အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, January 1, 2019

သီတဂူဆရာတော်ကြီး ၂၀၁၉ နှစ်သစ်ကူး သြဝါဒ


   ၂၀၁၉ ခုနှစ် နှစ်သစ်ကူးသြဝါဒ
♣♣♣♣♣♣♣♣♣♣♣♣

   ၂၀၁၈ ခုနှစ် ကုန်ဆုံးလို့ ၂၀၁၉ ခုနှစ် ကမ္ဘာသုံးနှစ်တို့ရဲ့ နှစ်ဟောင်းကုန်လို့
နှစ်သစ်ကူးတဲ့အခါ ကမ္ဘာတစ်ဝှမ်းလုံးရှိကြတဲ့ သတ္တဝါအားလုံး၊ မြန်မာတစ်နိုင်ငံလုံးမှာ
ရှိကြတဲ့ ရဟန်း၊ ရှင်၊ လူ ပြည်သူအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့
ရှေ့ဦးစွာ နှစ်ခွန်းဆက်ပါတယ်။

   နှစ်ဟောင်းနှင့် နှစ်သစ်အကူး ဒီနေ့ဆိုရင်တော့ နှစ်ဟောင်းကိုလည်း နှုတ်ဆက်
နှစ်သစ်ကိုလည်း ကြိုဆိုနှုတ်ဆက်တဲ့အနေအားဖြင့် ဘုန်းကြီးတို့
စကားနည်းနည်းပြောမယ်။

   မြတ်စွာဘုရား ဝဇ္ဇီတိုင်း နာတိကရွာမှာ နေတုန်းက အဲဒီ ဝဇ္ဇီတိုင်းထဲမှာ ရှိနေတဲ့
ဂေါသိင်္ဂဥယျာဉ်ကြီးထဲမှာ အရှင်အနုရုဒ္ဓါ ရယ်၊ အရှင်နန္ဒိယ ရယ်၊ အရှင်ကိမိလ ရယ်
မထေရ်ကြီးသုံးပါးတို့ နေနေကြတယ်။ တစ်ခုသော ညနေစောင်း မြတ်စွာဘုရား
ကိန်းအောင်းရာမှ ထပြီးတော့ အရှင်မြတ်သုံးပါးတို့ နေနေတဲ့ ဂေါသိင်္ဂဥယျာဉ်ကြီးကို
မြတ်စွာဘုရားကြွသွားတယ်။

   ဂေါသိင်္ဂဆိုတာက နွားကြီးများ၊ ချိုရှည်နွားကြီးများပေါ့လေ၊ ခေါင်းကြီးကိုထောင်ပြီးနေတဲ့အခါ
ချိုကြီးနှစ်ချောင်း ကောင်းကင်ကို မော့နေသလို၊ အင်းကြင်းပင်ကြီးတစ်ပင်ထဲကနေပြီးတော့၊
လူတစ်ရပ်လောက်ရောက်တော့ ခွကြီးနှစ်ခွပေါက်ပြီးတော့ ကောင်းကင်ထောင်တက်နေတော့
အဲဒီအင်ကြင်းပင်ကြီးကို ဝဇ္ဇီတိုင်းသားတွေက ဂေါသိင်္ဂဥယျာဉ်လို့ ခေါ်ကြတယ်။
ဆောင်းကုန်လို့ နွေအကူး တပေါင်းလရဲ့ လဆန်းပိုင်းလောက် လဦးပိုင်းလောက် ဖြစ်မှာပေါ့။
တောအုပ်ကြီးတစ်ခုလုံးရဲ့ ကိုင်းဖျားကိုင်းဖျား ခက်ဖျားခက်ဖျားတွေမှာ အပွင့်တွေ အဖူးတွေ
အရွက်ညွှန့်တွေနဲ့ စုံပြီးတော့ တစ်တောအုပ်လုံး ကျက်သရေရှိနေတဲ့အချိန်၊ ဂေါသိင်္ဂဥယျာဉ်က
အင်းကြင်းပင်တွေကလည်းပဲ ပင်လုံးကျွတ် ပွင့်နေလိုက်ကြတာ၊ နတ်ပန်းတွေ ပွင့်နေသလိုပဲ။
အင်ကြင်းပန်းရဲ့ ရနံ့တွေကလည်း တစ်တောလုံး သင်းပျံနေတယ်။
ကြွရောက်တော်မူလာတဲ့ မြတ်စွာဘုရားက မထေရ်မြတ်သုံးပါးတို့ကို မေးပါတယ်။
အနုရုဒ္ဓါ၊ ရှင်နန္ဒိယနှင့် ကိမိလတို့ကို သူတို့တစ်တွေ ဒီဂေါသိင်္ဂဥယျာဉ်မှာ ချမ်းသာစွာနေကြရရဲ့လား။
ချမ်းသာစွာ နေကြရကြောင်းပါဘုရား။ ဆွမ်းကွမ်းရော မျှမျှတတရှိရဲ့လား။ မျှတကြောင်းပါဘုရား။
ပိုပြီးတော့ အရေးကြီးတာကတော့ သူတို့ညီနောင်သုံးပါး၊ အာလုံးသာကီဝင်မင်းက
 ဖြစ်ကြတဲ့ရဟန်းတွေကြီးဖြစ်လို့၊ သူတို့ညီနောင်သုံးပါး ချစ်ချစ်ခင်ခင် ညီညီညွှတ်ညွှတ် ငြိမ်းငြိမ်းချမ်းချမ်း
နေနိုင်ကြရဲ့လားလို့ မြတ်စွာဘုရားကမေးပါတယ်။ အဲဒီမြတ်စွာဘုရားရဲ့ မေးခွန်းကို အရှင်မြတ်သုံးပါးလုံးက
တစ်ပါးစီ တစ်ပါးစီ ချစ်ချစ်ခင်ခင် ညီညီညွှတ်ညွှတ် ငြိမ်းငြိမ်းချမ်းချမ်း နေရကြောင်းကို အားလုံး
လျှောက်ထားကြပါတယ်။

   ပထမ ဘာပြောသလဲဆိုတော့၊ ဘာလျှောက်ထားသလဲဆိုတော့ တပည့်တော်တို့ ညီနောင်သုံးပါး
အတူနေတဲ့နေရာမှာ (၁) တပည့်တော် အနုရုဒ္ဓါဘက်က လျှောက်ရမယ်ဆိုရင်
အရှင်နန္ဒိယနှင့် အရှင်ကိမိလတို့လို ပုဂ္ဂိုလ်တွေနဲ့ အတူနေရတာ ကံကောင်းလိုက်တာ၊
အရတော်လိုက်တာလို့ တပည့်တော် ဒီလိုနှလုံးသွင်းပါတယ် ဘုရား။ ဒီလိုလျှောက်တော့
မြတ်စွာဘုရားက သာဓုခေါ်တယ်။ ဒီလိုပုဂ္ဂိုလ်တွေနဲ့ နေရတာ စိတ်ညစ်စရာကောင်းလိုက်တာလို့
မပြောပါဘူး။ နောက်ထပ် သင်တို့ရဲ့ ငြိမ်းချမ်းညီညွှတ်စွာနေပုံကို လျှောက်ဦးလည်းဆိုတော့
ဒုတိယ ဘာလျှောက်သလဲဆိုတော့ တပည့်တော်တို့ ညီနောင်သုံးပါး ဂေါသိင်္ဂဥယျောဉ်ကြီးထဲမှာ
မျက်မှောက်မှာရော မျက်ကွယ်မှာရော ကာယကံမေတ္တာ၊ ဝီစိကံမေတ္တာ၊၊ မနောကံမေတ္တာတွေနဲ့
မေတ္တာသုံးပါး မျက်မှောက် မျက်ကွယ်မှာ ထားပြီးတော့ တပည့်တော်တို့ ချစ်ခင်ညီညွှတ်စွာ
နေကြကြောင်းပါဘုရား ဒီလိုလျှောက်တယ်။

   ကာယကံမေတ္တာဆိုတာ အရှင်အနုရုဒ္ဓါက အရှင်နန္ဒိယ၊ အရှင်ကိမိလ မထေရ်နှစ်ပါးရဲ့
ဝေယျာဝစ္စတွေကို မျက်နှာချင်းဆိုင်၍ ကူညီဆောင်ရွက်ပေးခြင်းဟာ ဒါကာယကံမေတ္တာပဲ။
အကယ်၍ အရှင်မြတ်နှစ်ပါးတို့၏ မျက်ကွယ်မှာပင်ဖြစ်လင့်ကစား ထိုအရှင်မြတ်နှစ်ပါးတို့ရဲ့
ဥပမာ နေလှန်းထားတဲ့ သပိတ် သင်္ကန်းများကို ထိုအရှင်မြတ်တို့ မရုတ်သိမ်းမှီ အနုရုဒ္ဓါမထေရ်မြတ်က
ရုတ်သိမ်းပြီး ကျောင်းထဲသို့သွင်းပေးတဲ့ကိစ္စဟာ မျက်ကွယ်ကာယကံမေတ္တာပဲ။
နှစ်ပါး သို့မဟုတ် သုံးပါး ဆုံတိုင်းဆုံတိုင်း တစ်ပါးနှင့် တစ်ပါး ချစ်ခင်ဖွယ်စကားတွေသာ ပြောကြတယ်။
ဒါ မျက်မှောက် ဝိစီကံမေတ္တာပဲ။ အနုရုဒ္ဓါက အရှင်နန္ဒိယနှင့် တွေ့တဲ့အခါမှာ အရှင်ကိမိလရဲ့
ကျေးဇူးစကားကို ပြောတယ်။ အရှင်ကိမိလက အရှင်နန္ဒိယရဲ့ ဆုံတဲ့အခါမှာ အရှင်အနုရုဒ္ဓါရဲ့
ကျေးဇူးစကားကို ပြောတယ်။ အဲဒီလို တစ်ပါးရဲ့ကွယ်ရာမှာ နှစ်ပါးအချင်းချင်း ကျေးဇူးစကားပြောပြီးတော့
နေကြတာဟာ မျက်ကွယ်ပြုတဲ့ ဝိစီကံမေတ္တာ ဖြစ်ပါတယ်။
မျက်ကွယ်တစ်မျိုး မျက်မှောက်တစ်မျိုး တွေ့တဲ့အခါမှာတော့ ရွှန်းရွှန်းဝေအောင် ချစ်ဖွယ်စကားတွေ
ပြောပြီး မျက်ကွယ်မှာတော့ မကောင်းသတင်းတွေ ပြောပြီးတော့ နေကြတာမဟုတ်ဘူး။
မျက်မှောက် မျက်ကွယ်နှစ်မျိုးစလုံးမှာ ချစ်ခင်ဖွယ်စကား သတင်းကောင်းတွေပဲ ပြောပြီးတော့ နေကြတယ်။
အဲဒီတော့ မျက်ကွယ် မျက်မှောက်နှစ်ပါးမှာမေတ္တာသုံးပါးနဲ့ နေကြောင်း လျှောက်တော့လည်း
မြတ်စွာဘုရားက သာဓုအကြိမ်ကြိမ် ခေါ်တော်မူပါတယ်။

   နောက် တတိယ ချစ်ခင်ညီညွှတ်ချမ်းသာစွာနေကြောင်း နောက်ထပ် အကျင့်ကောင်းရှိသေးရင်
လျှောက်ဦးတော့ဆိုတော့ မထေရ်သုံးပါးတို့က တစ်ပါးစီလျှောက်ကြတယ်။
ဘာလျှောက်သလဲလို့ဆိုတော့ ဘုရားတပည့်တော်တို့ ညီနောင်သုံးပါးဟာ
`သကံ စိတ္တံ နိက္ခိပိတွာ ဣမေသံယေဝ အာယသ္မန္တာနံ စိတ္တဿ ဝသေန ဝတ္တေယျံ`
ဥပမာ အရှင်နုရုဒ္ဓါက စလျှောက်တယ်ဆိုကြပါဆို့ တပည့်တော်အနုရုဒ္ဓါသည်
တပည့်တော်ရဲ့စိတ်၊ တပည့်တော်ရဲ့ အလို၊ တပည့်တော်ရဲ့ ဆန္ဒ အကုန်လုံးလျော့ထားတယ်။
အတူနေတဲ့ နှစ်ပါးရဲ့အလိုကျ နှစ်ပါးအလိုပြည့်အောင်၊ အတူနေနှစ်ပါး စိတ်ချမ်းသာအောင်
နှစ်ပါးရဲ့အလိုအလိုက် အကြိုက်ကိုပြု၍ တပည့်တော်နေကြောင်းပါဘုရားလို့ အရှင်နုရုဒ္ဓါက
လျှောက်တယ်။ ဒီအတိုင်းပဲ ရှင်နန္ဒိယကလည်း တပည့်တော်ရဲ့ စိတ်ဆန္ဒကို လျော့ထားပြီးတော့
အတူနေနှစ်ပါးရဲ့ အလိုကိုလိုက်ပြီးနေကြောင်းပါဘုရားလို့ လျှောက်တယ်။ ထိုနည်းတူစွာပဲ
အရှင်ကိမိလကလည်း မိမိရဲ့စိတ်ဆန္ဒတွေကို လျော့ထားပြီးတော့ ရှင်နုရုဒ္ဓါနှင့် ရှင်နန္ဒိယတို့ရဲ့
အလိုကို လိုက်ပြီးတော့နေတယ်လို့ ပြောတယ်။ သုံးပါးအတူနေရာမှာ ဘယ်ပုဂ္ဂိုလ်ကမှ
ကိုယ့်အလိုဆန္ဒတွေကို ရှေ့တန်းတင်ပြီးတော့၊ ကိုယ့်စိတ်ဆန္ဒတွေကို ရှေ့တန်းတင်ပြီးတော့
အတင်းငါ့အလိုကျ ငါ့စိတ်တိုင်းကျ အကုန်ဖြစ်ရမယ် ငါလိုတာအကုန် မင်းတို့နှစ်ပါးလုပ်ပေးရမယ်
ဆိုတဲ့ တင်းမာတဲ့စိတ်ဆန္ဒမျိုးနဲ့ မနေကြဘူး။ တစ်ပါးရဲ့ အလိုကျ နှစ်ပါးကနေတယ်။
နှစ်ပါးရဲ့အလိုကျ တစ်ပါးကနေတယ်။ သုံးပါးလုံး တစ်ပတ်လည်သွားတဲ့အခါမှာ သုံးပါးလုံး
စိတ်ဆန္ဒတွေကို လျော့ထားပြီးတော့ သုံးပါးလုံးလည်း အလိုပြည့်နေကြတာကို တွေ့ရပါတယ်။
အဲဒီအခါမှာ မြတ်စွာဘုရား သာဓုသုံးကြိမ် ခေါ်တော်မူပြန်ပါတယ်။

   နောက် စတုတ္ထ လျှောက်ထားချက်ကတော့ အားလုံးနည်းယူမှတ်သားဖို့ကောင်းပါတယ်။
ဒီကနေ့ ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံး တိုင်းရင်းသားညီအကိုမောင်နှမ
လူမျိုးပေါင်း ၁၀၀ ကျော်တို့သူတွေဟာ ဂေါသိင်္ဂဥယျာဉ်ကြီးထဲက သာကီဝင်မင်းသား
ညီနောင်သုံးပါးတို့ရဲ့ ကျင့်ထုံး၊ ကျင့်သုံးပုံကို လိုက်နာကျင့်သုံးကြဖို့ကောင်းပါတယ်။
စတုတ္ထအချက်က ဘာလဲဆိုတော့
 `နာနာ ဟိ ခေါ နော ဘန္တေ ကာယာ။
ဧကံ စ ပန မညေ စိတ္တံ` လို့ လျှောက်ပါတယ်။
နာနာ ဟိ ခေါ နော ဘန္တေ ကာယာ - ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား
တပည့်တော်တို့ ဂေါသိင်္ဂဥယျာဉ်မှာ သုံးပါးနေကြတာဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်ကတော့
သုံးကိုယ်ပဲ ဖြစ်ပါတယ်။ သုံးကိုယ်ဖြစ်ပေမယ့် တပည့်တော်တို့က စိတ်ဓာတ်သုံးမျိုး
မဟုတ်ဘူး ဘုရား။ သုံးကိုယ် သုံးစိတ် မဟုတ်ဘူး ဘုရား။
ဧကံ စ ပန မညေ စိတ္တံ - သုံးကိုယ်မှာ တစ်စိတ်တည်းနဲ့ တပည့်တော် နေကြတယ် ဘုရား။
စိတ်ဓာတ်တွေကို ညှိနိုင်းထားကြတယ်၊ အလိုဆန္ဒတွေကို ညှိနိုင်းထားကြတယ်။
အံ့သြစရာကောင်းတဲ့ ကျင့်ထုံးတစ်ခုဖြစ်ပါတယ်။ ဂေါသိင်္ဂကျင့်ထုံးပါ။ အဲဒါကြောင့်
လူစုလူဝေးတစ်ခု၊ အသင်းအဖွဲ့တစ်ခု၊ အုပ်စုတစ်ခုမှာ လူ ၅၀၊ ၁၀၀ ပဲစုဝေးနေစေကာမူ
ဂေါသိင်္ဂဥယျာဉ်က အရှင်မြတ်သုံးပါးတို့ရဲ့ ကျင့်ထုံးကို နှလုံးမူ၍ သုံးကိုယ်တစ်စိတ်ဆိုတာမျိုးမှာ
လူ ၅၀ လောက်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု၊ လူ ၁၀ လောက်ဖွဲ့စည်းထားတဲ့
အဖွဲ့အစည်းတစ်ခုမှာ ၁၀ ပင်ဖြစ်စေ၊ ၂၀ ပင်ဖြစ်စေ၊ ၅၀ ပင်ဖြစ်စေ၊ တစ်စိတ်တည်း
တစ်ဝမ်းတည်းဖြစ်ရင် ငြိမ်းချမ်းသော ညီညွှတ်သော အသင်းအဖွဲ့တစ်ခု ဖြစ်လာမှာပါ။
အဲဒါကြောင့် ဒီကနေ့ ပြောချင်တာကတော့ ဂေါသိင်္ဂဥယျောဉ်ကြီးထဲက မထေရ်မြတ်သုံးပါးတို့ရဲ့
ကျင့်ထုံးကို အားလုံးကျင့်သုံးနိုင်ကြမယ်ဆိုရင် ငြိမ်းချမ်းသာယာသော ညီညွှတ်သော အသင်းအဖွဲ့တစ်ခု၊
အုပ်စုတစ်စု၊ နိုင်ငံတော်တစ်ခုတည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။

သုံးကိုယ်တစ်စိတ် ငြိမ်းချမ်းညီညွှတ်စွာနေကြောင်းကို လျှောက်တော့ မြတ်စွာဘုရားကိုယ်တော်မြတ်က
သာဓု သာဓု အနုရုဒ္ဓါ နန္ဒိယ ကိမိလတို့၊ ကောင်းလိုက်တာ၊ ကောင်းပါလေစွ၊ ကောင်းလေစွလို့
မြတ်စွာဘုရားက ချီးမွမ်းတာ၊ မထေရ်မြတ်သုံးပါးကို ချီးမွမ်းပြီးတော့မှ၊ ဂေါသိင်္ဂဥယျောဉ်ကြီးကို
မြတ်စွာဘုရားဆက်လက်၍ ချီးမွမ်းတော်မူတယ်။
`သောဘနံ ဝတ ဂေါသင်္ဂသာလဝနံ`
ဂေါသိင်္ဂဥယျာဉ်ကြီး တင့်တယ်လိုက်တာ၊ ကျက်သရေရှိလိုက်တာ၊
နံပါတ်တစ်ကတော့ ဂေါသိင်္ဂဥယျာဉ်ကြီးကိုယ်၌က အင်းကြင်းပင်တွေ ပင်လုံးကျွတ်ပွင့်ပြီးတော့
မွှေးကြိုင်နေလို့၊ ကျက်သရေရှိတာတစ်မျိုး၊ ဥယျာဉ်မှာနေတဲ့ ပုဂ္ဂိုလ်တွေက
သုံးကိုယ်တစ်စိတ် နေနိုင်ကြလို့လည်းပဲ၊ ငြိမ်းချမ်းညီညွှတ်စွာ နေနေကြလို့လဲ
ကျက်သရေရှိတာတစ်မျိုး၊ နို့နှင့် ရေ၊ ရေနှင့် နို့ရောလိုက်မယ်ဆိုလို့ရှိရင် ပြန်ခွဲလို့ မရဘူး။
တစ်ယောက်နှင့်တစ်ယောက် ဝမ်းမြောက်စွာလည်း နေနိုင်ကြတယ်။ ငြင်းခုန်ခြင်း
ခိုက်ရန်ခြင်းမရှိပဲနဲ့လည်း နေနိုင်ကြတယ်။ နို့နှင့် ရေ ရောသလို ရောရောနှောနှောလည်း
နေနိုင်ကြတယ်။ ပြီးတော့ ချစ်စရာကောင်းတဲ့ စကားတစ်လုံးကတော့
ဘန္တေ ဘဂဝါ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဘုရားတပည့်တော်တို့ ညီနောင်သုံးပါး
ဣမသံမေ ဂေါသိင်္ဂသာလဝနံ ဤဂေါသိင်္ဂဥယျာဉ်မှာ အညမညံ- အချင်းချင်း၊ ပိယစက္ခူဟိ -
ချစ်ခင်သောမျက်လုံးအစုံတို့ဖြင့်၊ သမ္ပဿန္တာ - ကြည့်ရှုနိုင်ကြကုန်သည်ဖြစ်၍၊ ဝိဟရာမ -
နေကြပါတယ်ဘုရား။ ဒီစာလုံးကတော့ ချစ်ခင်နှစ်သက်ဖို့လည်း ကောင်း၊ ဂေါသိင်္ဂဥယျောဉ်ကြီးကို
ပြန်ပြောင်းစဉ်းစားလိုက်တိုင်း၊ လွမ်းဆွေးဖွယ်ရာကောင်းတဲ့ စကားတစ်လုံး ဖြစ်ပါတယ်။

   အားလုံး ညီအကိုမောင်နှမတစ်တွေ မထေရ်ကြီးသုံးပါးရဲ့ ကျင့်ထုံး၊ ကျင့်သုံးပုံထဲမှာ
ချစ်ခင်သောမျက်လုံးအစုံတို့ဖြင့် ကြည့်ရှုပြီးတော့ နေနိုင်ကြတယ်ဆိုတယ်ဆိုတာကိုလဲ
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားညီအကိုမောင်နှမတွေ အားလုံး
တစ်ယောက်နှင့်တစ်ယောက် ချစ်သောမျက်လုံးအစုံတို့ဖြင့် ကြည့်ရှုဆက်ဆံနိုင်ကြပါစေ။
နို့နှင့် ရေနဲ့ရောလိုက်ရင် ပြန်ခွဲလို့မရသလို၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ
နို့ထဲမှာ ရေ၊ ရေထဲမှာ နို့ရောသလို ရောနှောပြီးတော့ ဘယ်တော့မှမခွဲပဲနဲ့ အတူယှဉ်တွဲပြီးတော့၊
ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီးတော့ ချစ်ခင်ညီညွတ်စွာ အတူယှဉ်တွဲပြီးတော့ နေနိုင်ကြပါစေလို့
ဆိုတာကို နှစ်ဟောင်းကိုလည်း နှုတ်ဆက်ပါတယ်။ နှစ်သစ်ကိုလည်း နှုတ်ခွန်းဆက် ကြိုဆိုလိုက်ပါတယ်။
နှုတ်ဆက်ရင်းကြိုဆိုလိုက်ပါတယ်။ ပြည်ထောင်စုနိုင်ငံသူ နိုင်ငံသား၊ ညီအကိုမောင်နှမ တိုင်းရင်းသား
တိုင်းရင်းသူအားလုံး သုံးကိုယ်တစ်စိတ်၊ ချစ်ခင်သောမျက်လုံးအစုံဖြင့် အချင်းချင်းကြည့်၍
ငြိမ်းချမ်းညီညွတ်စွာ လက်တွဲပြီးတော့ နို့နှင့် ရေ ခွဲမရသလို ယှဉ်တွဲ၍ နေနိုင်ကြပါစေလို့
ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။
သီတဂူဆန်းလပမာ ချမ်းမြသာယာရှိကြပါစေ ….။


သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်ဉာဏိဿရ

(အသံဖိုင်ကို ကူးယူဖေါ်ပြတဲ့အတွက် အမှားအယွင်းများရှိခဲ့ပါက ခွင့်လွှတ်ပေးကြပါ)

bwar99.blogspot.com

၂၀၁၉ ခုနှစ်အတွက် နှစ်သစ်ကူးဆုတောင်း


၂၀၁၉ ခုနှစ်အတွက် နှစ်သစ်ကူးဆုတောင်း
♦♦♦♦♦♦♦♦♦♦♦♦♦♦♦

   နှစ်သစ်တစ်ခု ကူးပြောင်းတယ်ဆိုတာ
ကိုယ်လုပ်ချင်တဲ့ အလုပ်တွေလုပ်ဖို့
တစ်နှစ်လျော့သွားတာပါ။
ကိုယ်လုပ်ချင်တဲ့ အလုပ်၊
ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို
ကြုံလာသမျှ မငြင်းစတမ်း
အကုန်လိုက်လုပ်နေမယ်ဆိုရင်
ကိုယ်အလုပ်ချင်ဆုံး အလုပ်၊
ကိုယ်အလုပ်သင့်ဆုံး အလုပ်ကို
ထိထိရောက်ရောက် မလုပ်ဖြစ်တာ၊
လုံးဝမလုပ်ဖြစ်တာမျိုး ဖြစ်သွားတတ်ပါတယ်။

   ဘဝက သိပ်တိုတောင်းလွန်းတဲ့အတွက်
ကိုယ့်အရည်အချင်းနဲ့ အထိုက်တန်ဆုံး အလုပ်၊
ကိုယ့်ရဲ့စွမ်းဆောင်မှုကြောင့် အများအတွက်
ကောင်းကျိုးအဖြစ်ထွန်းဆုံး အလုပ်ကိုပဲ
အတိအကျရွေးချယ်ပြီး အမိအရ လုပ်နိုင်ကြပါစေ။

   နှစ်သစ်မှာ ကိုယ်ကိုယ်တိုင်လည်း
လူမှန်၊ နေရာမှန်ဖြစ်အောင် တည်ဆောက်နိုင်ပါစေ။
ကိုယ်နဲ့ ပတ်သက်သမျှတိုင်းကိုလည်း
လူမှန်၊ နေရာမှန်ဖြစ်အောင် ပြတ်ပြတ်သားသား
စီမံခန့်ခွဲနိုင်ကြပါစေ။
နိုင်ငံသားအားလုံး
လူမှန်၊ နေရာမှန်ဖြစ်ကြခြင်းဖြင့်
နိုင်ငံတော်ကြီး စနစ်မှန်၊ ကောင်းကျိုးမှန်နဲ့
ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ် …..။


မေတ္တာဖြင့်
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(စံတော်ချိန် သတင်းစာ)

bwar99.blogspot.com