သတိပါတဲ့ အချစ်
♣♣♣♣♣♣♣♣♣♣♣
♦ ပုထုဇဉ်တွေဆိုတော့
မချစ်ပါနဲ့ပြောလည်း ချစ်ကြမှာပါပဲ။ ချစ်ပါ။
ဒီတော့ ဘယ်လိုချစ်မလဲ
…။ ချစ်တဲ့နေရာမှာ သတိပါတဲ့အချစ်နဲ့
သတိမပါတဲ့အချစ်ဆိုပြီး
နှစ်မျိုးရှိပါတယ်။ အဲဒီတော့ ပုထုဇဉ်ပီပီ ချစ်စရာရှိလို့
ချစ်မယ်ဆိုရင်လည်း
သတိပါတဲ့အချစ်နဲ့ပဲ ချစ်ဖြစ်ဖို့လိုပါတယ်။
♦ သတိပါတဲ့အချစ်ကတော့
ချစ်စရာအာရုံတစ်ခုခုကိုတွေ့ရင် ချစ်သင့်သလား၊
မချစ်သင့်ဘူးလား၊
ချစ်အပ်လား၊ မချစ်အပ်လား၊ ကိုယ့်ရဲ့ချစ်ခင်တွယ်တာမှုဟာ
လွန်လွန်ကဲကဲဖြစ်နေသလား
စသည်ဖြင့် အသိဉာဏ်က တွဲတွဲပါနေတတ်ပါတယ်။
ဒီတော့ လောကပြစ်၊
သံသရာပြစ်တွေလည်း မဖြစ်တော့ပါဘူး။ အချစ်မှာ အရေးကြီးဆုံးက
လောကပြစ်၊
သံသရာပြစ် မဖြစ်ဖို့က အဓိကပါ။
♦ သတိပါတဲ့အချစ်နဲ့
ချစ်ကြသူတွေကို လောကသဘာဝအရ ဘယ်သူမှ အပြစ်မမြင်ကြပါဘူး။
♦ သတိမပါတဲ့အချစ်နဲ့
ချစ်မိရင်တော့ လောကပြစ်၊ သံသရာပြစ်တွေက တန်းစီနေသလို
ကိုယ့်ပတ်ဝန်းကျင်ကလည်း
အပြစ်မျိုးစုံတင်ကြတော့မှာပါ။
♦ အချစ်ကြောင့်
ကျောင်းပညာရေးဆုံးရှုံးရတာ၊ အချစ်ကြောင့် ဘဝ ရည်မှန်းချက်ကို
စွန်လွှတ်လိုက်ရတာ။
အချစ်ကြောင့် အချိန်တွေ အလဟဿ ကုန်ဆုံးရတာ၊ အချစ်ကြောင့်
အလုပ်တွေ
ဆုံးရှုံးလက်လွှတ် လိုက်ရတာ၊ အချစ်ကြောင့် ထောင်ကျတာ၊ အချစ်ကြောင့်
ငရဲကျရတာ
စသည်ဖြင့် ဆိုးကျိုးတွေ အများကြီးပါပဲ။ ဒါတွေဟာ သတိမပါတဲ့ အချစ်နဲ့
ချစ်မိလို့
ရရှိတဲ့ဆိုးကျိုးတွေပါ။
♦ တကယ်လို့
အချစ်တစ်ခု ဆုံးရှုံးလိုက်ရတယ်။ ဘာဖြစ်လဲ၊ လူဆိုတာ အချစ်တစ်ခုတည်းနဲ့
အသက်ရှင်နေတာမှ
မဟုတ်တာ။ တခြား ယုံကြည်ချက်တွေလည်း ရှိနေသေးတာပဲ။
အဲဒီယုံကြည်ချက်တွေနဲ့
ဘဝကို တည်ဆောက်ရုံပေါ့။ အချစ်ဆိုတာ ဘဝမှာ တစ်သက်လုံး
ပြဋ္ဌာန်း မနေသင့်ပါဘူး။
ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ ရှိနေသင့်ပါတယ်။
♦ ဝိရဇ =
ရာဂစတဲ့ မြူမရှိအောင်နေခြင်းဟာ မင်္ဂလာပါတဲ့။
ရာဂစတဲ့ ကိလေသာတွေကို
မြူနဲ့တင်စားပြီး ပြောထားတာပါ။
♦ ပကတိမြူတွေဟာ
ကိုယ်ပေါ်ကျရင် ညစ်ပေညစ်နွမ်းရတတ်သလို
ရာဂစတဲ့ ကိလေသာတွေ
ကိုယ့်သဏ္ဌာန်မှာ ကျရောက်လာရင်လည်း
စိတ်ကော ရုပ်ကော
ညစ်နွမ်းရတော့တာပါ။
♦ ရာဂစတဲ့
မြူများများရှိတဲ့သူဟာ များများညစ်နွမ်းရမယ်။
နည်းနည်းရှိတဲ့သူဟာ
နည်းနည်းပဲညစ်နွမ်းရမယ်။
လုံးဝမရှိတော့ရင်တော့
မညစ်နွမ်းတော့ပါဘူး။
♦ ရာဂစတဲ့
မြူတွေရှိနေသရွေ့တော့ သံသရာ ကျင်လည်နေရဦးမှာပါ။
သံသရာ ကျင်လည်နေသရွေ့တော့
ငိုတစ်ခါ ရယ်တစ်လှည့်နဲ့
လောက ဇာတ်ခုံပေါ်မှာ
ကနေကြရဦးမှာပါ။
♦ မြူကင်းချင်တယ်၊
အချစ်ကင်းချင်တယ်ဆိုရင်တော့
ဝိပဿနာ တရား
အားထုတ်မှပဲ ကင်းမှာပါ။
♦ ဆယ့်ငါးမိနစ်
ဝိပဿနာတရား အားထုတ်လို့ ဆယ့်ငါးမိနစ် အချစ်ကင်းတယ်ဆိုရင်
ဆယ့်ငါးမိနစ်
ချမ်းသာမှာပါ။ နာရီဝက် ဝိပဿနာတရား အားထုတ်လို့
နာရီဝက် အချစ်ကင်းတယ်ဆိုရင်
နာရီဝက် ချမ်းသာမှာပါ။
ချစ်စရာတွေ
အများကြီးရှိနေတဲ့ ဒီလောကကြီးထဲမှာ အချစ်မရှိသူ
လူသားတစ်ယောက်အဖြစ်
တစ်နေ့ကို ဆယ့်ငါးမိနစ်လောက်ပဲဖြစ်ဖြစ်၊
နာရီဝက်လောက်ပဲဖြစ်ဖြစ်
နေကြည့်သင့်ပါတယ်။ အချစ်မရှိတဲ့ လူသားတစ်ယောက်မှာ
ဘယ်လောက်
ချမ်းသာတယ်ဆိုတာ သိသွားအောင်လို့ပါ။
♦ ပုထုဇဉ်ပီပီ `မချစ်ရရင် မနေနိုင်တာကလွဲလို့` ဆိုရင်လည်း
သတိပါတဲ့ အချစ်နဲ့ ချစ်ဖြစ်လိုက်ဖို့ပါပဲလေ
……။
ဓမ္မရဝေတောရဆရာတော်
အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
(မင်္ဂလာအတွေးများ
စာအုပ်မှ)
bwar99.blogspot.com