အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, September 26, 2018

လူဖြစ်ရကျိုးနပ်အောင်


ယာဉ်အက်ဆီးဒင့်ဖြစ်ပြီး သေဆုံးခဲ့ရင်


   ယာဉ်အက်ဆီးဒင့်ဖြစ်ပြီး
♣♣♣♣♣♣♣♣♣♣
သေဆုံးခဲ့ရင် ဘယ်ဘဝရောက်နိုင်သလဲ
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


   ♦ ယာဉ်အက်ဆီးဒင့်ဖြစ်ပြီး သေဆုံးခဲ့ရင် ဘယ်ဘဝရောက်နိုင်သလဲဆိုတဲ့
မေးခွန်းပုစ္ဆာ အမေးပြဿနာ မေးခဲ့တဲ့သူက မဟာနာမ်မင်းကြီးဖြစ်ပါတယ်။
မဟာနာမ်မင်းကြီးဆိုတာလည်း တခြားသူမဟုတ်ပါဘူး။
အရှင်အနုရုဒ္ဓါရဲ့ အစ်ကိုကြီးပါ။ မဟာနာမ်မင်းကြီးတို့ ခေတ်ကာလတုန်းကတော့
ယနေ့ခေတ်လို မောတော်ကား၊ဆိုင်ကယ် စတဲ့ စက်တပ်ယာဉ်တွေ မပေါ်သေးပါဘူး။
သူ့ခေတ်နဲ့သူ ဆင်ရထား၊ မြင်းရထား၊ ဆင်ယာဉ်၊ မြင်းယာဉ်စတဲ့
ယာဉ်အမျိုးအစားတွေပဲ ရှိပါသေးတယ်။

   ♦ တစ်နေ့တော့ မဟာနာမ်မင်းကြီးက မြတ်စွာဘုရားကို မေးမြန်းလိုက်တာက ….
   ` မြတ်စွာဘုရား ဘုရားတည့်တော်ဟာ မြတ်စွာဘုရားကျောင်းတော်ကို
လာရောက်တဲ့နေ့တွေမှာဆိုရင် တစ်နေ့ကုန် ဘုရားကျောင်းတော်မှာ နေ့လေ့ရှိပြီး
မြို့တံခါးပိတ်သိမ်းခါနီး ညနေစောင်းအချိန် ရောက်မှသာ ပြန်လေ့ရှိပါတယ်ဘုရား။
ညနေပိုင်းအချိန်တွေဆိုရင် ရထားကြမ်း၊ ဆင်ကြမ်း၊ မြင်းကြမ်း၊ လူကြမ်းတွေဟာ
စည်းကမ်းမဲ့ မောင်းနှင်ကြလေ့ ရှိပါတယ်`

   ♦ ဒီနေရာမှာ မဟာနာမ်မင်းကြီး ပြောတဲ့ ရထားကြမ်း၊ ဆင်ကြမ်း၊ မြင်ကြမ်းဆိုတာက
ရထားတွေ၊ ဆင်တွေ၊ မြင်းတွေကို ကြမ်းကြမ်းတမ်းတမ်း
မောင်းနှင်စီးနင်းကြတာကို ဆိုလိုတာပါ။

   ♦ `အဲဒီလို မြို့တံခါး ပိတ်သိမ်းခါနီး ကြမ်းကြမ်းတမ်းတမ်း
စီးနင်း မောင်းနှင်ကြတဲ့ရထားကြမ်း၊ ဆင်ကြမ်း၊ လူကြမ်းတွေနဲ့
ပြည့်သိပ်ပိတ်ဆို့နေတဲ့အခါ သူတို့ကို ရှောင်ရှားဖြတ်သန်းသွားရတဲ့
အကျွန်ုပ်စိတ်ထဲမှာ ဘုရားကိုလည်း နှလုံးသွင်း သတိမရမိပါဘူး။
တရားကိုလည်း အမှတ်မရမိပါဘူး။ သံဃာကိုလည်း အောက်မေ့မမိပါဘူး။
ရတနာသုံးပါးရဲ့ဂုဏ်ကို သတိမထားမိပါဘူး ဘုရား။
အကယ်၍များ အဲဒီလို အချိန်မျိုးမှာ အကျွန်ုပ်ကို ရထား၊ ဟာဉ်၊ ဆင်၊ မြင်း၊
အမျိုးမျိုး တိုက်မိခဲ့လို့ သေဆုံးခဲ့ရလျှင် ဘယ်ဘုံဘဝ ရောက်နိုင်ပါလဲ ဘုရား`
လို့ မေးလျှောက်ထားပါတယ်။

  ♦ ဒီနေရာမှာ စာရေးသူ တစ်ချက်လေး သတိပြု စဉ်းစားမိတာလေးက
မဟာနာမ်မင်းကြီးရဲ့ အမေးဟာ ယနေ့ခေတ် မြန်မာပြည်ကြီးရဲ့
ဟာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချို့ယွင်းအားနည်းချက်ကို
ကြိုသိပြီး မေးခဲ့တာ များလား။
မြတ်စွာဘုရားရှင်ကလည်း မြန်မာပြည်သူပြည်သားတွေအတွက် ကြိုမြင်လို့
ဟောခဲ့တာများလားလို့ သံယုတ်ပါဠိတော်လာ မဟာနာမ ပထမသုတ္တံကို
လေ့လာဖတ်ရှုရင်း စဉ်းစားကြည့်မိပါတယ်။

   ♦ မဟာနာမ်မင်းကြီးက အဲဒီလို မေးလျှောက်တော့ မြတ်စွာဘုရားရှင်က ----
   ` အသင် မဟာနာမ်မင်းကြီး အကြင်လူတစ်ယောက်ဟာ
ရတနာသုံးပါးကို အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်လေ့ရှိပြီး
မိမိရဲ့သန္တာန်မှာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ တရားငါးပါးနဲ့ ပြည့်စုံနေပါက
အမှတ်မထင် ရုတ်တရက် သေဘေးကြုံ၍ သေဆုံးသွားရသော်လည်း
အပါယ်ဆင်းရဲဒုဂ္ဂတိဘုံသို့ မရောက်နိုင်ဘူး`
   လို့ မိန့်ဆိုတော်မူပြီး လောကဥပမာလေးတစ်ခုကို ဆောင်ပြပါတယ်။

   အသင် မဟာနာမ်မင်းကြီး အကြင်လူတစ်ယောက်ဟာ
ထောပတ်ဆီတို့နဲ့ ပြည့်နေတဲ့ ထောပတ်အိုးကို ရေအပြည့်ရှိတဲ့ ရေကန်အတွင်းဆင်း၍
ရေလယ်ခေါင်မှာ ထောပတ်အိုးကို ရိုက်ခွဲလိုက်သော်လည်း ထောပတ်ဆီတို့ဟာ
ရေထဲနစ်မြုပ်မသွားဘဲ ရေပြင်အပေါ်မှာပဲ ထင်ကျန်ရစ်ပြီး အိုးခြမ်းကွဲတို့သာ
ရေထဲနစ်မြုပ်ရတဲ့ ဥပမာလိုပဲ ရတနာသုံးပါးကို အသက်ထက်ဆုံး
ကိုးကွယ်ဆည်းကပ်တတ်သူ၊ ရတနာသုံးပါးရဲ့ ဂုဏ်ကို ခိုင်မြဲတဲ့ ယုံကြည်မှု
သဒ္ဓါတရားနဲ့ ပြည့်စုံသူ၊ မိမိတို့ စောင့်ထိန်းအပ်သော ကိုယ်ကျင့်သီလ
တစ်နည်းအားဖြင့် ငါးပါးသောကိုယ်ကျင့်သီလနဲ့ ပြည့်စုံသူ၊
ရတနာသုံးပါးနဲ့ စပ်သော လောကီအကျိုးစီးပွားနဲ့ စပ်သော
လောကုတ္တရာအကျိုးစီးပွားနဲ့ စပ်သော အသိအမြင် အတတ်ပညာ ဗဟုသုတနဲ့
ပြည့်စုံသောသူ၊ စာဂအပေးအကမ်း စွဲကြဲလှူဒါန်းခြင်း၊ ဒါနစတဲ့ အကျင့်နဲ့ ပြည့်စုံသူ၊
သမထဘာဝနာ ဝိပဿနာဘာဝနာ ပညာနဲ့ ပြည့်စုံသောသူတို့သည်
ရုတ်တရက် အမှတ်မထင် ဘေးအန္တရာယ်ကြုံ သေဆုံးရသော်လည်း
ကောင်းမှုနဲ့ ပြည့်စုံနေသောကြောင့် ရတနာသုံးပါးဂုဏ် ရုတ်တရက် နှလုံးမသွင်းသော်လည်း
အပါယ်ဒုဂ္ဂတိ ဆင်းရဲသောဘုံသို့ မကပ်မရောက်ရပေလို့ မိန့်တော်မူလိုက်ပါတယ်။

   ♦ မဟာနာမ်မင်းကြီးရဲ့ အမေးပုစ္ဆာကို မြတ်စွာဘုရားရှင် မိန့်ဖော်ဟောကြားတော်မူခဲ့တဲ့
တရားဒေသနာတော်က ယနေ့ခေတ်ကာလနဲ့ အလွန်ပဲ တိုက်ဆိုင်လွန်းနေပါတယ်။
ဗုဒ္ဓရဲ့ အဆုံးအမ ဒေသနာတော်အတိုင်း လိုက်နာကျင့်သုံးကြတဲ့
ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ဘုရားရှင်အဆုံးအမတော်အတိုင်း
ကောင်းမှုနဲ့ ပြည့်စုံအောင် ကျင့်သုံးနေထိုင်ကြပါလို့ မေတ္တာပြု တိုက်တွန်းရင်း
ယာဉ်အန္တရာယ် ဘေးအပေါင်းမှလည်း ကင်းဝေးကြပါစေကြောင်း
မေတ္တာသွန်းထု ဆုတောင်းလိုက်ပါတယ် ……။


   အရှင်မုနိတ
(ဇမ္ဗူဒိပ် ဂျာနယ်)

bwar99.blogspot.com

အကောင်းမြင်တဲ့စိတ်နဲ့ကြည့်ပါ


အကောင်းမြင်တဲ့စိတ်နဲ့ကြည့်ပါ
♣♣♣♣♣♣♣♣

♦ လူတိုင်းကို
မေတ္တာတရားနဲ့ ဆက်ဆံပါ။
ကြေးမုံတစ်ချပ်ရဲ့ရှေ့မှာ
ကြည့်ရသလိုပါပဲ။
ကိုယ်က မဲ့ပြရင်
ကြေးမုံပြင်ထဲမှာ မဲ့ခြင်းကို
တုံ့ပြန် ရရှိမယ်။
ကိုယ်က ပြုံးပြရင်
ကြေးမုံပြင်ထဲမှာ အပြုံးကို
တုံ့ပြန် ရရှိမယ်။
ကိုယ့်ရဲ့ စိတ်ထဲမှာ ဒေါသရှိနေရင်
ကိုယ့်ဖက်က ဟန်ချက်ပျက်လိမ့်မယ်။
ကိုယ့်ရဲ့ စကားဟာ
လွှဲချော်တိမ်းစောင်းနေရင်တော့
ကိုယ့်ဘက်က တရားမဲ့ရာကျလိမ့်မယ်။

♦ သူတစ်ပါးရဲ့ အကောင်းတွေကိုသာ
မှတ်တဲ့သူဟာ လောကကြီးမှာ
လူကောင်းတွေနဲ့ချည်း ကြုံရပါတယ်။
သူတစ်ပါးရဲ့ အဆိုးတွေချည်းပဲ
မှတ်ယူတဲ့သူကတော့ လောကကြီးမှာ
အဆိုးတွေနဲ့ချည်းပဲ ကြုံရတတ်ပါတယ်။
စိတ်ဆိုး၊ စိတ်ဆတ်၊ စိတ်ကောက်
လွယ်တဲ့သူဟာ လူကောင်းသူကောင်း
မိတ်ဆွေကောင်းနဲ့တွေ့ရဖို့ ခက်ပါတယ်။

♦ သူတစ်ပါး ပြုမိတဲ့ အမှားတွေကို
ခွင့်လွတ်လိုက်ပါ။
မိမိက ပြုမိတဲ့ အမှားရှိရင်
မိမိကိုယ်ကို မိမိ ဝေဖန် အပြစ်တင်ပါ။
လူတော် လူကောင်းဟာ
အဆိုးရဲ့ ဝေဖန်မှု၊
အဆိုးပြောမှုကို မကြောက်ပါဘူး။
လူတော် လူကောင်းတွေကလည်း
သူတစ်ပါးကို ဘယ်တော့မှ
အဆိုးမပြော တတ်ပါဘူး။


စံရိပ်ငြိမ်ဆရာတော်
(၁၂.၀၇.၂၀၁၃)

bwar99.blogspot.com

Saturday, September 15, 2018

မနာပဒါယီ အရှင်ဝိစိတ္တ

ကိုယ်ဖြစ် ကိုယ်ခံ

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ


လူငယ်များသို့ သြဝါဒ
♣♣♣♣♣
အဓိပတိလေးပါး
♣♣♣♣


   ♦ ကလေးတို့အနေနဲ့ အမျိုး၊ ဘာသာ၊ သာသနာကို
ချစ်မြတ်နိုးမယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ Tradition ကို ထိန်းသိမ်းစောင့်ရှောက်ရမယ်။
ဗုဒ္ဓမြတ်စွာ ဆုံးမတော်မူတဲ့အတိုင်း မိမိရဲ့ စိတ်ထဲ၊ နှလုံးသားထဲမှာ
ကောင်းတဲ့ အကောင်းတရားတွေကို တည်ဆောက်ပေးခြင်းဖြင့်
မကောင်းတဲ့အဆိုးတရားတွေကို ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်။
အဲသလို ကြိုးစားဖို့အတွက် ကလေးတို့မှာ ရှိသင့်ရှိထိုက်တဲ့
အရည်အသွေးလေးချက်ကို မှတ်ထားကြပါ။
အဲဒါကို ဘုန်းဘုန်းတို့စာပေမှာတော့ `ဣဒ္ဓိပါဒ`လို့လည်းခေါ်တယ်။
`အဓိပတိ` လို့လည်းခေါ်တယ်။ အဲဒါ လေးမျိုးရှိတယ်။

   ♦ ` ဣဒ္ဓိပါဒ` တဲ့။
`ဣဒ္ဓိ´ဆိုတာ အောင်မြင်ခြင်း၊ ကြီးပွားခြင်း၊ အစွမ်းတန်ခိုး။
`ပါဒ´က အကြောင်းတရား။ လောကမှာ တန်ခိုးကြီးတယ်။
 အစွမ်းထက်တယ်ဆိုတာ အဲဒီအစွမ်းထက်ခြင်းရဲ့အကြောင်းတရား လေးမျိုးရှိလို့။
`အဓိပတိ` ဆိုတာ လွှမ်းမိုးကြီးစိုးနိုင်တဲ့အရာကို ဆိုလိုတာ။
အဲဒါဘာတုန်းလို့ဆိုရင်.....

   ♦ ဆန္ဒ။ `ဆန္ဒ´ဆိုတာ မြန်မာစကားမှာလည်း ရှိနေတဲ့အတွက်ကြောင့်
ကလေးတို့အားလုံးနားလည်ပြီးသားနော်။
ဆန္ဒကို `လိုချင်တာ` လို့ပြောရင် လောဘနဲ့ရောနေမယ်။
ကဲ... ကလေးတို့ တရားအားထုတ်ချင်တာနဲ့ ပွဲကြည့်ချင်တာ မတူဘူးနော်။
ပွဲကြည့်ချင်တာ လောဘ။ တရားအားထုတ်ချင်တာက ဆန္ဒ။
ဆန္ဒဆိုတာ ကိုယ်သိမ်းပိုက်ဖို့ မဟုတ်ဘူး။ ဟုတ်ရဲ့လား။
ကလေးတို့ လှူချင်တယ်။ တန်းချင်တယ်။
ကိုယ့်ကျင့်တရားတွေ ထိန်းသိမ်းချင်တယ်။ အဲဒါက ဆန္ဒ။

   ♦ ပျော်ချင်တယ်။ ပါးချင်တယ်ဆိုတာတွေက လောဘ။
ကိုယ့်အတွက်အာရုံခံစားဖို့ လိုချင်တာက လောဘ။ ဟုတ်ရဲ့လား။
မျက်စိနဲ့ကြည့်ပြီးတော့ အပျော်ကိုရှာတယ်။ နားနဲ့ နားထောင်ပြီးတော့
အပျော်ကိုရှာတယ်။ သီချင်းလေးနားထောင်ပြီးတော့ အပျော်ကိုရှာတယ်နော်။
နှာခေါင်းနဲ့ အမွှေးအကြိုင်လေးတွေကို နမ်းရှိုက်ပြီးတော့ ပျော်ရွှင်မှုကိုရှာတယ်။
လျှာနဲ့ ကောင်းတဲ့အရသာလေးတွေကို စားပြီးတော့်လည်း ပျော်ရွှင်မှုကို ရှာတယ်။
အဲဒီလို ပျော်ရွှင်မှုကိုလိုချင်တဲ့ Desire ကျတော့ `လောဘ` လို့ခေါ်တယ်။


♦ ဆန္ဒကျတော့ အဲလိုမဟုတ်ဘူး။ Whish to do. လုပ်ချင်တယ်။
အများအကျိုးဆောင်ရွက်ချင်တယ်။ ဥပုဒ်စောင့်ချင်တယ်။ တရားနာချင်တယ်။
ပညာရှာချင်တယ်။ အတတ်တတ်ချင်တယ်။ ဟုတ်ရဲ့လား။ ပညာတွေ တတ်ချင်တယ်။
ဒါတွေကျတော့ `ဆန္ဒ` လို့ခေါ်တယ်နော်။
အဲဒီ ဆန္ဒမရှိဘဲနဲ့ မအောင်မြင်နိုင်ဘူး။
ဒါကြောင့်မို့ Wish to doဆိုတဲ့ ဆန္ဒဟာ မှတ်ထားဖို့ရာက
Chanda makes the impossible possible. ဆန္ဒတရားသည်
မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်တတ်တယ်။ ဟုတ်ရဲ့လား။
ဆန္ဒရှိလာလို့ရှိရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိဘူး။ ဖြစ်နိုင်တယ်။
ဒါကြောင့်မို့လို့ Chanda makes the impossible possible. Impossible ကို
Possible ဖြစ်အောင်လုပ်မယ်။ ဟုတ်ရဲ့လား။


   ♦ ကဲ... ဆန္ဒလေးတွေရှိရုံနဲ့ မပြီးသေးဘူး။
 နောက်က တကယ် လက်တွေ့အကောင်အထည်ဖော်ဖို့လိုတယ်။
တကယ်လုပ်ဖို့လိုတယ်။ အဲဒါကို `ဝီရိယ´လို့ခေါ်တယ်။
အင်္ဂလိပ်လိုတော့ Effort/Energy. အဲဒီ ဝီရိယကလည်းပဲ
Effort makes the impossible possible.
ဝီရိယသည် မဖြစ်နိုင်တာကို ဖြစ်နိုင်အောင်လုပ်တယ်။
 ဖြစ်အောင်လုပ်မယ်။ ဟုတ်ရဲ့လား။


   ♦ ကဲ... ဆန္ဒရှိပြီးတော့ နောက်ကလုံ့လရှိရမယ်။
ရှိလာတဲ့အခါ `စိတ်ဓာတ်` ခိုင်မာဖို့လည်း လိုသေးတယ်။
စိတ်ဓာတ်ပျော့ညံ့နေတဲ့ ပုဂ္ဂိုလ်ဟာ မအောင်မြင်ဘူးဆိုလို့ရှိရင်
လုံ့လလျှော့သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ Determine ဖြစ်တဲ့စိတ်ဓာတ်မျိုး၊
ခိုင်မာတဲ့စိတ်ဓာတ်မျိုး ရှိဖို့လိုသေးတယ်။
အဲဒါကြောင့်မို့လို့ Mind makes the impossible possible. Mind
ကလည်း အင်မတန်လိုသေးတယ်။ ဟုတ်ရဲ့လား။
Mind makes the impossible possible. ခိုင်မာတဲ့စိတ်ဓာတ်သည်
မဖြစ်သေးတာကို ဖြစ်အောင်လုပ်နိုင်တယ်။


   ♦ နောက်တစ်ခုက `ဝီမံသ´။
ဝီမံသဆိုတာ အဆင်ခြင်ပညာ။ ဘယ်အရာဖြစ်ဖြစ် ဘယ်လိုလုပ်သင့်တယ်၊
မလုပ်သင့်ဘူး ခွဲခြားသိတယ်။ လုပ်သင့်တာကိုလည်းပဲ
ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုသိတယ်။ အဲဒါမျိုးကို ဝီမံသ။
အရာရာမှာ စူးစမ်းဆင်ခြင်ပြီးလုပ်တာကို `ဝီမံသ`လို့ခေါ်တယ်။
အဲဒီ ဝီမံသဆိုတဲ့ Knowledge ပဲဆိုပါတော့။
Knowledge makes the impossible possible. အသိဉာဏ်၊
အဆင်ခြင်ပညာသည် မဖြစ်သေးတာကို ဖြစ်အောင်လုပ်နိုင်တယ်နော်။


   ♦ အဲဒီလေးချက်ဟာ အင်မတန်မှ အရေးကြီးတယ်။
နံပါတ် ၁ က ဘာတုန်းဆိုတော့ ဆန္ဒ။
နံပါတ် ၂ က ဝီရိယ။ နံပါတ် ၃ က စိတ်ဓာတ်။ နံပါတ် ၄ က ပညာ။
အဲဒီ ၄ချက် ပေါင်းစပ်မိသွားလို့ရှိရင် ကလေးတို့ဘဝမှာ ဘာဖြစ်ချင်သလဲ။
 ဖြစ်ချင်တာတွေ အကုန်လုံး Makes the impossible possible=
ဖြစ်နိုင်တာတွေ အကုန်ဖြစ်တယ်။ ဒါကို `ဣဒ္ဓိပါဒ်လေးပါး` လို့ ခေါ်ပါတယ်။


   ♦ အဲဒီ ဣဒ္ဓိပါဒ်လေးပါးကို မိမိတို့ရဲ့သန္တန်မှာ
ရင့်ကျက်လာအောင် စွမ်းဆောင်ပြီးတော့ ကြိုးစားကြမယ်ဆိုလို့ရှိရင်
ဘဝမှာ တိုးတက်အောင်မြင်မှုကို ရမှာမလွဲဧကန် ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အားလုံးသော ကလေးတို့သည် မိမိတို့ရဲ့ဘဝမှာ
တိုးတက်မြင့်မားပြီး အောင်မြင်တဲ့ဘဝခရီးကို လျှောက်လှမ်းနိုင်ကြပါစေလို့....

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

bwar99.blogspot.com