အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, September 26, 2018

ယာဉ်အက်ဆီးဒင့်ဖြစ်ပြီး သေဆုံးခဲ့ရင်


   ယာဉ်အက်ဆီးဒင့်ဖြစ်ပြီး
♣♣♣♣♣♣♣♣♣♣
သေဆုံးခဲ့ရင် ဘယ်ဘဝရောက်နိုင်သလဲ
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


   ♦ ယာဉ်အက်ဆီးဒင့်ဖြစ်ပြီး သေဆုံးခဲ့ရင် ဘယ်ဘဝရောက်နိုင်သလဲဆိုတဲ့
မေးခွန်းပုစ္ဆာ အမေးပြဿနာ မေးခဲ့တဲ့သူက မဟာနာမ်မင်းကြီးဖြစ်ပါတယ်။
မဟာနာမ်မင်းကြီးဆိုတာလည်း တခြားသူမဟုတ်ပါဘူး။
အရှင်အနုရုဒ္ဓါရဲ့ အစ်ကိုကြီးပါ။ မဟာနာမ်မင်းကြီးတို့ ခေတ်ကာလတုန်းကတော့
ယနေ့ခေတ်လို မောတော်ကား၊ဆိုင်ကယ် စတဲ့ စက်တပ်ယာဉ်တွေ မပေါ်သေးပါဘူး။
သူ့ခေတ်နဲ့သူ ဆင်ရထား၊ မြင်းရထား၊ ဆင်ယာဉ်၊ မြင်းယာဉ်စတဲ့
ယာဉ်အမျိုးအစားတွေပဲ ရှိပါသေးတယ်။

   ♦ တစ်နေ့တော့ မဟာနာမ်မင်းကြီးက မြတ်စွာဘုရားကို မေးမြန်းလိုက်တာက ….
   ` မြတ်စွာဘုရား ဘုရားတည့်တော်ဟာ မြတ်စွာဘုရားကျောင်းတော်ကို
လာရောက်တဲ့နေ့တွေမှာဆိုရင် တစ်နေ့ကုန် ဘုရားကျောင်းတော်မှာ နေ့လေ့ရှိပြီး
မြို့တံခါးပိတ်သိမ်းခါနီး ညနေစောင်းအချိန် ရောက်မှသာ ပြန်လေ့ရှိပါတယ်ဘုရား။
ညနေပိုင်းအချိန်တွေဆိုရင် ရထားကြမ်း၊ ဆင်ကြမ်း၊ မြင်းကြမ်း၊ လူကြမ်းတွေဟာ
စည်းကမ်းမဲ့ မောင်းနှင်ကြလေ့ ရှိပါတယ်`

   ♦ ဒီနေရာမှာ မဟာနာမ်မင်းကြီး ပြောတဲ့ ရထားကြမ်း၊ ဆင်ကြမ်း၊ မြင်ကြမ်းဆိုတာက
ရထားတွေ၊ ဆင်တွေ၊ မြင်းတွေကို ကြမ်းကြမ်းတမ်းတမ်း
မောင်းနှင်စီးနင်းကြတာကို ဆိုလိုတာပါ။

   ♦ `အဲဒီလို မြို့တံခါး ပိတ်သိမ်းခါနီး ကြမ်းကြမ်းတမ်းတမ်း
စီးနင်း မောင်းနှင်ကြတဲ့ရထားကြမ်း၊ ဆင်ကြမ်း၊ လူကြမ်းတွေနဲ့
ပြည့်သိပ်ပိတ်ဆို့နေတဲ့အခါ သူတို့ကို ရှောင်ရှားဖြတ်သန်းသွားရတဲ့
အကျွန်ုပ်စိတ်ထဲမှာ ဘုရားကိုလည်း နှလုံးသွင်း သတိမရမိပါဘူး။
တရားကိုလည်း အမှတ်မရမိပါဘူး။ သံဃာကိုလည်း အောက်မေ့မမိပါဘူး။
ရတနာသုံးပါးရဲ့ဂုဏ်ကို သတိမထားမိပါဘူး ဘုရား။
အကယ်၍များ အဲဒီလို အချိန်မျိုးမှာ အကျွန်ုပ်ကို ရထား၊ ဟာဉ်၊ ဆင်၊ မြင်း၊
အမျိုးမျိုး တိုက်မိခဲ့လို့ သေဆုံးခဲ့ရလျှင် ဘယ်ဘုံဘဝ ရောက်နိုင်ပါလဲ ဘုရား`
လို့ မေးလျှောက်ထားပါတယ်။

  ♦ ဒီနေရာမှာ စာရေးသူ တစ်ချက်လေး သတိပြု စဉ်းစားမိတာလေးက
မဟာနာမ်မင်းကြီးရဲ့ အမေးဟာ ယနေ့ခေတ် မြန်မာပြည်ကြီးရဲ့
ဟာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချို့ယွင်းအားနည်းချက်ကို
ကြိုသိပြီး မေးခဲ့တာ များလား။
မြတ်စွာဘုရားရှင်ကလည်း မြန်မာပြည်သူပြည်သားတွေအတွက် ကြိုမြင်လို့
ဟောခဲ့တာများလားလို့ သံယုတ်ပါဠိတော်လာ မဟာနာမ ပထမသုတ္တံကို
လေ့လာဖတ်ရှုရင်း စဉ်းစားကြည့်မိပါတယ်။

   ♦ မဟာနာမ်မင်းကြီးက အဲဒီလို မေးလျှောက်တော့ မြတ်စွာဘုရားရှင်က ----
   ` အသင် မဟာနာမ်မင်းကြီး အကြင်လူတစ်ယောက်ဟာ
ရတနာသုံးပါးကို အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်လေ့ရှိပြီး
မိမိရဲ့သန္တာန်မှာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ တရားငါးပါးနဲ့ ပြည့်စုံနေပါက
အမှတ်မထင် ရုတ်တရက် သေဘေးကြုံ၍ သေဆုံးသွားရသော်လည်း
အပါယ်ဆင်းရဲဒုဂ္ဂတိဘုံသို့ မရောက်နိုင်ဘူး`
   လို့ မိန့်ဆိုတော်မူပြီး လောကဥပမာလေးတစ်ခုကို ဆောင်ပြပါတယ်။

   အသင် မဟာနာမ်မင်းကြီး အကြင်လူတစ်ယောက်ဟာ
ထောပတ်ဆီတို့နဲ့ ပြည့်နေတဲ့ ထောပတ်အိုးကို ရေအပြည့်ရှိတဲ့ ရေကန်အတွင်းဆင်း၍
ရေလယ်ခေါင်မှာ ထောပတ်အိုးကို ရိုက်ခွဲလိုက်သော်လည်း ထောပတ်ဆီတို့ဟာ
ရေထဲနစ်မြုပ်မသွားဘဲ ရေပြင်အပေါ်မှာပဲ ထင်ကျန်ရစ်ပြီး အိုးခြမ်းကွဲတို့သာ
ရေထဲနစ်မြုပ်ရတဲ့ ဥပမာလိုပဲ ရတနာသုံးပါးကို အသက်ထက်ဆုံး
ကိုးကွယ်ဆည်းကပ်တတ်သူ၊ ရတနာသုံးပါးရဲ့ ဂုဏ်ကို ခိုင်မြဲတဲ့ ယုံကြည်မှု
သဒ္ဓါတရားနဲ့ ပြည့်စုံသူ၊ မိမိတို့ စောင့်ထိန်းအပ်သော ကိုယ်ကျင့်သီလ
တစ်နည်းအားဖြင့် ငါးပါးသောကိုယ်ကျင့်သီလနဲ့ ပြည့်စုံသူ၊
ရတနာသုံးပါးနဲ့ စပ်သော လောကီအကျိုးစီးပွားနဲ့ စပ်သော
လောကုတ္တရာအကျိုးစီးပွားနဲ့ စပ်သော အသိအမြင် အတတ်ပညာ ဗဟုသုတနဲ့
ပြည့်စုံသောသူ၊ စာဂအပေးအကမ်း စွဲကြဲလှူဒါန်းခြင်း၊ ဒါနစတဲ့ အကျင့်နဲ့ ပြည့်စုံသူ၊
သမထဘာဝနာ ဝိပဿနာဘာဝနာ ပညာနဲ့ ပြည့်စုံသောသူတို့သည်
ရုတ်တရက် အမှတ်မထင် ဘေးအန္တရာယ်ကြုံ သေဆုံးရသော်လည်း
ကောင်းမှုနဲ့ ပြည့်စုံနေသောကြောင့် ရတနာသုံးပါးဂုဏ် ရုတ်တရက် နှလုံးမသွင်းသော်လည်း
အပါယ်ဒုဂ္ဂတိ ဆင်းရဲသောဘုံသို့ မကပ်မရောက်ရပေလို့ မိန့်တော်မူလိုက်ပါတယ်။

   ♦ မဟာနာမ်မင်းကြီးရဲ့ အမေးပုစ္ဆာကို မြတ်စွာဘုရားရှင် မိန့်ဖော်ဟောကြားတော်မူခဲ့တဲ့
တရားဒေသနာတော်က ယနေ့ခေတ်ကာလနဲ့ အလွန်ပဲ တိုက်ဆိုင်လွန်းနေပါတယ်။
ဗုဒ္ဓရဲ့ အဆုံးအမ ဒေသနာတော်အတိုင်း လိုက်နာကျင့်သုံးကြတဲ့
ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ဘုရားရှင်အဆုံးအမတော်အတိုင်း
ကောင်းမှုနဲ့ ပြည့်စုံအောင် ကျင့်သုံးနေထိုင်ကြပါလို့ မေတ္တာပြု တိုက်တွန်းရင်း
ယာဉ်အန္တရာယ် ဘေးအပေါင်းမှလည်း ကင်းဝေးကြပါစေကြောင်း
မေတ္တာသွန်းထု ဆုတောင်းလိုက်ပါတယ် ……။


   အရှင်မုနိတ
(ဇမ္ဗူဒိပ် ဂျာနယ်)

bwar99.blogspot.com

No comments:

Post a Comment