အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Sunday, October 29, 2017

ပေးဆပ်သူတို့ အောင်ပွဲ



``ပေးဆပ်သူတို့ အောင်ပွဲ ´´
(သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်)
************************

သင်္ကန်း အလှူအားလုံးတို့တွင် `ကထိန်သင်္ကန်း´ အလှူသည်
အမြတ်ဆုံး၊ ကျောင်းအလှူတို့တွင် ရဟန်းတော်တို့ကို မွေးဖွားပေးရာ
`သိမ်တော်အလှူ´သည် အမြတ်ဆုံး.....
ထို့ကြောင့် `သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်´ဟု
ရှေးဆရာတော်ကြီးများ အဆိုအမိန့်ပြုတော်မူခဲ့ကြပါသည်။

ကထိန်သင်္ကန်းသည် လှူချင်သောအချိန် လှူဒါန်းခွင့်မရနိုင်ပေ။
တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ တစ်ကျောင်းလျှင် တစ်ကြိမ်သာ
ကထိန်ခင်းခွင့်ရှိပေသည်။ သီတင်းကျွတ်လပြည့်ကျော်
တစ်ရက်နေ့မှ တန်ဆောင်းမုန်းလပြည့်နေ့ အထိသည်
ကထိန်သင်္ကန်း လှူဒါန်းခွင့်ရှိရာ လတစ်လဖြစ်ပေသည်။ အခြားလများမှာ
ကထိန်သင်္ကန်း လှူဒါန်းခွင့် မရနိုင်ပါ။ အထူးခြားဆုံးကတော့
ကထိန်သင်္ကန်း လှူဒါန်းကြသော အလှူရှင်များအတွက် အကျိုးတရားပါပဲ၊
အခြားအခြားသော အလှူဒါနများတွင် လှူဒါန်းသူများအတွက်
ဘယ်အလှူပစ္စည်းကို လှူဒါန်းလျှင် မည်သည့်အကျိုးတရားကို
ရမည်ဟု သီးခြားအကျိုးတရားများ ဟောကြားတော်မူထားသော်လည်း
ကထိန်သင်္ကန်း လှူဒါန်းသော အလှူရှင်များအတွက် သီးခြား
အကျိုးတရားများ တိုက်ရိုက်အားဖြင့် ဖော်ပြပြီး ဟောကြားတော်
မမူခဲ့ပေ.....။

`သဒိသံ ပါကံ ဇနေတိ´..... ဆိုသကဲ့သို့ တူသောအကျိုးပေးမှာ
သေချာသော်လည်း ဒီတရားတော်မှာတော့ ကထိန်သင်္ကန်းလှူဒါန်းသော
ဒါယကာ၊ ဒါယိကာမ များအတွက် သီးခြား အကျိုးတရားများ
ဟောမထားခြင်းကပင် ကထိန်သင်္ကန်း လှူဒါန်းရခြင်းရဲ့ ထူးခြားတဲ့
အကျိုးတရားများဖြစ်ပါတော့တယ်။ လောကမှာ လူသားတွေအတွက်
`ရယူခြင်းနဲ့ ပေးဆပ်ခြင်း´နှစ်မျိုးရှိသည့်အနက် လူအများစုဟာ ရယူခြင်းကို
မက်မောကြသော်လည်း တကယ်မှာတော့ ပေးဆပ်ခြင်းဟာ
ပိုမို၍ မြင့်မြတ်သော တရား ဖြစ်ပါတယ်.....။

တကယ်တမ်းလည်း ပိုင်ဆိုင်ခြင်းကြောင့် ရရှိလာတဲ့ ပျော်ရွှင်မှုဟာ
တစ်ခဏပါပဲ။ ရယူပိုင်ဆိုင်ထားတဲ့ အရာလေး ကုန်ဆုံးသွားရင်
ထိုပိုင်ဆိုင်ခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ ပျော်ရွှင်မှုလေးဟာလည်း
ကုန်ဆုံးသွားတာပါပဲ။ ပေးဆပ်လိုက်ရခြင်းကြောင့် ရလာတဲ့
ပျော်ရွှင်မှုကတော့ ကြာရှည်ခံပါတယ်။ ကိုယ်ပေးဆပ်လိုက်လို့
ပြည့်ဝသွားတဲ့ သူ့တစ်ပါးရဲ့ ဆန္ဒလေးကို ခံစားနေနိုင်ခြင်းက
ပေးဆပ်ခြင်းရဲ့ အနှစ်သာရဖြစ်တဲ့ ပျော်ရွှင်မှုကို အပြည့်အဝ
ထောက်ပံ့ပေးနိုင်ပါတယ် ..... ထိုပေးဆပ်မှုလေးကို ပြန်လည်ပြီး
သတိရနေသရွေ့ ထိုပျော်ရွှင်မှုလေးက မကုန်ဆုံးတော့ပါဘူး။
ဒါကြောင့် ပေးဆပ်ရခြင်းကြောင့် ရရှိလာတဲ့ ပျော်ရွှင်မှုဟာ
သာလွန်တယ်လို့ဆိုခဲ့တာပါ .......။

ကထိန်သင်္ကန်း လှူဒါန်းခြင်းအတွက် တူသောအကျိုးပေးမှာ
မှန်သော်လည်း မည်သည့် အကျိုးများပေးမယ်လို့ ဟောကြားတော်မမူ
ထားခြင်းကပဲ သင်္ကန်းအလှူတို့တွင် အမြတ်ဆုံး အလှူဖြစ်ရခြင်းရဲ့
အကြောင်းတစ်ရပ် ဖြစ်ပါတော့တယ်။ သို့သော်လည်း
ကထိန်သင်္ကန်း အလှူခံလိုက်ရသော ရဟန်းတော်တို့မှာ သင်္ကန်းအပြင်
အကျိုးတရား ငါးပါးကို ရရှိသွားတာကတော့ ပေးဆပ်သူတို့အတွက်
တကယ်ကို ကြည်နူးစရာပါ။

`စစ်မြေပြင်မှာ စစ်သည်တစ်ထောင်ကို အနိုင်ရခြင်းထက်
မိမိကိုယ်မှာ ပူးကပ်နေတဲ့ မလှူရက် မတန်းရက် ဖြစ်နေတဲ့
လောဘကိလေသာကို အနိုင်ရခြင်း´က ပိုမြတ်တယ်လို့ ဗုဒ္ဓမြတ်စွာ
ဟောကြားတော်မူပါတယ်။ ထို့အပြင် မိမိအတွက် အကျိုးသီးခြား
ပြဆိုမထားသော ကထိန်သင်္ကန်း လှူဒါန်းဖို့ရာတော့ ရယူခြင်းမှာ
ပျော်မွေ့ကြတဲ့ သူများအဖို့ တော်တန်ရုံ သဒ္ဓါတရားနဲ့ လှူဒါန်းနိုင်ဖို့
မလွယ်ကူလှပါဘူး၊ ဒါကြောင့် ဒီစာလေးရဲ့ ခေါင်းစဉ်ကို ကထိန်သင်္ကန်း
အောင်အောင်မြင်မြင် လှူဒါန်းကြသော၊ လှူဒါန်းကြမည့် အလှူရှင်များရဲ့
သဒ္ဓါတရားကို ဂုဏ်ပြုသောအားဖြင့် `ပေးဆပ်သူတို့ အောင်ပွဲ´ဟု
အမည်ပေးလိုက်ခြင်း ဖြစ်ပါတော့တယ်.......။

ကထိန် ခေါ်ဆိုရခြင်း

(၁) မြဲမြံမှု ခိုင်ခံ့မှုရှိခြင်း
(၂) အကျိုးအာနိသင် ငါးမျိုးကို
ပေါင်းရုံးယူနိုင်သော အလှူဖြစ်ခြင်း၊
(၃) ဘုရား စသော သူတော်ကောင်းတို့
ချီးမွမ်းသော အလှူဖြစ်ခြင်း၊
(၄) သစ်ပင်ကြီးကဲ့သို့ ခိုင်ခံ့သော
ကောင်းမှု အလှူဖြစ်ခြင်း၊

ထိုကဲ့သို့သော အကြောင်းများကြောင့် `ကထိန်´ဟု
ခေါ်ဆိုရခြင်း ဖြစ်ပေသည်။

ကထိန် အကျိုး အာနိသင် ၅-ပါး

ကထိန်သင်္ကန်း အလှူခံရရှိသော ရဟန်းတော်များ ရရှိမည့်
အကျိုးတရားများ ဖြစ်ပါသည်......။

၁။ အနာမန္တ စာရ - ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍
မြို့တွင်း၊ ရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့ သွားနိုင်ခြင်း၊

၂။ အသမာဒါန စာရ - အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို
မယူမူ၍ သွားနိုင်၊ နေနိုင်ခြင်း၊

၃။ ယာဝ ဒတ္တ စီဝရ - အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန်
ဝိကပ္ပနာမပြုမှု၍ ထားနိုင်ခြင်း၊

၎။ ဂဏ ဘောဇနာ - ထမင်းစားကြွပါ စသည်ဖြင့်
မအပ်သောဖိတ်ခြင်းရှိသော ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊

၅။ ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက်
တပေါင်းလပြည့်နေ့အတွင်း သံဃာအား လှူသောသင်္ကန်းလျာ
ပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊
ထိုကျောင်းတိုက်ရှိ ကထိန်အနုမောဒနာပြုသော ရဟန်းတို့သာ
ရနိုင်ခြင်း။

မေတ္တာဖြင့်

အရှင်တေဇာနန္ဒ (စေတနာပန်းခင်းဆရာတော်)

ကိုးကား။ ဝိနည်းမဟာဝါ - ကတိနက္ခန္ဓက နှင့်
တိပိဋက အဘိဓာန်။


bwar99.blogspot.com


အမှန်တရားအတွက်

အမှန်တရားအတွက် ....

Thursday, October 19, 2017

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)



 The Religion of Freedom
♣♣♣♣♣♣♣♣♣♣♣♣


လွတ်လွတ်လပ်လပ် အမှန်တရားကို ရှာမှ
ဗုဒ္ဓဘာသာဝင် ပီသမယ်နော်။
ကြားရသမျှကို ယုံနေရင်
ဗုဒ္ဓဘာသာဝင် မပီသဘူး။
ယုံရတာ လွယ်တယ်။
ကိုယ်တိုင် သိအောင် လုပ်ရတာ မလွယ်ဘူး။

ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ
အရေးကြီးဆုံးအချက် မဟုတ်ဘူး။
ကိုယ်တိုင်သိတာက အရေးကြီးတဲ့အချက် ဖြစ်တယ်။
ဗုဒ္ဓဘာသာတရားဟာ အမှန်တရားကို
လွပ်လွပ်လပ်လပ် ရှာဖွေဖို့၊ လက်တွေ့စမ်းသပ်ဖို့
အားပေးတဲ့တရား ဖြစ်တယ်။
ဒါကြောင့် Buddhism is The Religion of Freedom လို့ဆိုနိုင်တယ်။

ဗုဒ္ဓဘာသာတရားဟာ
အဆင့်အမြင့်ဆုံး လွတ်လပ်မှုကို
ရောက်အောင် လမ်းဖွင့်ပေးတဲ့
ဘာသာတရား ဖြစ်တယ်။
ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ
The Religion of Freedom ဖြစ်တယ်။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
(တွေးမိတိုင်းပျော်တယ် မှ)

bwar99.blogspot.com


Tuesday, October 17, 2017

ဝေဘူဆရာတော်ဘုရားကြီး



    ဟန်ကိုကျလို့ဗျာ
☻☻☻☻☻☻

နိဗ္ဗာန်ရောက်ချင်ရင်
နိဗ္ဗာန်ရောက်နိုင်တဲ့အဆင့်အထိ
အားထုတ်ကြိုးစားရမယ်။
နတ်ဘုံ၊ ဗြဟ္မာ့ဘုံ ရောက်ချင်ရင်လည်း
သူနဲ့တန်တဲ့အထိ အကျင့်ကျင့်ဗျ။
ဒါပေမဲ့ နတ်ဘုံ၊ ဗြဟ္မာ့ဘုံဆိုတာက ပြန်ပြန်ကျလာမှာ။
ဒါကြောင့် နိဗ္ဗာန်အထိရောက်အောင်သာ
မအိပ်မနေ ကြိုးစားကြစမ်းပါဗျာ။
အခုအထိ စိတ်ကို မနိုင်သေးဘူးလား။
သူဖောက်ပြန်သမျှ ချမ်းသာသုခ မရနိုင်ဘူးဗျာ။
ကြိုးစားရင် ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက်ချထား။
အခိုက်အတန့်သာ လုပ်လို့ကိုင်လို့
ဟန်ကျသလို ဖြစ်နေတော့ အခိုက်အတန့်လေးတွေ
စုပေါင်းလိုက်ရင် အခိုက်အတန့်ကြီး ဖြစ်လာရမပေါ့။
တရားဆိုတာလည်း ဥစ္စာစုသလိုပါပဲ။
နောက်တော့ အရှိန်ရပြီး ဟန်ကိုကျလို့ဗျာ ….။


ဝေဘူဆရာတော်ဘုရားကြီး
(စံတော်ချိန် သတင်းစာ)

bwar99.blogspot.com