သဲပုံစေတီ တည်ထားပူဇော်ရခြင်း
♦♦♦♦♦♦♦♦♦♦♦♦♦♦♦
(တပေါင်းလ သဲပုံစေတီပူဇော်ပွဲ)
ခေတ်ကာလနဲ့အညီ ဘုရားစေတီအမျိုးမျိုး တည်ထားပူဇော်ကြပါတယ်။
ဘုရားစေတီတည်ထားတယ်ဆိုတာက
တည်ထားတဲ့ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ထံ
ကုသိုလ်ရဖို့သာ
မဟုတ်ပါ။ လူနတ် ဗြဟ္မာပုဂ္ဂိုလ်သတ္တဝါတွေ ဘုရားစေတီတွေကို
ကြည်ညိုသဒ္ဓါပွား
ကုသိုလ်ရပါစေဆိုတဲ့ နှလုံးသွင်းရည်မှန်းချက်
စေတနာကောင်းနဲ့ယှဉ်ပြီး
တည်ထားပူဇော်ကြခြင်း ဖြစ်ပါတယ်။
ကုသိုလ်နှင့်ယှဉ်တဲ့ စေတနာ၊ ကောင်းမွန်မြတ်တဲ့
ရည်မှန်းချက်တွေနဲ့
တည်ထားပူဇော်ကြလို့
အကျိုးကျေးဇူးကလည်း ကောင်းမြတ်တဲ့
ကုသိုလ်အကျိုးကျေးဇူးများစွာ
ရရှိနိုင်ပါတယ်။
ဘုရားစေတီတည်တာနဲ့
စပ်လျဉ်းလို့ ကုသိုလ်အကျိုးပေးကြီးမားပုံအကြောင်း
သာဓကထုတ်ဆောင်
ပြောရမယ်ဆိုရင် `ပုလိနထူပိယ` ရဟန္တာမထေရ်မြတ်ကြီး
အကြောင်းက
သာဓကအထင်ရှားဆုံးပါပဲ။
ပုလိနထူပိယမထေရ်လောင်းလျာ ဘုရားမပွင့်ထွန်းခင်ကာလ၊
သာသနာကာလမှာ
ရသေ့ရှစ်သောင်းခြံရံလျက် ဟိမဝန္တာတောကြီးထဲ
ရသေ့အပေါင်းတို့ရဲ့
ဆရာသခင်အဖြစ် နေထိုင်တယ်။
ရသေ့အပေါင်းတို့မှ
မိမိဟူသော ဆရာသခင်ရှိနေ၍ အားကိုးအားထား
ကိုးကွယ်ရာ
ဆရာရှိနေကြတယ်။ မိမိမှာက ရသေ့တို့ရဲ့ဆရာ အကြီးအမှူးဖြစ်နေ၍
အားထားကိုးကွယ်ရာ
ဆရာမရှိ ဖြစ်နေတယ်။ အားထားကိုးကွယ်ရာ
ဆရာမရှိဖြစ်နေခြင်းကလည်း
ဒုက္ခဆိုပြီး ဆရာမရှိတဲ့ဒုက္ခကို
အမြဲ ညည်းထွားနေလေ့ရှိတယ်။
တစ်နေ့မှာတော့ ဆရာရသေ့ကြီး စဉ်းစားဆင်ခြင်မိတာက
လောကမှာ ဆရာတို့ရဲ့
ဆရာအဖြစ် ကိုးကွယ်အားထားထိုက်တာက
ဂင်္ဂါဝါဠုသဲစုမက
ပွင့်တော်မူပြီးသော ဘုရားသခင်ဖြစ်တယ်။
ငါ့ရဲ့ဆရာအဖြစ်
မြတ်စွာဘုရားရှင်ကို ရည်မှန်းပူဇော်
ကိုးကွယ်မယ်လို့
စဉ်းစားမိတယ်။ ဘုရားကိုယ်စား
သဲပုံစေတီတည်ထားပြီး
ဘုရားရှင်တို့ရဲ့ ဂုဏ်တော်တွေထုံးမွမ်းပြီး
ပူဇော်မယ်လို့
စဉ်းစားဆင်ခြင်တော်မူပြီး ဟိမဝန္တာတောထဲမှာ
သဲပုံစေတီတည်ထား
ကိုးကွယ်ပူဇော်ပါတယ်။
ရသေ့တို့၏ဆရာ နာရဒရသေ့ဟာ သဲပုံစေတီကို ရှိခိုးပူဇော်တဲ့အခါ
`သမ္မုခံ ဝိယသမ္ဗုဒ္ဓ`ကို သက်တော်ထင်ရှားဘုရားရှင်တော်၏
မျက်မှောက်တော်၌
ရှိခိုးပူဇော်နေသကဲ့သို့ စိတ်နှလုံးသွင်းပြီး
ဘုရားရဲ့ဂုဏ်တော်တွေကို
နှလုံးသွင်းအာရုံပြုပြီး နေ့/ည မပျက်မကွက်
ပူဇော်တယ်။
ရသေ့တို့ရဲ့ဆရာကြီး နာရဒရသေ့တည်ထားတာက
သဲပုံစေတီ
ဖြစ်တယ်။ သို့ပေမယ့် ပူဇော်တဲ့အခါကြတော့
သဲပုံစေတီမှာပဲ
အာရုံမထားဘူး။ ဘုရားရှင်ရဲ့ဂုဏ်တော်ကို
အာရုံထား
ပူဇော်ခဲ့တာ ဖြစ်တယ်။ အဲဒီလို ပူဇော်ခြင်းက
အကျိုးပေးကြီးမားဖို့အတွက်
အဓိကသော့ချက် ဖြစ်နေတယ်။
ရသေ့တို့ရဲ့ဆရာ နာရဒရသေ့သက်တမ်း ကံစွမ်းကုန်
လူ့ဘဝနေထိုင်ခဲ့ရပြီး
စုတေကွယ်လွန်တဲ့အခါ ဗြဟ္မာမင်းကြီးအဖြစ်
ဗြဟ္မာပြည်ရောက်ရှိလာပြီး
ဗြဟ္မာပြည်က စုတေကွယ်လွန်တဲ့အခါ
နတ်ပြည်မှာ
သိကြားမင်းစည်းစိမ်ကို ခံစားနေရတယ်။
လူပြည်ရောက်ပြန်တော့လည်း
မင်းအဖြစ်က အကြိမ်ကြိမ်၊
စကြာဝတေးမင်းအဖြစ်ကလည်း
အကြိမ်ကြိမ် ချမ်းသာစည်းစိမ်တို့ကို
ခံစားစံစားရပြီးနောက်
ဂေါတမဘုရားရှင် ပွင့်ထွန်းတော်မူတဲ့ကာလ၊
သာသနာတွင်းကာလ၌
ရာဇဂြိုဟ်မြို့ရဲ့ သူဋ္ဌေးသူကြွယ်ကြီးရဲ့
တစ်ဦးတည်းသော
သားဖြစ်ခဲ့ရပြီး အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို
ဥပဇ္ဈာယ်ပြု၍
သရဏဂုံဆောက်တည် ရှင်သာမဏေပြုသောအခါ
ဆံချစဉ်ကပင်
ကမ္မဋ္ဌာန်းဆင်ခြင်၍ (၇) နှစ်သားအရွယ် ရဟန္တာအဖြစ်သို့
ရောက်ရှိပြီး
အရဟတ္တဖိုလ်နဲ့ နိဗ္ဗာန်မျက်မှောက်ပြုနိုင်ခဲ့တယ်။
(၇) နှစ်သားအရွယ်နဲ့ အရဟတ္တဖိုလ်ရောက် ရဟန္တာဖြစ်လာသောအခါ
မိမိ၏ ရှေးကောင်းမှု
ကံဟောင်း သဲပုံစေတီတည်ထားကိုးကွယ်ပူဇော်ခဲ့ရသော
ကုသိုလ်အစွမ်း
အထောက်အပံကြောင့် အာသဝေါကင်းကွာ ရဟန္တာအဖြစ်
ရောက်ခဲ့ပုံကို
ရင်တွင်းလှိုက်ဖိုပျို့အန်ထွက်၍ ဥဒါန်းကျူးရင့်တော် မူလိုက်ပါတယ်။
ပုလိနထူပိယရဟန္တာမထေရ်လို့
ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။
ပုလိနထူပိယမထေရ် ဥဒါန်းကျူးရင့်သော ဥဒါန်းစကားကိုမှီ၍
သဲစေတီ၊ ဘုရားပုထိုးစေတီတော်များ
တည်ထားပူဇော်ရခြင်းကြောင့်
ရရှိနိုင်သော
အကျိုးအာနိသံသတို့က …..
၁။ ခန္ဓာကိုယ်မှ ချေးညှော်မြူး အညစ်အကြေးမတင်
ကင်းစင်ရခြင်း။
၂။ ခန္ဓာကိုယ်မှ နံစော်သော အနံ့အသက်ဆိုးများကင်းစင်
သန့်ရှင်းခြင်း။
၃။ ခန္ဓာကိုယ်အချိုးအစား အလုံးအရပ်အမောင်းနဲ့
ပြည့်စုံတင့်တယ်ခြင်း။
၎။ အများနဲ့မတူသော ကိုယ်ခန္ဓာအရောင်အဆင်း
လှပရခြင်း။
၅။ အများတကာထက် အသက်ရှည်ရခြင်း။
၆။ အနာကြီးရောဂါများ ကင်းစင်ခြင်း။
၇။ လူ နတ်တို့၏ ချစ်ခင်ကြည်ညိုရခြင်း။
၈။ ပညာဉာဏ် ခွန်အားဗလနဲ့ ပြည့်စုံခြင်း။
၉။ အခြံအရံများ၊ စည်းစိမ်နဲ့ ပြည့်စုံခြင်း။
၁၀။ ပဠိသမ္ဘိဒါဉာဏ်လေးနဲ့ ပြည့်စုံသော
ရဟန္တာအဖြစ်သို့ ဆိုက်ရောက်၍
နိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်း စတဲ့အကျိုးထူးတွေ
ရရှိနိုင်ပါတယ်။
မြန်မာ့ယဉ်ကျေးမူ (၁၂) လ ရာသီပွဲတော်များတွင် တပေါင်းလ
သဲပုံစေတီပူဇော်ပွဲလို့
ဆိုထားပါတယ်။
(၁၂) လ ရာသီကုသိုလ်တော်ပွဲမှာ
သဲပုံစေတီ တည်ထားပူဇော်
ကုသိုလ်ထူးကို
အရယူကြပါလို့ တိုက်တွန်းရေးသာမူ ပြုလိုက်ရပါတယ် ….။
အရှင်မုနိတ
(လယ်တီကမ္မဌာနစရိယ)
(ဇမ္ဗူဒိပ်
ဂျာနယ်)
bwar99.blogspot.com