Saturday, December 31, 2016
နှစ်သစ်ဆုတောင်း
***********************************
အဘိရူပသုစိတ္တေဟိ= အလွန်လှပဆန်းကြယ်ကုန်သော။
ပျော်စံမငြီး ဥယျာဉ်ကြီးသည်။
တင့်တယ်သကဲ့သို့။
တွေ့သမျှအဖုံဖုံ အလုံးစုံကုန်သော။
တစ်ယောက်ကိုယုံ၍ အကုန်အပ်နှင်း မိတ်ရင်းဆွေကောင်း
အသင် အဖော်အပေါင်းတို့သည်။
ပွားများစုဆောင်း သူတော်ကောင်းတို့သည်။
အကြောင်းအခွင့် မလင့်ပုံသေ ဖြစ်ကြပါစေကုန်သတည်း။
ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရ
Thursday, December 29, 2016
ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
Tuesday, December 27, 2016
Monday, December 19, 2016
ရနိုင်ခဲ့သည့် ရတနာ
ရနိုင်ခဲ့သည့် ရတနာ
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ဝေသာလီပြည်ရှိ မဟာဝန်တောပြာသာဒ် ကျောင်း၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ်အခါက ဖြစ်ချေ၏။
တစ်နေ့သောကာလမှာတော့ လိစ္ဆဝီမင်းသား ငါးရာတို့သည် သာရန္ဒဒစေတီတော်၌ စုဝေးကြလျက် စကားစမြည်များ ပြောဆိုနေကြလေ၏။
" အချင်းတို့ လောကမှာ ရနိုင်ခဲ့တဲ့ရတနာ ငါးပါးရှိတာ သိကြရဲ့လား ”
" သိပါပြီကော အဆွေရယ် ”
၁။ ဆင်ရတနာ
၂။ မြင်းရတနာ
၃။ ပတ္တမြားရတနာ
၎။ မိန်းမရတနာနဲ့
၅။ သူကြွယ်ရတနာဆိုတဲ့ ရတနာငါးပါးပဲ မဟုတ်လား ”
" မှန်လိုက်လေ မိတ်ဆွေရယ်၊ မှန်လိုက်လေ ”
ထိုအခိုက် ဘုရားရှင် ဆွမ်းခံကြွမြန်းနေသည်ကို လိစ္ဆဝီမင်းသားတို့ တွေ့မြင်လိုက်ကြရသည်။
ဒီအတွက် ဘုရားရှင်အား လေးမြတ်ကြည်ညိုကြသူများပီပီ ၎င်းတို့စုဝေးနေကြရာ သာရန္ဒဒစေတီတော်၏ ပရိဝုဏ်သို့ ပင့်ဆောင်ခဲ့ကြသည်။ ဘုရားရှင်လည်း ပင့်ဆောင်ရာသို့ ကြွရောက်လိုက်ပါတော်မူပြီးနောက် အခင်းတစ်ခုပေါ်၌ တင့်တယ်စွာ စံပယ်တော်မူရင်း....
" လိစ္ဆဝီမင်းသားတို့ ဘယ်လိုစကားပြောဆိုပြီး စည်းဝေးနေကြပါသလဲ ” ဟု မေးတော်မူလိုက်သည်။
ဤတွင် မင်းသားတစ်ပါးက...
" အရှင်ဘုရား... တပည့်တော်တို့ဟာ လောကမှာရနိုင်ခဲ့တဲ့ ရတနာငါးပါးအကြောင်းကို ပြောဆိုစည်းဝေးနေကြတာပါ ဘုရား ” ဟူ၍ ဖြေကြားလျှက် ၎င်းတို့ ထင်မြင်ယူဆထားခဲ့ကြသည့် ရတနာငါးပါးမှာ မှန်ကန်ခြင်းရှိမရှိ ဆိုသည်ကိုပါ ဆုံးဖြတ်ပေးတော်မူပါရန် တင်လျှောက်ခဲ့ကြသည်။
" မင်းသားတို့.. ကာမဂုဏ်အပေါ် စိတ်ဝင်စားတဲ့သူတွေဆိုတာ ကာမဂုဏ်အကြောင်းကိုသာ ပြောဆိုတတ်ကြပါပေရဲ့။ အခု သင်မင်းသားတို့ ထင်မြင်ယူဆထားတာလည်း အဲသည်အတိုင်းပါပဲ ”
" အရှင်ဘုရား တပည့်တော်တို့ ထင်လင်းစွာ သိရလေအောင် ရှင်းလင်းမိန့်ကြားပေးတော် မူပါဘုရား ”
" ကောင်းပေပြီ မင်းသားတို့ လောကမှာ
၁။ သိမြင်ဖွယ်မှန်သမျှကို ကိုယ်တိုင်မှန်စွာ သိမြင်နိုင်တဲ့ မြတ်စွာဘုရားရှင် ပွင့်တော်မူဖို့ဆိုတာ ခက်ခဲပါတယ်။
၂။ မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်ကို တစ်ဆင့်ပြန်ပြီး ဟောကြားတတ်တဲ့ ပုဂ္ဂိုလ်ကို ရခဲပါတယ်။
၃။ မြတ်စွာဘုရားရှင်ရဲ့ တရားကို သိမြင် နားလည်သူကို ရခဲပါတယ်။
၎။ မြတ်စွာဘုရားရှင်ရဲ့ တရားတော်ကို သိပေမဲ့လည်း ကျင့်ကြံအားထုတ်တဲ့သူကို ရခဲပါတယ်။
၅။ သူတစ်ပါးရဲ့ ကျေးဇူးတရားကို သိတတ်တဲ့သူ အဲဒါထက် သူတစ်ပါးရဲ့ ကျေးဇူးတရားကို သိတတ်ရုံမက ပေးဆပ်တတ်တဲ့သူဟာ ရခဲပါတယ်။
မင်းသားတို့ လောကမှာ အဲသည့်ပုဂ္ဂိုလ် ငါးမျိုးတို့သာပဲ ရနိုင်ခဲတဲ့၊ ဖြစ်ပေါ်လာဖို့ရာ ခက်ခဲတဲ့ ရတနာငါးပါးဖြစ်ပေတယ် ”
ဘုရားရှင်၏ တရားတော်အဆုံးမှာတော့ လိစ္ဆဝီမင်းသားအပေါင်း၏ မျက်နှာသွင်ပြင်တို့မှာ ဆီးနှင်းမြူတိမ်၊ သူရိန်မီးခိုးတို့ ကင်းစင်ပသည့် ငွေလမင်းသဖွယ် ထိန်ထိန်ဖြာသွားကြပါလေသတည်း....... ။
ကျမ်းကိုး... သာရန္ဒဒသုတ်တော်။
နန္ဒာမိုးကြယ်
(ဇမ္ဗူဒိပ် ဂျာနယ်)
bwar99.blogspot.com
Monday, December 12, 2016
ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)
လူဆိုတာ ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးပါ။ ကိုယ့်ရဲ့ချစ်သူကို “ချစ်တယ် ချစ်တယ်” လို့ တွင်တွင် ဘယ်လောက်ပဲပြောပြော အတွင်း စိတ်ထဲကတော့ ကိုယ့်ကိုယ်ကိုယ်ထက် ပိုမချစ်နိုင်ကြပါဘူး။ ကိုယ်သေမှာနဲ့ ကိုယ့်ချစ်သူသေမှာ ဘယ်သူ့ကို ပိုစိုးရိမ်သလဲမေးရင် ကိုယ်သေမှာပဲ စိုးရိမ်ကြပါတယ်။ လူဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရင်စပြီး မေတ္တာပွားရတာပါ။
အဲဒီမှာ မေးစရာတစ်ခု ထပ်ဖြစ်လာပါတယ်။ ဘယ်လိုလဲဆိုတော့ “ကိုယ့်ကိုယ်ကိုယ် အရင်ပို့တော့ အတ္တမဆန်ဘူးလား” ပေါ့။
ဝိသုဒ္ဓိမဂ်ရဲ့ အဖြေကတော့ တိုတိုပါပဲ။
ကိုယ်ချင်းစာတတ်အောင်ပါတဲ့။
နည်းနည်းချဲ့ပြောရင် ကိုယ်က ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲကင်းချင်သလို သူတစ်ပါးလည်း ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ကင်းချင်မှာပဲ၊ ကိုယ်ချမ်းသာချင်သလို သူတစ်ပါးလည်း ချမ်းသာချင်မှာပဲ၊ ကိုယ့်ကို သူတစ်ပါးက စော်ကားတာကို မကြိုက်သလို သူတစ်ပါးလည်း ကြိုက်မှာ မဟုတ်ဘူး၊ ကိုယ့်အတင်းပြောရင် မကြိုက်သလို သူတစ်ပါးလည်း သူ့အတင်းပြောရင် ကြိုက်မှာမဟုတ်ဘူး၊ ကိုယ်ပညာတတ်ချင်သလို သူတစ်ပါးလည်း တတ်ချင်မှာပဲ။ ကိုယ်အောင်မြင်ချင်သလို သူတစ်ပါးလည်း အောင်မြင်ချင်မှာပဲ၊ ကိုယ်ရာထူးတက်ချင်သလို သူတစ်ပါးလည်း တက်ချင်မှာပဲ စသည်ဖြင့်ပေါ့။ အဲဒီလို ကိုယ်ချင်းစာစိတ် မွေးတတ်အောင်၊ ကိုယ်ချင်းစာတတ်အောင် ကိုယ့်ကိုယ်ကိုယ် အရင်ပွားရမှာပါတဲ့။ ဒီတော့ နည်းနည်းပွားကြည့်ရအောင်ပါ။
ဝိသုဒ္ဓိမဂ်မှာ ပါဠိလို ပွားပြထားပါတယ်။ အားလုံး ရဖူးကြတဲ့ ပါဠိလေးပါ။
အဟံ အဝေရာ ဟောမိ၊
အဗျာပဇ္စျော ဟောမိ၊
အနီဃော ဟောမိ၊
သုခီ အတ္တာနံ ပရိဟရာမိ။
ပါဠိကို ဗဟုသုတအဖြစ်ပဲထားပြီး မြန်မာလို ပွားကြရအောင်ပါ။ အဲဒီပါဠိလေးကို မဟာစည်ဆရာတော်ဘုရားကြီး မြန်မာပြန်ပေးထားတဲ့အတိုင်းလေးပဲ ပွားကြရအောင်ပါ။
ကဲ … တစ်ခါတည်း ပွားလိုက်ကြရအောင်နော်။
ငါသည် ဘေးရန်ကင်းရပါလို၏။
စိတ်ဆင်းရဲ ကင်းရပါလို၏။
ကိုယ်ဆင်းရဲ ကင်းရပါလို၏။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ရပါလို၏။
မိမိကိုယ်ကို မေတ္တာပွားပြီးရင် ဒုတိယအဆင့်အနေနဲ့ မိမိချစ်သူကို ပွားရပါတယ်။ မိမိရဲ့ချစ်သူဆိုတာ ကိုယ့်ရဲ့ရည်းစားကိုပြောတာ မဟုတ်ဘူး။ ကိုယ့်အပေါ် ကျေးဇူးများတဲ့ မိဘ, ဆရာသမား, အလုပ်ရှင်, မိတ်ဆွေ သူငယ်ချင်း စသည်တွေပါ။
ချစ်သူဆိုတဲ့နေရာမှာ ကိုယ့်အပေါ် ကျေးဇူးများသူကို ပြောတာဆိုတော့ ဦးရေအရေအတွက်က များပါတယ်။ ဒါကြောင့် တစ်ယောက်ချင်းကို အကုန်ပွားရပါတယ်။ ဆယ့်ငါးယောက်ရှိရင်လည်း ဆယ့်ငါးယောက် ကုန်အောင် ပွားပါ။ အယောက်နှစ်ဆယ်ရှိရင်လည်း အယောက်နှစ်ဆယ်ပေါ့။ ပွားတဲ့နေရာမှာလည်း သူတို့ ကိုယ့်အပေါ် ကျေးဇူးရှိခဲ့ပုံတွေ၊ သူတို့ရဲ့ကောင်းကွက် ကလေးတွေ အဲဒါတွေကို အာရုံပြုပြီး ပွားရပါတယ်။
ကဲ … ဒါဖြင့် ပွားကြည့်ရအောင်ပါ။
ဘယ်သူ့ကိုပွားမလဲ၊ အမေလုပ်သူကိုပဲ အရင်ပွားလိုက်ရအောင်ပါ။ (အမေနဲ့ ပြီးခဲ့တဲ့လကမှ ရန်ဖြစ်ထားတာလို့တော့ မပြောပါနဲ့)
အမေ ဘေးရန် ကင်းပါစေ။
စိတ်ဆင်းရဲ ကင်းပါစေ။
ကိုယ်ဆင်းရဲ ကင်းပါစေ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။ (ဒါက ဥပမာအနေနဲ့ ပွားပြတာပါ။ တခြားကိုယ် ချစ်ခင်ကြည်ညိုရာ ဆရာတော်, ဆရာသမား, အလုပ်ရှင် မိတ်ဆွေ, သူငယ်ချင်းတွေက စပွားလည်း ရပါတယ်)
တစ်ဆက်တည်း ကိုယ့်ရဲ့အလုပ်ရှင်ကိုပါ မေတ္တာပွားလိုက်ရအောင်ပါ။
ငါ၏အလုပ်ရှင် ဦးဘမောင်သည်
ဘေးရန် ကင်းပါစေ၊
စိတ်ဆင်းရဲ ကင်းပါစေ၊
ကိုယ်ဆင်းရဲ ကင်းပါစေ၊
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။
***********
ကိုယ့်အပေါ် ကျေးဇူးများတဲ့ ပုဂ္ဂိုလ်တွေကို တစ်ယောက်ချင်းပို့ပြီးလို့ ကုန်သွားရင် တတိယအဆင့် အနေနဲ့ မချစ် မမုန်း အလယ်အလတ်ပုဂ္ဂိုလ်ကို ပို့ရ ပွားရပါတယ်။
အလယ်အလတ် မချစ်မမုန်းပုဂ္ဂိုလ်ဆိုတာ သာမန်အားဖြင့်ပဲ ထိတွေ့ဆက်ဆံနေရတဲ့ ပုဂ္ဂိုလ်တွေပါ။
အလယ်အလတ်ပုဂ္ဂိုလ်ကို ပို့ပြီးရင် စတုတ္တ အဆင့်အနေနဲ့ ရန်သူကို ပို့ရပါမယ်။ ရန်သူကို ပို့တဲ့အခါ ရချင်လည်း ရမယ်။ မရချလည်း မရဘူး။ မရဖို့က များပါတယ်။ ရန်သူကို မေတ္တာပို့နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့မေတ္တာ သမာဓိဟာ တော်တော်လေး ခိုင်မာလာမှပါ။ မခိုင်သေးရင်တော့ ပို့လိုက် ပြုတ်ကျလိုက်၊ ပို့လိုက် ပြုတ်ကျလိုက် ဖြစ်နေမှာပါ။
ဒီရက် ဒီရက်တွေမှာ မရပေမယ့် နောက်ရက်တွေကျရင်တော့ ရချင်ရနိုင်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မရကာမှနေရော၊ စမ်းတော့ ပို့ကြည့်သင့်ပါတယ်။ ရတာ မရတာကတော့ ဉာဏ်ရဲ့ အလုပ်၊ ပို့ရမှာ ပွားရမှာကတော့ ကိုယ့်ရဲ့ အလုပ်ပါ။
ဘယ်အဆင့်အထိ ပွားရမလဲဆိုရင် ….
မိမိရယ်၊ မိမိချစ်သူရယ်၊ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်ရယ်၊ ရန်သူရယ်ကို သီမာသမ္ဘေဒဖြစ်အောင် ပွားရမယ်တဲ့။ သီမာသမ္ဘေဒဆိုတာက တစ်သားတည်း ဖြစ်နေတာကို ပြောတာပါ။
သီမာသမ္ဘေဒ = တစ်သားတည်းဖြစ်ပုံကို ဝိသုဒ္ဓိမဂ်က ဒီလိုပြထားပါတယ်။
နေရာဌာနတစ်ခုမှာ မေတ္တာပွားသူ မိမိရယ်၊ မိမိချစ်သူရယ်၊ မချစ်မမုန်းအလယ်အလတ် ပုဂ္ဂိုလ်ရယ်၊ ရန်သူရယ် လေးယောက် နေနေကြပါတယ်တဲ့။ အဲဒီအချိန်မှာ လူဆိုးတွေရောက်လာပြီး “မင်းတို့လေးယောက်ထဲက လူတစ်ယောက် ပေးပါလို့” တောင်းပါတယ်။ လေးယောက်အုပ်စုက “ဘာလုပ်ဖို့လဲ” လို့ ပြန်မေးပါတယ်။ ဒီတော့ လူဆိုးတွေက “မင်းတို့ ပေးလိုက်တဲ့ လူကိုသတ်ပြီး လည်ချောင်းသွေးနဲ့ ယဇ်ပူဇော်ဖို့” လို့ ပြန်ပြောလိုက်ပါသတဲ့။ အဲဒီအခါ မေတ္တာပွားနေတဲ့ ပုဂ္ဂိုလ်က “ကျွန်တော်ကို ယူပါ” လို့ ပြောလိုက်ပါသတဲ့။ ဒါဆို သီမာသမ္ဘေဒ = တစ်သားတည်း မဖြစ်သေးပါဘူးတဲ့။
ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ကိုတော့ ယူစေပြီး သုံးယောက်ကိုတော့ မယူစေခြင်းဟာ ခွဲခြားမှုရှိနေသေးတဲ့အတွက် တစ်သားတည်း မဖြစ်သေးပါဘူးတဲ့။ လေးယောက်ဟာ တစ်ယောက်ထဲ ဖြစ်နေရပါမယ်တဲ့။ နောက်ဆုံး တစ်ယောက်မှ ပေးစရာ မလိုဘူးလို့ မြင်သွားရပါ့မယ်တဲ့။ မြင်သွားအောင်လည်း ပွားရပါ့မယ်တဲ့။
ဒါက ဝိသုဒ္ဓိမဂ်က ဥပမာစကားတစ်ရပ်အနေနဲ့ ပြောတာပါ။ တကယ့်လက်တွေ့ နယ်ပယ်ထဲမှာတော့ တကယ့်မေတ္တာကို ခိုင်ခိုင်မာမာ ပွားလာရင် ပွားလာတဲ့အခါ “သူက မြန်မာပဲ၊ သူက ကုလားပဲ၊ သူက တရုပ်ပဲ၊ သူက သူဋ္ဌေးပဲ၊ သူက ဆင်းရဲသားပဲ” ဆိုတာ မမြင်တော့ဘဲ လူတစ်ဦးအနေနဲ့ပဲ မြင်နေရပါ့မယ်။ ဒါကို သီမာသမ္ဘေဒ ဖြစ်တယ်လို့ ခေါ်ပါတယ်။
အဲဒီလိုမှ မဟုတ်ဘဲ တွဲမြင်နေသေးတယ် ခွဲခြားမြင်နေသေးတယ်ဆိုရင်တော့ သီမာသမ္ဘေဒ မဖြစ်သေးပါဘူး။
သတ္တဝါတွေရဲ့အကျိုးကို လိုလားစွာနဲ့ ခွဲခြားမှု မရှိတော့ဘဲ လူတစ်ယောက်အနေနဲ့ မြင်သွားပြီး မေတ္တာပွားနိုင်ပြီဆိုရင် ကိုယ့်ရဲ့မေတ္တာဟာ ပါရမီမေတ္တာ ဖြစ်သွားပါတယ်။
မေတ္တာပို့ရမယ့် အစဉ်လေးကို လင်္ကာလေးနဲ့ ကပ်မှတ်ထားရအောင်ပါ။
မိမိ, ချစ်သူ, လယ်လတ်သူနှင့် ရန်သူတစ်ဖြာ မြတ်မေတ္တာ ပွားကာစဉ်တိုင်းသိ။
ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
အလင်းတန်းဂျာနယ် ၂၁.၂.၂၀၀၅
(မေတ္တာအတွေးများ စာအုပ်မှကောက်နှုတ်ပူဇော်ပါသည်)
bwar99.blogspot.com
ပါမေက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ကိုယ့်စိတ်ကို ကိုယ်ထိန်းရမယ်
⛅☁⛅☁⛅☁⛅☁⛅☁⛅☁⛅☁⛅☁⛅☁⛅☁
ကံဆိုတာ ဘယ်သူမှ
မျက်နှာသာ မပေးဘူးနော်၊
ဟုတ်ကဲ့လား။
ငရဲကျနိုင်လောက်တဲ့ ကံဆိုရင်
ငရဲ ပို့လိုက်မှာပဲ၊
လူ့ပြည်ရောက်စေနိုင်တဲ့ ကံဆိုရင်
လူ့ပြည် ပို့လိုက်မှာပဲ။
အားလုံးဟာ ကံကြမ္မာကနေပြီးတော့
ပို့ဆောင်နေတာတွေချည်းပဲ၊
အဲဒီ ကံကြမ္မာ အားလုံးဟာ
ဘယ်မှာ ဖြစ်တာတုန်းဆိုရင်
ကိုယ့်သန္တာန်မှာ ဖြစ်တာ၊
ကိုယ့်သန္တာန်မှာ ဖြစ်တာမှ
ကိုယ်က မနိုင်ဘူးဆိုရင်
ဘယ်သူ့အပြစ်လို့ ပြောမလဲ?
ကိုယ့်အပြစ်ပဲ ရှိတော့တယ်
ဟုတ်ကဲ့လား။
ကိုယ့်သန္တာန်မှာရှိတာ
ကိုယ်နိုင်အောင်ထိန်းဖို့ လိုလာပြီ၊
ဒါကြောင့်မို့ ကိုယ့်စိတ်ကို ကိုယ်ထိန်းရမယ်၊
ကိုယ့်စိတ်ကို ဖြူစင်အောင် လုပ်ရမယ် ဆိုတာ
အဲဒါပြောတာ။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(ကံကြမ္မာ၏ ရုပ်ပုံလွှာများ တရားတော်မှ)
bwar99.blogspot.com
Tuesday, December 6, 2016
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ငါ နှစ်ကိုယ်ခွဲ
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
လောကမှာ ငါ တစ်လုံး
အသုံးမှားလို့ လုံးပါးပါးနေကြတယ်။
ငါစွဲကြီးမှုဟာ အမှားကြား အမှန်ဖြစ်နေပြီ။
ငါ တစ်လုံး အသုံးကျယ်ပုံကတော့
ပဲခူးဆားလိုပါပဲ။
ငါ စွဲကြီးပုံများကတော့ ဧည့်သည်ရင်းတော့
အိမ်ရှင် ထင်ရသလိုပါပဲ။
ငါ ရှိတော့ သူ ဆိုတာ ပေါ်လာပြီ။
ငါ ကသာ ငါ လို့ ပြောတာ မဟုတ်ဘူး။
သူ ကပြောတော့လည်း ငါ တဲ့နော်။
အဲဒီတော့ “ငါ နှစ်ကိုယ်ခွဲ” ကြီး ဖြစ်နေပြီပေါ့။
ငါ ချင်းထိပ်တိုက် တွေ့ပြန်တော့လည်း
ငါ ကသာ နိုင်ချင်တာမျိုး။
ငါ ဘက်က ငါ နဲ့ သူ့ ဘက်က ငါ
ကားချင်းပြိုင်ပြိုင်၊ နွားချင်းပြိုင်ပြိုင်၊
ကြိုက်တာချင်းပြိုင်၊ ပြိုင်တာမှန်သမျှ
ငါ့ ဘက်ကနိုင်ရမှ
တရားသဖြင့် မနိုင်ရင်၊
မတရားသဖြင့် အနိုင်ယူလိမ့်မယ်။
သေရေးရှင်ရေး အသက်လုရတဲ့နေရာတွေမှာ
“ငါ ကိစ္စ” ပိုထင်ရှားတယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
(သြ၀ါဒရတနာများ မှ)
bwar99.blogspot.com
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
တံဆိပ်ခြောက်မျိုး (ခြောက်ဖြာအာရုံ ကာမဂုဏ်)
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
သံသရာခရီးကို သွားနေကြတဲ့ ကာမဘုံသား သတ္တဝါများဟာလည်းပဲ တံဆိပ်ခြောက်မျိုးတတ်ထားတဲ့ ရေသန့်ပုလင်း ခြောက်ပုလင်းကို အဖော်ပြုပြီးတော့ ခရီးသွားနေကြတာပါပဲ။
တံဆိပ်ခြောက်မျိုးဆိုတာကတော့ ပထမပုလင်းရဲ့ တံဆိပ်က ရူပါရုံ၊ နောက်တစ်ပုလင်းက သဒ္ဒါရုံ၊ နောက်တစ်ပုလင်းက ဂန္ဓာရုံ၊ နောက်တစ်ပုလင်းက ရသာရုံ၊ နောက်တစ်ပုလင်းက ဖောဋ္ဌဗ္ဗာရုံ၊ နောက်တစ်ပုလင်းက ဓမ္မာရုံ။
အာရုံခြောက်ပါးဆိုတဲ့ ဆားငန်ရေသန့် ခြောက်ပုလင်းကို ပွေ့ပိုက်ပြီးတော့ အပေါ်ပူ၊ အောက်ပူ သံသရာခရီးမှာ နားချိန်၊ အားချိန် မရှိဘဲနဲ့ ခရီးဆက်နေကြရတယ်။
အဆင်းအာရုံလေးတစ်ခု ခံစားချင်တဲ့ စိတ်ကလေးပေါ်လာလို့ အဆင်းအာရုံလေး ခံစားလိုက်တယ်၊ ရူပါရုံရေသန့်ပုလင်းလေး ဖောက်သောက်လိုက်တယ်။ အဆင်းအာရုံ ခံစားလိုက်လို့များ အာသာပြေသွားသလား ဆိုတော့ မပြေဘူး၊ အဆင်းအာရုံ ခံစားရတာနဲ့ အားမရဘူး၊ မတင်းတိမ်နိုင်ဘူး။
သြော် … အသံအာရုံလေး ခံစားလိုက်လို့ရှိရင် ဝသွားမယ် ထင်ပါရဲ့၊ အားရသွားမယ် ထင်ပါရဲ့။ အသံအာရုံလေး ခံစားလိုက်ပြန်တယ်၊ သဒ္ဒါရုံရေသန့်ပုလင်းလေး ဖောက်ပြီးတော့ သောက်ကြည့်လိုက်ပြန်တယ်။
ခဏတော့ အာသာပြေသလိုလို၊ စိတ်ချမ်းသာသွားသလိုလို၊ နောက်ပြီးတော့ အားမရပြန်ဘူး၊ ပျင်းရိငြီးငွေ့ပြီးတော့ လာပြန်တယ်၊ ဂန္ဓာရုံရေသန့်ပုလင်းလေး ဖောက်သောက်လိုက်ဦးမှပဲလေ၊ အနံ့မျိုးစုံကို ခံစားလိုက်ပြန်တယ်။
ဒါပေမဲ့လည်း အားရကျေနပ်ခြင်း မရှိဘူး၊ အဆာဓာတ်တွေက ပိုပိုပြီးတော့ တိုးပွားလာပြန်တယ်။ ရသာရုံရေသန့်ပုလင်းလေး ဖောက်သောက်လိုက်ပြန်တယ်၊ အရသာအာရုံလေး ခံစားလိုက်ပြန်တယ်။
ခဏတော့ အာသာပြေသလိုလို၊ စိတ်ကျေနပ်သွားသလိုလို၊ ဒါပေမဲ့ အားမရပြန်ဘူး။ အားမရပြန်တော့ ဖောဋ္ဌဗ္ဗာရုံရေသန့်ပုလင်းလေး ဖောက်သောက်လိုက်ပြန်တယ်၊ အထိအတွေ့အာရုံလေး ခံစားလိုက်ပြန်တယ်။
ခဏတော့ အာသာပြေသလိုလို၊ စိတ်ကျေနပ်သွားသလိုလို၊ ဒါပေမဲ့ အားမရပြန်ဘူး။ အားမရပြန်တော့ ဓမ္မာရုံရေသန့်ပုလင်းလေး ဖောက်သောက်လိုက်ပြန်တယ်၊ အတွေးအကြံ စိတ်ကူးအာရုံ ခံစားလိုက်ပြန်တယ်။
ခဏတော့ အာသာပြေသလိုလို၊ စိတ်ချမ်းသာကျေနပ်သွားသလိုလို၊ ဒါပေမဲ့ ဘယ်လိုနည်းနဲ့မှ အားရကျေနပ်ခြင်းမရှိပါဘူး။
ကာမဂုဏ်လို့ ဆိုလိုက်ရင် တိုက်ရိုက်ထိတွေ့လို့ရတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ကိုသာ ရည်ရွယ်ပြီး “ငါးဖြာအာရုံ ကာမဂုဏ်” လို့ ပြောနေကြပေမယ့် တကယ် မမြင်၊ မကြား၊ မနံ၊ မစား၊ မထိရဲဘဲနဲ့ စိတ်ကူးထဲမှာပဲ အမျိုးမျိုး ပုံဖော်ပြီးတော့ သာယာမှုခံစားနေတဲ့အချိန်က ပိုတောင်များပါသေးတယ်။ ဒါကြောင့် ကာမဂုဏ်အာရုံလို့ ဆိုလိုက်ရင် အာရုံခြောက်ပါးလုံး ပြောလိုက်တာ ပိုပြီးတော့ ကောင်းပါတယ်။ “ခြောက်ဖြာအာရုံ ကာမဂုဏ်” ပေါ့နော်။
အဲဒီလိုအားဖြင့် လူသားအပါအဝင် သတ္တဝါတွေဟာ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံလို့ တံဆိပ်ခြောက်မျိုးတပ်ထားတဲ့ ဆားငန်ရေသန့်ပုလင်း ခြောက်ပုလင်းကို ပွေ့ပိုက်ပြီးတော့ သံသရာခရီးကို သွားနေကြရတာပါ။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(ရလေလိုလေ စာအုပ်မှ ကောက်နှုတ်ပူဇော်ပါသည်)
bwar99.blogspot.com
Monday, December 5, 2016
ယုံကြည်မှုသဒ္ဓါတရားသည်အဓိက
ယုံကြည်မှုသဒ္ဓါတရားသည်အဓိက
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
အခါတစ်ပါး၌ မြတ်စွာဘုရားရှင်အား နတ်သားတစ်ပါးက ဤသို့မေးလျှောက်ဖူး၏။
“လူနတ်ဗြဟ္မာသတ္တဝါတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၊ လောကတွင် မည်သည့်တရားသည် အဓိကကျပါသလဲ ဘုရား”
“နတ်သား .. လောကတွင် အဓိကအကျဆုံးတရားက ယုံကြည်မှုသဒ္ဓါတရားပင်ဖြစ်သည်” ဟု ဖြေဆိုတော်မူခဲ့၏။
ဗုဒ္ဓဘာသာဝင်တို့သည် မြတ်ဗုဒ္ဓသာသနာအတွင်းမှာ နေထိုင်ကြပါသဖြင့် ရတနာမြတ်သုံးပါးကို ယုံရမည်။ မိမိစိတ်ထဲမှာ မြတ်မြတ်နိုးနိုးယုံပါမှ မိမိစိတ်သည် ကြည်လင်ရ၏။
စိတ်ကြည်လင်သူသည် သမာဓိအားတွေ ကောင်း၏ အရာရာကို သတိနှင့်ယှဉ်၍ ပြော၏။ ပြု၏။ ကြံစည်၏။ အကုသိုလ်စိတ်များ ဝင်မလာစေရန် အမြဲစောင့်ထိန်းတတ်၏။
သာဝတ္ထိပြည်ကြီး၏ ခြံဝန်းကြီးတစ်ခုအတွင်းရှိ အိမ်ကြီးအတွင်း၌ ဗုဒ္ဓမြတ်စွာဘုရား၏ လက်ျာရံအရှင်သာရိပုတ္တရာမထေရ်နှင့် ရဟန္တာငါးရာတို့ကို အမျိုးသမီးကြီးတစ်ဦး ဆွမ်းဆက်ကပ်နေ၏။ ထိုဆွမ်းကပ်နေသည့် အမျိုးသမီးကြီးကား ရတနာသုံးပါးကို အလွန်ယုံကြည်သော၊ ကြည်ညိုသော၊ ဆည်းကပ်သော ဗန္ဓုလစစ်သူကြီး၏ ဇနီးသည် မလ္လိကာမိဖုရားကြီးဖြစ်၏။
ရှင်သာရိပုတ္တရာနှင့် ရဟန်းသံဃာတော်များ သပိတ်များအတွင်းရှိ ထောပတ်နှင့် အသားပြွမ်းသောဆွမ်းကို တိတ်ဆိတ်ငြိမ်သက်စွာ ဘုဉ်းပေးတော်မူနေကြ၏။
ထိုအချိန်တွင် အစေအပါးအမျိုးသမီးတစ်ဦးသည် ဟင်းပန်းကန်ကိုယူလာရင်း လမ်းတွင် လဲကျ၍ ကွဲသွား၏။
ထိုအသံနှင့် အမြင်ကို ရှင်သာရိပုတ္တရာမထေရ်မြတ်က မြင်လိုက်ရ၏။ ကြားလိုက်ရ၏။
ထိုအခါ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ….
“ဒါယိကာမကြီး … ကွဲတတ်တဲ့ သဘောတရားရှိတဲ့အရာဟာ ကွဲတာပါပဲ။ ပျက်စီးတတ်တဲ့ သဘောတရားရှိတဲ့ အရာဟာလည်း ပျက်စီးတာပဲ။ သည်ပန်းကန်ကွဲမှုအတွက်နဲ့ သောကပရိဒေဝ ဒေါမနုဿအကုသိုလ်တရားတွေ မဖြစ်ပါစေနဲ့။ ကုသိုလ်ပြုစဉ်မှာ အကုသိုလ်စိတ်မဖြစ်တာ ကောင်းပါတယ်” ဟု မိန့်တော်မူ၏။
ဗန္ဓုလစစ်သူကြီး၏ မိဖုရားကြီးသည် သူ၏ခါးကြားထဲတွင် ခေတ္တခဏညှပ်ထားခဲ့သော ပေစာတစ်ရွက်ကို ရှင်သာရိပုတ္တရာမထေရ်နား သွား၍ ရိုရိုသေသေကပ်လိုက်၏။
“အရှင်ဘုရား … တပည့်တော်မဟာ ဘုရားရှင်ရဲ့ သမီးတော်ပီသအောင် နေပါတယ် ဘုရား။ ဒီပေစာဟာ ဆွမ်းကပ်စအချိန်တည်းက ရောက်နေပါတယ် ဘုရား။ ဒီပေစာကြောင့် တပည့်တော်မရဲ့စိတ်ဟာ သောကဒေါမနဿ မဖြစ်ပါဘုရား။ ဒီပန်းကန်တစ်ချပ်ကွဲတာလောက်ကိုတော့ ပြောစရာပင် မလိုပါဘုရား” ဟု ပြန်လည်လျှောက်တင်၏။
ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည် မာလ္လိကာပေးလာသော ပေစာကို ဖတ်လိုက်သောအခါ အလွန်အံ့သြသွားရ၏။
စာထဲမှာ စစ်သူကြီး မဟာဗန္ဓုလနှင့် သူ၏သား ၃၂ ယောက်တို့ကို သာဝတ္ထိပြည့်ရှင် ဘုရင် ကောသလမင်းကြီးသည် အထင်မှားပြီး သတ်ပစ်လိုက်သော သတင်းဖြစ်နေ၏။
ဤကဲ့သို့ လင်သားနှင့် သားတော် ၃၂ ယောက် အသတ်ခံခဲ့ရသော သတင်းကို ကြိုတင်သိထားသည့် မလ္လိကာမိဖုရားကြီးသည် စိတ်ဓာတ် မတုန်လှုပ်ခဲ့ပါ။ ရတနာသုံးပါးအပေါ် ယုံကြည်မှု သဒ္ဓါတရား မပျက်ခဲ့ပါ။ လောကဓံ ခံနိုင်ရည်ရှိစေရန် သမာဓိအားကောင်းသည့် မရဏနုဿတိဘာဝနာနှင့် ဝိပဿနာဘာဝနာတစ်ခုခုကို ပွားများထားခြင်းကြောင့် ဖြစ်ရ၏။
ဒါန သီလ သမထ ဘာဝနာကုသိုလ်များသည် သာသနာပ သာသနာတွင်း ၂ ရပ်လုံး ရှိ၏။ ဝိပဿနာ ဘာဝနာကုသိုလ်က ဘုရားပွင့်သော သာသနာတွင်းမှာသာ ရှိပါ၏။
ဗုဒ္ဓဘာသာဝင်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိဖို့အတွက် ဘုရားရှင်သည် ပွင့်ထွန်းခဲ့ရခြင်း ဖြစ်ပါ၏။
ဂေါတမဘုရားရှင် ပွင့်တော်မူရသော ကာလသည် သက်တမ်းတို ကာလဖြစ်၏။
အဂုင်္တ္ထိုပါဠိတော်မှာ ရခဲခြင်းများကို ဗုဒ္ဓဘုရားရှင် ဟောတော်မူထားခဲ့၏။
၁။ ဘုရားပွင့်တောမူသောအခါကို ရခဲခြင်း၊
၂။ လူဘဝကို ရခဲခြင်း၊
၃။ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်အဖြစ် ရခဲခြင်း၊
၎။ ရဟန်းဘဝကို ရခဲခြင်း၊
၅။ သူတော်ကောင်းတရားကို နာခဲခြင်း။
ကမ္ဘာပေါ်မှာ လူဦးရေတွေများနေသည်ကို ကြည့်ပြီး လူ့ဘဝရတာ လွယ်လွယ်လေးပါဟု မထင်ကြပါနှင့်။
ငရဲဘုံမှာ ငရဲသားတွေဟာ အလွန်ကြီးမားလှတဲ့ သေတ္တာကြီးတွေထဲမှာ မုံညှင်းစေ့လေးတွေ ကြပ်သိပ်ရှိနေကြသလို ငရဲဘုံကြီးမှာ ဒုက္ခဆင်းရဲ ရောက်နေကြသည့် သတ္တဝါတွေဟာ မရေမတွက်နိုင်ပါပဲ။
နတ်ပြည်ကျတော့ နတ်ပြည်ကြီးက ခြောက်ထပ်၊ နတ်သား နတ်သမီးတွေက ၁၈ နှစ်အရွယ် ချောချောလှလှလေးတွေ။
သက်တမ်းကလည်း သန်းနှင့်ချီ နေရ၏။ နတ်တွေ မအိုရ မနာရ နတ်သက်ကြွေတော့သာ ရုတ်တရက် ဗြုန်းခနဲ နတ်သက်ကြွေရ၏။
နတ်ပြည်ခြောက်ထပ်မှာလည်း နတ်သား နတ်သမီးတွေက အပြည့်ပါပဲ။
၃၁ ဘုံထဲမှာ လူ့ဘုံသည် ဦးရည်အနည်းဆုံး ဘုံဖြစ်နေရ၏။ ယင်းကြောင့် လူ့ဘဝရဖို့ရန် ခဲယဉ်းပါသည်ဟု မြတ်ဗုဒ္ဓက ဟောခဲ့ပါ၏။ မြတ်ဗုဒ္ဓ၏စကားသည် သစ္စာစကား ဖြစ်၏။ အမြဲတမ်း မှန်ကန်၏။
နေရာတိုင်းမှာ မှန်ကန်၏။ တိုင်းပြည်တိုင်း ဒေသတိုင်းမှာ မှန်ကန်၏။ အချိန်တိုင်းမှာ မှန်ကန်၏။ လူမျိုးမရွေး၊ ကိုးကွယ်မှု ဘာသာမရွေး မှန်ကန်သော သစ္စာတရားတော် ဖြစ်၏။
ယခု ဗန္ဓုလစစ်သူကြီး၏ မလ္လိကာမိဖုရားကြီး၏ ရတနာမြတ်သုံးပါးအပေါ်မှာ ယုံကြည်မှု သဒ္ဓါတရားကို ကြည့်ပါ။
လင်ယောက်ျားနှင့် သား ၃၂ ယောက် အသတ်ခံရသည်ကိုပင် သူ့စိတ်က မတုန်မလှုပ်ခဲ့ပါ။
ပုထုဇဉ်လူသားဘဝမှာ လောကဓံတရား ရှစ်ပါးနှင့် မဆုံရသူ မတွေ့ကြုံရသူ တစ်ဦးတစ်ယောက်မျှ မရှိကြပါ။
ဤဆောင်းပါးကို ဖတ်ရှုနေသော သင်သည် သူဋ္ဌေးကြီးလည်း ဖြစ်ချင်ဖြစ်မည်။ ဆင်းရဲသားလည်း ဖြစ်ချင်ဖြစ်မည်။
အာဏာရှိသာ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ချင်ဖြစ်မည်။ အာဏာမရှိသော လူတန်းစားလည်း ဖြစ်ချင်ဖြစ်မည်။
မည်ကဲ့သို့သော ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တစ်နေ့ကျလျှင် နာရမည်၊ အိုရမည်၊ သေရမည်၊ ကွဲကြရမည်၊ ခွဲကြရမည်။
လောကမှာရှိသော တရားအားလုံးတို့သည် သဒ္ဓါတရားများ ဖြစ်ပါ၏။
ဖြစ်ပြီးလျှင် ပျက်တတ်ရ၏။ လူ့လောကမှာ လူဖြစ်လာတုန်း တန်ဖိုးရှိရှိ၊ တန်ဖိုးသိသိ နေတတ်ဖို့ လိုအပ်ပါ၏။
အတ္တအကျိုးကိုပဲ မကြည့်ပါနှင့်။ ပရအကျိုး အများအကျိုးကိုလည်း ဆောက်ရွက်ကြပါ။
ပရအကျိုးဆောင်ရွက်သူများသည် နတ်တို့သနင်း သိကြားမင်းဘဝကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရနိုင်ပါ၏။
လူသားတို့သည် ပုထုဇဉ်ပီပီ အတ္တကြီးတတ်ကြ၏။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ဣဿမစ္ဆရိယတရားတို့သည် အကုသိုလ်တရားများ ဖြစ်ကြ၏။
လူဖြစ်လာလျှင် လူသားအချင်းချင်း ကူညီရမည်။ စောင့်ရှောက်ရမည်။ စွန့်ကြဲပေးကမ်းရပါမည်။ လူသားအချင်းချင်း ကရုဏာထားရပါမည်။
“မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ” ဆိုသော တရားလေးပါးတို့သည် ဗြဟ္မာဝိဟာရ တရားများ ဖြစ်ပါ၏။
လူသားတို့သည် ထိုလောကပါလ တရားလေးပါးကို စောင့်ထိမ်းကြရပါမည်။
ထိုပုဂ္ဂိုလ်ကို နတ်မင်းများတို့က အလွန်ချစ်ခင်ပါ၏။
နတ်တို့သနင်း သိကြားမင်းကြီးပင် လူ့ပြည်က လူသားတို့ကို တစ်နေ့ သုံးကြိမ်ရှိခိုးလျှက် ရှိပါ၏။
လူလူချင်း မေတ္တာစိတ်ရှိပါ။
မရှိဆင်းရဲသူနှင့်တွေ့ရင် ကရုဏာစိတ် မွေးပါ။ စွန့်ကြဲပါ။ ပေးကမ်းပါ။
ကိုယ်ထက်သာတဲ့လူတွေ့ရင် မုဒိတာပွားပါ။ ပိုချမ်းသာပါစေ။ ပိုလှပါစေ။
လူတန်းစားအသီးသီး လူမျိုးအသီးသီးပေါ်မှာ ဥပေက္ခာတရားထားရမည်။ (အညီအမျှ စိတ်ထားဖြစ်ပါ၏။)
ဤမျှဆိုလျှင် ထိုပုဂ္ဂိုလ်သည် တန်ဖိုးရှိသော လူသားကြီး ဖြစ်သွားရ၏။
လောကပါလတရားများ ချို့ယွင်းလျှင် ကမ္ဘာကြီးမှာ အမျိုးမျိုးသော ဘေးဆိုးအန္တရာယ်တွေ လာနိုင်၏။ သင်၏ လောဘ၊ ဒေါသ၊ မောဟ၊ မီးသုံးမီးကိုလည်း သတ်နိုင်အောင် ကြိုးစားးပါ။
ဤမီးသုံးမီးသည် သင့်ကို ဒုက္ခ ကောင်းကောင်းပေးပါမည်။
ဤဆောင်းပါး၏ အဓိက ပြောလိုချက်မှာ ရတနာသုံးပါးကို ယုံယုံကြည်ကြည်နှင့် ဆည်းကပ်ပါ။ ကိုးကွယ်ပါ။
သင်၏နှလုံးသားထဲမှာ ဘုရား၊ တရား သံဃာတော်များကို ပူဇော်နေပါ။ သတိရနေပါ။ ဗုဒ္ဓါနုဿတိ တရားတစ်ခုခုကို ခရီးသွားရင်း ထိုင်ရင်း ပွားနေပါ။
အရဟံဂုဏ်တော် တစ်ခုတည်းကိုပဲ ယုံကြည်မှုသဒ္ဓါတရား ကောင်းကောင်းနှင့် ပွားနေကြည့်ပါ။ သင့်စိတ်တွေ ကြည်လင်ပါမည်။ စိတ်ကြည်လင်တော့ သမာဓိအားတွေ ကောင်းလာ၏။ သတိအားတွေ ရှိလာ၏။ ပြည့်လာ၏။
ထိုအခါ သင်သည် အကုသိုလ်စိတ်များကိုပင် မလာစေရန် မောင်းထုတ်နေစရာ မလိုတော့ပါ။
အကုသိုလ်စိတ်များသည် သင့်ထံသို့ မလာဝံ့တော့ပါ။ မရောက်လာတော့ပါ။
သင်သည် သူတော်ကောင်းစိတ်ထား ရှိနေသူဖြစ်သွားပါ၍ ဤဘဝမှာလည်း ကြီးပွားရပါမည်။ ချမ်းသာရပါမည်။
နောင်တမလွန် ဘဝမှာလည်း သုခချမ်းသာဘုံကို ရောက်ရှိမည်မှာ မလွဲဧကန်ပါ။
သင်နှင့်အတူတူ သင့်မိသားစုကိုပါ သင်ပြပါ။ လမ်းညွှန်ပါ။ နောက်ဘဝကူးတော့လည်း မိသားစုအားလုံး သုခချမ်းသာဘုံကို ရောက်ကြရမှာ ဧကန်မလွဲပါ။
အရှင်သုဓမ္မသာရ
(ဇမ္ဗူဒိပ် ဂျာနယ်)
bwar99.blogspot.com