အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, September 5, 2017

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့



တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့
ငါးပါးသီလအကြောင်း သိမှတ်ဖွယ်ရာများ

   ♦ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ဂုရုဓမ္မဇာတ်တော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ဆက်စပ်၍ ကျင်းပရခြင်း ဖြစ်ပါသည်။

၁။ `သတ်, ခိုး, ကာမ, မုသား, သေ` ငါးမျိုးတို့မှ ရှောင်ကြဉ်ခြင်းကို ငါးပါးသီလဟု ခေါ်၏။
၂။ သူတော်ကောင်းတို့ အလေးဂရုထား၍ ကျင့်သုံးအပ်သောကြောင့် ဂရုဓမ္မသီလဟု ခေါ်၏။
၃။ ကမ္ဘာဦးအခါက စတင်ဖြစ်ပေါ်လာသော တရားဖြစ်၍ ပဝေဏီဓမ္မဟု ခေါ်၏။
၎။ ငါးပါးသီလကို လူမျိုးမရွေး ဘာသာမရွေး စောင့်သုံးသင့်၏။ ခါးဝတ်လုံချည်ကဲ့သို့ မြဲသင့်၏။
၅။ ငါးပါးသီလသည် ဗုဒ္ဓဘာသာတို့၏ အခြေခံတရားဖြစ်၏။ ငါးပါးသီလ ပျက်စီးသောသူသည် ခြေထောက်ကျိုးသောသူနှင့်တူ၏၊ (လိုရာခရီးသို့ ရောက်အောင်မသွားနိုင်ပါ)။
၆။ ငါးပါးသီလသည် ဗုဒ္ဓဘာသာတို့၏ နားမျက်စိနှင့်တူ၏၊ ငါးပါးသီလ ပျက်စီးသောသူသည် နားမျက်စိ ချို့ယွင်းသောသူကဲ့သို့ ဆင်းရဲဒုက္ခရောက်တတ်၏။
၇။ ငါးပါးသီလကို လူတိုင်းကိုယ်စီ မြဲကြပါလျှင် မိုးလေဝသမှန်ကန်၍ သယံဇာတသဘာဝပစ္စည်းများ ပေါကြွယ်နိုင်၏။
၈။ ငါးပါးသီလကို လူတိုင်းကိုယ်စီ စောင့်ထိန်းကြပါလျှင် တရားရုံးများ၊ အချုပ်ထောင်များ ထားစရာပင် မလိုတော့ပါ။
၉။ ငါးပါးသီလကို လူတိုင်းကိုယ်စီမြဲကြပါလျှင် ကမ္ဘာကြီးတစ်ခုလုံး ထာဝရငြိမ်းချမ်းနိုင်၏။
၁၀။ ငါးပါးသီလပျက်စီးသူသည် အသက်ရှင်လျက် သေသူမည်၏။ အမှိုက်သဖွယ် စွန့်ပစ်အပ်သူမည်၏။ အပုပ်နံ့ထွက်သောအကောင်နှင့် တူ၏။ ခြေပြတ် လက်ပြတ် ဦးခေါင်းပြတ်သောသူနှင့် တူ၏။
၁၁။ ငါးပါးသီလအကျိုးတရားများကို ဣတိဝုတ်အဋ္ဌကထာနှင့် ခုဒ္ဒကပါဌ အဋ္ဌကထာတို့တွင် မှတ်သားဖွယ်ရာ အကျယ်တဝင့်ဖွင့်ပြထား၏။
၁၂။ မဟာသုဓဿန စကြာမင်းကြီးသည် လေးကျွန်းစကြဝဠာလှည့်လည်ခါဖြင့် ဤငါးပါးသီလတရားကို ဓမ္မသတ်သဖွယ် ဟောဆိုညွှန်ပြဆုံးမလေ့ရှိ၏။
၁၃။ တိကနိပါတ် ဂရုဓမ္မဇာတ်တွင် အမြင့်ဆုံးရှင်ဘုရင်မှ အနိမ့်ဆုံး ပြည့်တန်ဆာမအထိ ငါးပါးသီလကို စောင့်ထိန်းသောကြောင့် မိုးလေဝသမှန်၍ ကပ်ကြီးသုံးပါးမှ လွတ်ကင်းကြရ၏။
၁၄။ ဒသကနိပါတ် ဓမ္မပါလဇာတ်တွင် ငါးပါးသီလမြဲ၍ ဓမ္မပါလတစ်မျိုးလုံး အသက်အရွယ်ငယ်ငယ်ဖြင့် သေရိုးထုံးစံမရှိဘဲ သက်တမ်းစေ့နေကြရ၏။
၁၅။ ဧကနိပါတ် ကုလာသကဇာတ်တွင် အိုးလုပ်သမလေး သုဇိတာသည် ငါးပါးသီလမြဲ၍ ရွှေအတိပြီးသော သစ်သီးများကို ရရှိသည့်အပြင် အသုရာမင်းကြီး၏ သမီးပျိုဘဝ၌ သူမတူအောင် ချောမောလှပရ၏။
၁၆။ မြောက်ကျွန်းသူ/သားတို့သည် ငါးပါးသီလမြဲ၍ စားဝတ်နေရေး မပူရခြင်း၊ သေသူအတွက် သောက မရောက်ရခြင်း၊ သေပြီးနောက် နတ်ပြည်သို့ ရောက်ရခြင်း၊ အနှစ်တစ်ထောင် သက်တမ်းစေ့နေရခြင်း စသောအကျိုးများကို ခံစားရ၏။
၁၇။ ငါးပါးသီလ မစောင့်ထိန်းလျှင် သေသောအခါ အပါယ်ဆင်းရဲ ကျရောက်တတ်၏။
၁၈။ ငါးပါးသီလ စောင့်ထိန်းလျှင် သေသောအခါ နတ်ပြည်သို့ ရောက်နိုင်၏။

လယ်တီဆရာတော်ဘုရားကြီး သြဝါဒ

♦ ငါးပါးသီလ၊ လူ့တရားကို မမှားစေမှု၊ အလေးပြု။
♦ မြွေဆိုး, ကျားဆိုး၊ ဘီလူးဆိုးကို၊ မတိုးဝံ့ငြား၊ ဝေးစွာရှားသို့။
♦ ငါးပါးသီလ၊ မရှိကြသူ၊ လူမသူတော်၊ လူပျက်ချော်ကို အဖော်မပြု၊ ဝေးစေမှု။

သီလပျက်စီးသူ၏ အပြစ်ငါးပါး

၁။ စည်းစိမ်ပျက်လျှင်း၊
၂။ သတင်းဆိုးနှံ့၊
၃။ ကြောက်ရွံ့ပရိသာ၊
၎။ သေခါတွေဝေ၊
၅။ သေငရဲလား၊ ပြစ်ငါးပါး၊ မှတ်သား ဒုဿီလ။

သီလစောင့်ထိန်းသူ၏ အကျိုးငါးပါး

၁။ စည်းစိမ်ရလျှင်း၊
၂။ သတင်းကောင်းနှံ့၊
၃။ မရွံ့ပရိသာ၊
၎။ သေခါမတွေ၊
၅။ သေ နတ်ရွာလား၊ ကျိုးငါးပါး၊ မှတ်သား သီလဝန္တ။
(တိပိဋကဓရ၊ ဆရာတော်ဦးဝိစိတ္တရေးသည်)


ငါးပါးသီလ အပြစ်ပြကဗျာများ
(ဆရာကြီး ဒဂုန်ဦးထွန်းမြင့် ရေးသည်)

၁။ သူ့အသက်ကို သိလျက်သားနဲ့၊ ဒေါသစိတ်ထား သေစေလို။
လုံ့လပြုကာ သေအောင်သတ်တော့၊ ပါဏာတိပါတ် အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လည်း ရောဂါစွဲ၊ ဆင်းရဲအသက်တို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

၂။ သူ့ဥစ္စာကို သိလျက်သားနဲ့၊ လောဘစိတ်ထား ခိုးယူလို။
လုံ့လပြုကာ ခိုးယူပြန်က၊ အဒိန္နာဒါန အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လည်း ဥစ္စာမွဲ၊ ဆင်းရဲအသက်တို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

၃။ ရှောင်ရှားအပ်သူ မိန်းမများ၌၊ ရာဂစိတ်ထား ပေါင်းဖော်လို။
လုံ့လပြုကာ ကျူးလွန်ပြုက၊ ကာမေသုတဲ့ အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လည်း နပုံးပ၊ မိန်းမဖြစ်တတ်သကို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

၎။ မဟုတ်မမှန် တစ်ဖက်သားကို၊ ယွင်းချွတ်လှည့်စား မုသားဆို။
အဓိပ္ပါယ်ကို ထိုသူသိ၍၊ အကျိုးကိုထိ အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လည်း ပါးစပ်ပြဲ၊ သွားကြဲ နှုတ်ခမ်းတို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

၅။ မူးယစ်တတ်စွာ သေရည်များကို၊ မူးယစ်သောက်စား ဘိန်းရှူမျို။
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့၊ မကောင်းစင်စစ် အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို။
လွတ်လာစေဦး လူမေ့မူး၊ အရူးဆက်တိုင်းကို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

ပဉ္စသီငါးဖြာ ကိုယ့်ကျင့်တရားကို၊ ပျက်ပြားနေကြ ကမ္ဘာမြေ။
ဟိုတိုင်း ဒီပြည် ရန်စစ်ခင်းလို့၊ လူနှင့် လူချင်း သတ်ကာနေ။
ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။
ပဉ္စငါးပါး ကိုယ့်ကျင့်တရား၊ ရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့ ဗုဒ္ဓဝါဒ ကမ္ဘာကသိပါစေ။

ငါးပါးသီလ အကျိုးများ

 ပါဏာတိပါတသိက္ခာပုဒ် စောင့်ထိန်းခြင်းအကျိုး ၂၂ မျိုး

၁။ အင်္ဂါကြီးငယ်နှင့် ပြည့်စုံခြင်း၊
၂။ အလုံးအရပ်နှင့် ပြည့်စုံခြင်း၊
၃။ လျင်မြန်မှုနှင့် ပြည့်စုံခြင်း၊
၎။ ခြေဖဝါးအပြင် ကောင်းစွာတည်ခြင်း၊
၅။ တင့်တယ်လှပခြင်း၊
၆။ နူးညံ့သိမ့်မွေခြင်း၊
၇။ သန့်ရှင်းစင်ကြယ်ခြင်း၊
၈။ ရဲရင့်ခြင်း၊
၉။ ခွန်အားကြီးခြင်း၊
၁၀။ သန့်ရှင်းပြေပြစ်သော စကားရှိခြင်း၊
၁၁။ သတ္တဝါအများက ချစ်ခင်နှစ်သက်ခြင်း၊
၁၂။ ပရိသတ် စည်းလုံးညီညွတ်ခြင်း၊
၁၃။ မတုန်လှုပ်ခြင်း၊
၁၄။ သူတစ်ပါးတို့က မဖျက်ဆီးနိုင်ခြင်း၊
၁၅။ သူတစ်ပါးပယောဂကြောင့် မသေရခြင်း၊
၁၆။ အခြွေအရံများခြင်း၊
၁၇။ အဆင်းလှခြင်း၊
၁၈။ အသွင်အပြင်ကောင်းခြင်း၊
၁၉။ အနာရောဂါကင်းခြင်း၊
၂၀။ စိုးရိမ်သောကကင်းခြင်း၊
၂၁။ ချစ်သောသူတို့နှင့် မကွဲမကွာ အတူနေရခြင်း၊
၂၂။  အသက်ရှည်ခြင်း။

အဒိန္နာဒါနသိက္ခာပုဒ် စောင့်ထိန်းခြင်းအကျိုး ၉ မျိုး

၁။ ဥစ္စာစပါး ပေါများခြင်း၊
၂။ သုံးမကုန်အောင် စည်းစိမ်ကြွယ်ဝခြင်း၊
၃။ မြဲမြံတည်တံ့သော စည်းစိမ်ရှိခြင်း၊
၎။ လိုချင်သောစည်းစိမ် ရလွယ်ခြင်း၊
၅။ ရန်သူမျိုးငါးပါးနှင့် မဆက်ဆံသော စည်းစိမ်ရှိခြင်း၊
၆။ ပြန့်ပြောသော စည်းစိမ်ရှိခြင်း၊
၇။ ရောက်ရာအရပ်၌ အကြီးအကဲဖြစ်ရခြင်း၊
၈။ မရှိသည်၏အဖြစ်ကို မသိခြင်း၊
၉။ ချမ်းသာစွာ နေရခြင်း။

ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် စောင့်ထိန်းခြင်းအကျိုး ၁၇ မျိုး

၁။ ရန်သူမရှိခြင်း၊
၂။ သတ္တဝါတို့၏ ချစ်ခင်မှုကိုခံရခြင်း၊
၃။ ထမင်း အဖျော် အဝတ် စသည် ရလွယ်ခြင်း၊
၎။ ချမ်းသာစွာ အိပ်စက်ရခြင်း၊
၅။ ချမ်းသာစွာ နိုးကြားခြင်း၊
၆။ အပါယ်ဘေးမှ လွတ်ခြင်း၊
၇။ မိန်းမဘဝ, နပုံးပဏ္ဍုက်ဘဝ မဖြစ်ခြင်း၊
၈။ အမျက်မထွက်ခြင်း၊
၉။ အမှန်ကို ပြုလေ့ရှိခြင်း၊
၁၀။ ကြည်သာရွှင်ပျ မျက်နှာလှခြင်း၊
၁၁။ ချမ်းသာသုခနှင့် ပြည့်စုံခြင်း၊
၁၂။ ဣနြေ္ဒပြည့်စုံခြင်း၊
၁၃။ လက္ခဏာပြည့်စုံခြင်း၊
၁၄။ ယုံမှားသံသယကင်းခြင်း၊
၁၅။ ကြောင့်ကြမှုကင်းခြင်း၊
၁၆။ ချမ်းသာစွာနေရခြင်း၊
၁၇။ ဘေးရန်မရှိခြင်း။

မုသာဝါဒသိက္ခာပုဒ် စောင့်ထိန်းခြင်းအကျိုး ၁၄ မျိုး

၁။ ဣနြေ္ဒကြည်လင်ခြင်း၊
၂။ သန့်ရှင်းသာယာ ချိုသာသောစကားရှိခြင်း၊
၃။ ညီညာသန့်ရှင်းသော သွားရှိခြင်း၊
၎။ မဝလွန်းခြင်း၊
၅။ မပိန်လွန်းခြင်း၊
၆။ မပုလွန်းခြင်း၊
၇။ မရှည်လွန်းခြင်း၊
၈။ အတွေ့ကောင်းခြင်း၊
၉။ ခံတွင်းမှ ကြာနံ့သင်းခြင်း၊
၁၀။ မိမိပြောစကား ပရိသတ်က နာယူခြင်း၊
၁၁။ ရိုသေလေးစားထိုက်သော စကားရှိခြင်း၊
၁၂။ ကြာပွင့်လွှာနှင့်တူသော နူးညံ့နီမြန်း၍ ပါးသောလျှာရှိခြင်း၊
၁၃။ မဆုတ်နစ်ခြင်း၊
၁၄။ မတုန်လှုပ်ခြင်း။

သုရာမေရယသိက္ခာပုဒ် စောင့်ထိန်းခြင်းအကျိုး ၂၃ မျိုး

၁။ ကာလသုံးပါး၌ မမေ့လျော့ခြင်း၊
၂။ ဉာဏ်ကောင်းခြင်း၊
၃။ သတိကောင်းခြင်း၊
၎။ အရာဌာနအားလျော်စွာ ဖြစ်ပေါ်လာသော ဉာဏ်ရှိခြင်း၊
၅။ မပျင်းရိခြင်း၊
၆။ မဆွံ့အ, ခြင်း၊
၇။ မရူးခြင်း၊
၈။ မတုန်လှုပ်ခြင်း၊
၉။ ချုပ်ချယ်စော်ကားမှု မခံရခြင်း၊
၁၀။ မငြူစူခြင်း၊
၁၁။ ဝန်တိုမှုကင်းခြင်း၊
၁၂။ စကားမှန်ကန်ခြင်း၊
၁၃။ ကုန်းတိုက်စကား၊ ကြမ်းတမ်းစကား၊ ပြိန်ဖျင်းစကား မပြောခြင်း၊
၁၄။ ကျေးဇူးသိခြင်း၊
၁၅။ စွန့်ကြဲခြင်း၊
၁၆။ သီလရှိခြင်း၊
၁၇။ ဖြောင့်မတ်ခြင်း၊
၁၈။ အမျက်မထွက်ခြင်း၊
၁၉။ အရှက်အကြောက်နှင့် ပြည့်စုံခြင်း၊
၂၀။ အယူဖြောင့်ခြင်း၊
၂၁။ မြင့်မြတ်ခြင်း၊
၂၂။ ပညာရှိခြင်း၊
၂၃။ အကျိုးရှိသည် မရှိသည်၌ လိမ္မာခြင်း။

(ဣတိဝုတ် အဋ္ဌကထာနှင့် ခုဒ္ဒကပါဌ အဋ္ဌကထာတို့တွင် လာရှိသည်)

ဆရာတော် ဘဒ္ဒန္တ ပညာသာမိ (မာဂဓီ -သာစည်)
(အခါတော်နေ့များ စာအုပ်မှ)

bwar99.blogspot.com




No comments:

Post a Comment