရောက်သောအခါ ဣနြေ္ဒထိန်းချုပ်၍
သွားရမည်၊ လူတွေကစော်စော်ကားကား ပြောလာပြန်လည်း ကြမ်းတမ်းသော စကားမျိုးဖြင့် ပြန်မပြောရ``
။
``မျက်လွှာချ၍ သွားရမည်၊ ထိုထို ဤဤ လျှောက်မသွားရ၊
ရှုမှတ်မှု တရား အားထုတ်ရမည်၊ နိုးနိုးကြားကြား နေရမည်၊ ဥပက္ခာရှိသော တည်ကြည်မှုမျိုးရအောင်
အားထုတ်ရမည်၊ မကောင်းသော အတွေးအတောများ၊ နောင်တများကို ဖြတ်ပစ်ရမည်`` ။
``ဆရာသမားများက သတိပေး ဆုံးမသောအခါ နှစ်သက်စွာ
လက်ခံရမည်၊ သီတင်းသုံးဖော်များအပေါ် ထိပါးပုတ်ခတ်ချင်စိတ်ဟူသော ငြောင့်ကို နှုတ်ဖယ်ပစ်ရမည်၊
အပြစ်ကင်းသော စကားကိုသာ အချိန်နဲ့အချိန် ပြောရမည်၊ လူကဲ့ရဲ့ခံရမည့် အလုပ်မျိုးကို စိတ်ကူးပင်
မထည့်ရ`` ။
``အာရုံငါးပါးမှာ စွဲကပ်တတ်သော တဏှာမြူကို ဖယ်ရှားနိုင်အောင်
ကျင့်ရမည်။ သို့မှသာ အာရုံ၏ အတိုက်အခိုက်ကို ခံနိုင်မည်`` ။
``ငါးပါးအာရုံ ကာမဂုဏ်၌ ခင်တွယ်သော ဆန္ဒကို ဖယ်ရှား၍
အစဉ်ကပ်သော သတိ၊ လွတ်လပ်သော စိတ်ရှိလျက် သင်္ခတတရားတို့၌ စူးစိုက်လေ့လာခြင်းဖြင့် မသိခြင်းအမှောင်ထုကို
ဖြိုခွင်းရာသတည်း`` ။
မြတ်ဗုဒ္ဓသည် ကြည်လင်ပြတ်သားသောအသံဖြင့် ဟောကြား၍
တရားတော်ကို အဆုံးသတ်လိုက်သည်၊ ပရိသတ်ကြီးထံမှ တောင်ပြိုမြေအက် ဝက်ဝက်ကွဲမျှ သာဓုသံကြီး
ပေါ်ထွက်လာသည်။ ဤကား လွန်ခဲ့သော ၂၅၅၆-နှစ်မှ ဝါကျွတ်ပွဲ၏ ရှုခင်းတစ်ခု ဖြစ်သည်။
``ဘေးရန်တွေနဲ့
ရင်ဆိုင်ရပေမယ့် မကြောက်နဲ့၊ ကိုယ့်အလုပ်ကို ရဲရဲလုပ်၊ ရိုးရိုးနေ၊ စိတ်ကောင်းမွေး၊
အများကောင်းကျိုး ဆောင်ရွက်၊ ဒေါသ မာန မကြီးနဲ့၊ အာဏာ မပြနဲ့၊ အကျိုးပြုသော ဝေဖန်ချက်မျိုးကို
လက်ခံ၊ ငါ့အလုပ် အောင်ပါ့အောင်ပါ့မလားဆိုသည့် ပျော့ညံ့သောစိတ်မျိုးကို စိတ်ကူးပင် မထည့်ရ``
စသော သွန်သင်ချက်များသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၆-နှစ်မှ ယနေ့တိုင်အောင် လူတိုင်းအတွက်
ဘဝလမ်းညွှန်များအဖြစ် တည်ထွန်းလျက် ရှိပေသတည်း။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(ဓမ္မဗျူဟာစာစောင်၊
အတွဲ (၁၂)၊ အမှတ်(၇)
၁၃၃၅-ခုနှစ်၊
သီတင်းကျွတ်လပြည့်၊)
bwar99.blogspot.com
No comments:
Post a Comment