အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, February 28, 2018

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



   စိတ်ကောင်းရှိဖို့ ပထမ
♠♠♠♠♠♠♠♠♠♠♠♠♠

မဟာဂန္ဓာရုံဆရာတော်ကြီးက
`စိတ်ကောင်းရှိဖို့ ပထမ` လို့ ပြောတာ။
ဘုရားတရားတော်နဲ့ အညီပဲ။
ဒီစကားလုံးလေးက
အလွန်ထိရောက်တဲ့ စကားလုံးပဲ။
အိမ်တိုင်း အိမ်တိုင်းမှာ
ရေးထားဖို့ ကောင်းတယ်။
မိသားစုတွေ
စိတ်ကောင်းရှိဖို့က ပထမ။
တို့အိမ်မှာ ထမင်းစားရဖို့က
ပထမ မဟုတ်ဘူး။
စိတ်ကောင်းရှိဖို့က ပထမ။
ဒီလို ရေးမှ ဖြစ်မှာ။
စိတ်ကောင်းရှိမှ ကျန်တာတွေ
အခြေအနေ ကောင်းလိမ့်မယ်။
စိတ်ကောင်းမရှိဘူးဆိုရင်
ကျန်တာတွေ အခြေအနေကောင်းဖို့
သိပ်မရှိဘူးတဲ့ …..။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(စိတ်ကောင်းရှိဖို့ ပထမ တရားတော်မှ)

bwar99.blogspot.com

Friday, February 23, 2018

မေတ္တာတရား ...


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



     အဆိပ်
♦♦♦♦♦♦♦♦

မိမိသန္တာန်မှာ ဖြစ်တတ်တဲ့
လောဘ၊ ဒေါသ၊ မောဟ၊
မာန၊ ဣဿာ၊ မစ္ဆရိယ ဆိုတဲ့
အကုသိုလ်အန္တရာယ်တွေကလည်းပဲ
အင်မတန် ကြောက်စရာကောင်းတယ်။
ပြင်ပကလာတဲ့ အဆိပ်ရှိတဲ့
သတ္တဝါကိုက်လို့ သေရရင်
တစ်ဘဝပဲ သေရမယ်။
လောဘဆိုတဲ့ အဆိပ်၊ ဒေါသဆိုတဲ့ အဆိပ်၊
မောဟဆိုတဲ့ အဆိပ်၊ မာန်မာန၊
ဣဿာ၊ မစ္ဆရိယ စတဲ့
အကုသိုလ်အဆိပ်တွေ တက်ပြီဆိုရင်
တစ်ဘဝတင် မကဘူး၊ တစ်သံသရာလုံး
ဒုက္ခရောက်နိုင်တယ်။
ဒေါသအဆိပ်တက်လို့ ဒီဘဝက
အဆုံးသတ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ
ငရဲသွားပြီးတော့ ဒုက္ခခံကြရတယ်။
လောဘအဆိပ်မိလို့ ဒီဘဝကနေ
သေဆုံးသွားတဲ့ ပုဂ္ဂိုလ်တွေဟာ
ယေဘုယျ ဘယ်သွားပြီး
ဒုက္ခခံကြရသလဲဆိုရင် ပြိတ္တာဘဝ၊
မောဟအဆိပ်တက် သေရင်
တိရစ္ဆာန်ဘဝရောက်သွားပြီးတော့
ဒုက္ခခံကြရတယ် ….။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(စံတော်ချိန် သတင်းစာ)

bwar99.blogspot.com

Friday, February 16, 2018

အိပ်ရာဝင်တိုင်း စဉ်းစား


ဓမ္မရဝေတောရဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)



အိပ်မက်ထဲက တရား
--------------------


တစ်ခါတုန်းက အရှင်မဟာကစ္စာယနရယ် စဏ္ဍပဇ္ဇောတမင်းရယ်ဆိုပြီး ရှိခဲ့ဖူးပါတယ်။ အရှင်မဟာကစ္စာယနက ရဟန်းမဖြစ်ခင် လူ့ဘဝကတည်းက စဏ္ဍပဇ္ဇောတမင်းရဲ့ ဘုရင့်ပုရောဟိတ်တစ်ယောက်အဖြစ် နီးနီးကပ်ကပ် ပတ်သက်ခဲ့ရသူပါ။ အရှင်မဟာကစ္စာယနလောင်းရဲ့ ဖခင်က စဏ္ဍပဇ္ဇောတမင်းရဲ့ ပုရောဟိတ်ကြီးပါ။ ဖခင်ကြီးကွယ်လွန်တော့ ဖခင်နေရာပရောဟိတ်ရာထူးကို ဆက်ခံရပါတယ်။

အရှင်မဟာကစ္စာယနဟာ ဘုရားအဆူဆူနဲ့ ဖူးတွေ့ခဲ့ရသလို ဘုရားနှစ်ဆူထံမှာလည်း နှစ်သက်ရာဆုနှစ်ဆုကို တောင်းခဲ့သူပါ။ ပဒုမုတ္တရဘုရားရှင်လက်ထက်မှာ "တရားအကျဉ်းကို အကျယ်ချဲ့ပြီး ဟောနိုင်ရပါလို၏"လို့ ဆုတောင်းခဲ့သလို ကဿပဘုရားရှင်လက်ထက်မှာလည်း ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တဲ့အခါ ဘုရားရှင်ရဲ့ ဓာတ်တော်တွေကို ဌာပနာပြီး စေတီတည်တဲ့ အခါ ရွှေအုတ်ချပ်ကို လှူပြီး ''မြတ်စွာဘုရား ဤကောင်းမှုကြောင့် ဖြစ်လေရာဘဝတိုင်း၌ တပည့်တော်၏ ခန္ဓာကိုယ်သည် ရွှေအဆင်းကဲ့သို့ လှလှပပ ဖြစ်ရပါလို၏''လို့ ထူးထူးခြားခြား ဆုတောင်းခဲ့သူပါ။ တောင်းခဲ့တဲ့အတိုင်းလည်းပဲ ဆုနှစ်ဆု လုံးက ဂေါတမဘုရားရှင်လက်ထက်မှာ ပြည့်ခဲ့ရပါတယ်။

စဏ္ဍပဇ္ဇောတမင်းရဲ့ ပုရောဟိတ်ဘဝမှာ ဘုရင်က ''ဆရာပုရောဟိတ် ဂေါတမဘုရား ပွင့်တော်မူနေပါတယ်၊ ဒီ ဥဇ္ဇေနီမြို့ကို ဆရာကိုယ်တိုင် သွားရောက်ပင့်ဆောင်ပေးပါ''လို့ ခိုင်းလို့ ပုဏ္ဏားခုနစ်ယောက်နဲ့အတူ မြတ်စွာဘုရားရှိရာကို ရောက်ခဲ့ပါတယ်။ မြတ်စွာဘုရား တရားနာပြီး ရှစ်ယောက်လုံး အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရပြီး ဧဟိဘိက္ခုရဟန်းတွေ ဖြစ်ကုန်ကြပါတယ်။

အရှင်မဟာကစ္စာယန ရဟန်းဖြစ်သွားတော့ လာရင်းကိစ္စဖြစ်တဲ့ မြတ်စွာဘုရားကို စဏ္ဍပဇ္ဇောတမင်းက ဥဇ္ဇေနီမြို့ ကို ပင့်တဲ့အကြောင်း လျှောက်ပြပါတယ်။ မြတ်စွာဘုရားက ''သင်သာ သွားလိုက်ပါ''လို့ ခိုင်းလိုက်လို့ ဇာတိမြို့ကို ပြန်ကြွ ရပါတယ်။ စဏ္ဍပဇ္ဇောတမင်းရဲ့ နာမည်ရင်းက ပဇ္ဇောတမင်းပါ။ ဒါပေမဲ့ စိတ်နှလုံးကြမ်းတမ်းလွန်းလို့ စဏ္ဍ = ကြမ်းကြုတ် ခက်ထန်သောဆိုတဲ့ စကားလုံးတစ်လုံး ရှေ့ကိုတိုးပြီး စဏ္ဍပဇ္ဇောတမင်းရယ်လို့ ပြည်သူတွေက ပေးလိုက်တာပါ။

တကယ်လည်း စဏ္ဍပဇ္ဇောတမင်းက ကြမ်းတမ်းလွန်းလှပါတယ်။ စဏ္ဍပဇ္ဇောတမင်းဟာ ပုဏ္ဏားတွေရဲ့ စကားကို နားထောင်ပြီး တိရစ္ဆာန်မျိုးစုံကို သတ်ပြီး ယစ်ပူဇော်ပွဲကြီးတွေ လုပ်ပါတယ်။ အမှုတွေကိုလည်း သေချာမစစ်ဆေးဘဲနဲ့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်တတ်ပါတယ်။ အမွေအမှုတွေမှာလည်း တကယ့်ပိုင်ရှင်အစစ်တွေက မရဘဲ မပိုင်တဲ့သူတွေကို ပေးတတ်ပါတယ် စသဖြင့် ကြမ်းကြမ်းတမ်းတမ်း အလွဲလွဲအချော်ချော်တွေ လုပ်နေပါတယ်။ ဒါကိုသိရတဲ့ အရှင်မဟာကစ္စာယန ဟာ လူ့ဘဝက အရှင်သခင်အနေနဲ့ ကျေးဇူးလည်း ရှိခဲ့တဲ့အတွက် အိပ်မက်နဲ့ ဂါထာလေးပုဒ်ကို တရားဟောပေးပါတယ်။

''အကုသိုလ်မကောင်းမှုကို သူတစ်ပါးကိုလည်း မခိုင်းပါနဲ့။ ကိုယ်တိုင်လည်း မလုပ်ပါနဲ့။ သတ္တဝါတွေဟာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိပါတယ်။

သူတစ်ပါး စကားကြောင့်လည်း သူခိုးမဖြစ်ပါ။ သူတစ်ပါးစကားကြောင့်လည်း သူတော်ကောင်း မဖြစ်ပါ။ သူတော်ကောင်း ဟုတ်သည် မဟုတ်သည်ကို ကိုယ်တိုင်လည်း သိရသလို နတ်တွေလည်း သိကြပါတယ်။

လူမိုက်တို့သည် ငါတို့ဟာ သေမင်းနိုင်ငံကို သွားရမယ်ဆိုတာ မသိကြပါ။ ပညာရှိတွေကတော့ ငါတို့ဟာ တစ်ချိန်မှာ သေမင်းနိုင်ငံကို သွားရမယ်ဆိုတာ သိကြပါတယ်။ ဒါကြောင့် သတ္တဝါတွေကို ညှဉ်းဆဲခြင်း မလုပ်ပါ။

ပညာရှိတွေဟာ ဥစ္စာပစ္စည်း ကုန်ခန်းသွားပေမယ့် အပြစ်မရှိသော အသက်မွေးခြင်းဖြင့် အသက်မွေးနိုင်တယ်။ ပညာမဲ့တွေ ကတော့ ပစ္စည်းဥစ္စာမရှိလျှင် အသက်မမွေးတတ်တော့ပါ''

အိပ်မက်ကနိုးလိုက်ချိန်မှာ အရှင်မဟာကစ္စာယနကို အနားမှာ မတွေ့ရ တာနဲ့ အိပ်မက်ဆိုတာ သိလိုက်ရပါတယ်။ မနက်ရောက်တော့ စဏ္ဍပဇ္ဇောတမင်းက အရှင်မဟာကစ္စာယနဆီ သွားပြီး ညက အိပ်မက်ထဲက တရားအကြောင်း လျှောက်ပြပါတယ်။ ဒီတော့ အရှင်မဟာကစ္စာယနမထေရ်က အိပ်မက်ထဲမှာ ဟောခဲ့တဲ့ ဂါထာလေးပုဒ်ကို ပြန်ဟောပေးပြီး နောက်ထပ် ဂါထာနှစ်ပုဒ်ကိုလည်း ထပ်ဟောပေးလိုက်ပါတယ်။ စဏ္ဍပဇ္ဇောတမင်းလည်း ပြုလုပ်ဆဲ အကုသိုလ်တွေကို ဆက်မလုပ်တော့ပါဘူး။
 (ထေရာအဋ္ဌကထာ - ဒုတွဲ၊ နှာ - ၁၄၅)

ဗုဒ္ဓဝင်သာသနာ့သမိုင်းမှာ ဆန်းဆန်းပြားပြားနဲ့ ရှားရှားပါးပါး အိပ်မက်နဲ့ တရားဟောခဲ့တဲ့ ဝတ္ထုလေးတစ်ပုဒ်ပါပဲ။ အားကျဖို့လည်း ကောင်းသလို ကျေနပ်ဖို့လည်း ကောင်းပါတယ်။ စဏ္ဍပဇ္ဇောတမင်းအတွက် လုပ်ဆဲ အကုသိုလ်တွေကို ဆက်မလုပ်ဖြစ်တော့သလို ကုသိုလ်တွေကို တိုးတိုးလုပ်ဖြစ်ခဲ့ပါတယ်။

မျက်မှောက်ခေတ် နယ်ပယ်ထဲမှာလည်း အိပ်မက်ပေးလို့ ကောင်းကျိုးဖြစ်သွားတာတွေ၊ ပစ္စည်းဥစ္စာတွေ ရသွားတာ တွေ၊ ထူးထူးခြားခြား အိပ်မက်ထဲကနေ ''ခြံထဲက ငှက်ပျောပင်ကို သင်္ကန်းစည်းပေးပါ''လို့ မကြာခဏ အိပ်မက်ပေးနေလို့ မယုံပေမယ့် အိပ်မက်ထဲက ခိုင်းတဲ့အတိုင်း ငှက်ပျောပင်ကို သင်္ကန်းစည်းပေးလိုက်လို့ ကောင်းကျိုးချမ်းသာတွေ ဖြစ်သွားတာတွေလည်း ထူးထူးဆန်းဆန်း ဖတ်ရဖူးပါတယ်။

တချို့ကျတော့ လူမည်းကြီးနှစ်ယောက်က အိပ်မက်ထဲမှာ ဆယ်ပေါင်တူနဲ့ မကြာခဏ လာလာထုနေပါသတဲ့။ တချို့ကျတော့လည်း ရာစုနှစ်ပေါင်းများစွာက အတိတ်သမိုင်းကြောင်းတွေကို ပြန်ပြန်မက်တတ်ပါသတဲ့။ အိပ်မက်ထဲကအတိုင်း သွားကြည့်တော့လည်း စေတီတွေ၊ တောင်တွေ၊ ဂူတွေ တကယ်ရှိနေပါသတဲ့။ အတိတ်က ဖြစ်ခဲ့တာတွေက တကယ် မှန်နေပေမယ့်လည်း လက်တွေ့ပစ္စုပ္ပန်ဘဝမှာတော့ ဘာမှ အသုံးချလို့ မရတော့ပါဘူး။

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ မထေရ်ကြီးတစ်ပါးက ရဟန်းသံဃာတွေကို မပန်ကြား မပြောဘဲ ကံ့ကော်ပင်ကြီး တစ်ပင်ကို ခုတ်လှဲစေလိုက်ပါတယ်။ ကံ့ကော်ပင်မှာရှိနေတဲ့ ရုက္ခစိုးနတ်က တော်တော်လေး စိတ်ဆိုးသွားပါတယ်။ ဒါကြောင့် ရုက္ခစိုးနတ်က ပထမအကြိမ် မှန်တဲ့ အိပ်မက်ကို ပေးပြီး သူ့ကို ယုံကြည်အောင် ပြုလုပ်ပါတယ်၊ ဒုတိယ ပေးတဲ့ အိပ်မက်မှာတော့ ''ဒီနေ့မှနောက် (၇)ရက်မြောက်မှာ အရှင်ဘုရားဒကာတော်မင်းကြီး နတ်ရွာစံလိမ့်မယ်၊ သေလိမ့် မယ်''လို့ အိပ်မက်ပေးလိုက်ပါတယ်။ မထေရ်ကြီးကလည်း နန်းတွင်း မိဖုရား၊ မောင်းမမိဿံတွေကို မင်းကြီးတစ်ပတ်ပြည့် ရင် သေမယ်ဆိုတဲ့အကြောင်း ပြောလိုက်ပါတယ်။ မိဖုရား မောင်းမမိဿံတွေက စိတ်မကောင်းတွေဖြစ်ပြီး ငိုပြီး မင်းကြီး ကို ပြောပြကြပါတယ်။ မင်းကြီးကလည်း ရက်ကို ရေတွက်ပြီး စောင့်နေပါတယ်။ ဒါပေမဲ့ (၇)ရက်သာ ပြည့်သွားတယ်။ မင်းကြီးက မသေပါဘူး။ ဒီတော့ မင်းကြီးက နန်းတွင်းတစ်ခုလုံးကို အထိတ်တလန့်နဲ့ တုန်လှုပ်ချောက်ချား စိတ်ဆင်းရဲအောင် လုပ်တယ်ဆိုပြီး မထေရ်ကြီးရဲ့ လက်တွေ ခြေတွေကို ဖြတ်ပစ်စေလိုက်ပါတယ်။
 (သာရတ္ထ၊ ဋီ ဒုတွဲ၊ နှာ - ၃၁၂)

ဒီသီဟိုဠ်ဝတ္ထုကျပြန်တော့လည်း အိပ်မက်ကြောင့် ဒုက္ခရောက်သွားတာပါ။ နတ်က အိပ်မက်ပေးတယ်ဆိုပေမယ့် အိပ်မက်က အမှားကြီး ဖြစ်နေပါတယ်။ ဒီဝတ္ထုကို ထောက်ပြီး နတ်တွေက စိတ်ဆိုးရင် မကျေနပ်ရင် တလွဲအိပ်မက်တွေ ပေးပြီး ဒုက္ခရောက်အောင် လုပ်တတ်တယ်ဆိုတာလည်း သတိထားစရာပါ။ သစ်ပင်ခုတ်ဖို့ ရှိရင်လည်း သစ်ပင်မှာရှိနေတဲ့ မမြင်နိုင်တဲ့ နတ်တွေနဲ့ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေကို ခွင့်တောင်းပြီး တောင်းပန်ပြီး နေရာအစားပေးပြီးမှ ခုတ်ရမယ်ဆိုတဲ့ သာဓကပြ ဝတ္ထုတစ်ပုဒ်ပါပဲ။ မျက်မှောက်ခေတ်မှာလည်း ဒီလိုပုံစံတူတွေ ရှိနိုင်ပါတယ်။ အိပ်မက်ကြောင့် ကောင်းကျိုး တွေ ဖြစ်သွားသလို အိပ်မက်ကြောင့် ဒုက္ခရောက်သွားတာတွေလည်း ရှိတတ်တာဆိုတော့ သတိထားစရာအချက်တစ်ခုပါ။

ဒီနေရာမှာ ငယ်ငယ်ကလေးဘဝက ကြားဖူးတဲ့ ဥာဏ်စမ်းပုံပြင်တစ်ပုဒ်ကို သွားသတိရမိပါတယ်။ တစ်ခါက သူဌေးကြီးတစ်ယောက် မနက်ပိုင်းမှာ စီးပွားရေးကိစ္စတစ်ခုနဲ့ ခရီးသွားဖို့ ပြင်နေတုန်း ညစောင့်ဒရဝမ်တစ်ယောက်က ရောက်လာပြီး ''သူဌေးကြီး ကျွန်တော် ညက အိပ်မက်မက်ပါတယ်။ သူဌေးကြီး အခုသွားမဲ့ လမ်းခရီးမှာ အန္တရာယ်ကြုံ ရတယ်လို့ မက်ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ကို မသွားစေချင်ပါဘူး''လို့ ပြောလာပါတယ်။

သူဌေးကြီးကလည်း သွားမယ့်ခရီးကို မသွားတော့ပါဘူး။ ဒါနဲ့ ညစောင့်ဒရဝမ်ကိုခေါ်ပြီး ''မောင်ရင်က ငါ့အသက် အန္တရာယ်ကို ကယ်လိုက်တယ်၊ ကျေးဇူးရှိတယ်''ဆိုပြီး ဆုငွေများစွာ ဆုချလိုက်ပါတယ်။ ပြီးတော့ ''ဒီနေ့ကစပြီး မောင်ရင့်ကို အလုပ်ဖြုတ်လိုက်ပြီ''လို့ တဆက်တည်း ပြောလိုက်ပါတယ်။ မေးခွန်းက "ဆုချပြီး ဘာဖြစ်လို့ အလုပ်ဖြုတ်လိုက်တာလဲ"ဆိုတဲ့ မေးခွန်းပါ။ ကလေးတွေအတွက် စဉ်းစားရတာ ပျော်ဖို့ကောင်းတဲ့ မေးခွန်းတစ်ခုပါပဲ။

အဋ္ဌကထာတွေမှာတော့ အိပ်မက် မက်ရခြင်း အကြောင်း(၄)ပါးကို ဖွင့်ပြထားပါတယ်။

၁။ ဓာတုက္ခောဘတော = ဓာတ်ချောက်ချားခြင်းကြောင့် အိပ်မက်ခြင်း။
၂။ အနုဘူတပုဗ္ဗတော = ရှေ့က လေ့ကျက်ခံစားခဲ့ဖူးသောကြောင့် အိပ်မက်ခြင်း။
၃။ ဒေဝတောပသံဟာရတော = နတ်တို့၏ ဆောင်ပြခြင်းကြောင့် အိပ်မက်ခြင်း။
၎။ ပုဗ္ဗနိမိတ္တတော = ရှေ့ဖြစ်လာမယ့် ပုဗ္ဗနိမိတ်ကြောင့် အိပ်မက်ခြင်း။

အိပ်မက်မက်ရခြင်း အကြောင်း(၄)မျိုးထဲမှာ ဓာတ်ချောက်ချားခြင်းကြောင့် မက်တဲ့ အိပ်မက်ရယ်၊ ရှေ့က လေ့ကျက်ခံစားဖူးလို့ မက်တဲ့အိပ်မက်ရယ်ကတော့ လူအများစု မကြာခဏ မက်နေတဲ့ အိပ်မက်တွေလို့ ထင်ပါတယ်။ ဓာတ်ချောက်ချား ခြင်းကြောင့် မက်တယ်ဆိုတာက အစားအသောက်၊ ဆေးဝါး၊ အိပ်ရာနေရာ မညီညွတ်မှု စသည်တွေကြောင့် တောင်ပေါ်က အောက်ပြုတ်ကျသလို ကောင်းကင်ပေါ်မှာ ပျံဝဲနေသလို ကြောက်စရာ လန့်စရာတွေကို မက်တာပါတဲ့။ ရှေ့က လေ့ကျက် ခံစားဖူးရင်လည်း ခံစားခဲ့ဖူးတာ တစ်ခုကို စိတ်စွဲပြီး မက်တတ်ကြတာပါ။ ဒီအိပ်မက်နှစ်ခုကတော့ မမှန်ပါဘူးလို့ အဋ္ဌကထာ က ဖွင့်ပြထားပါတယ်။

နတ်တွေ ဆောင်ပြလို့ မက်တာကျတော့ နတ်တွေက ချစ်လို့ အကျိုးလိုလားလို့ရယ်၊ မုန်းလို့ အကျိုးမလိုလားလို့ ဒုက္ခရောက်စေလိုလို့ အိပ်မက်ပေးတတ်ကြပါတယ်။ ဒီအိပ်မက်ကျတော့ ချစ်လို့ အိပ်မက်ပေးတာက မှန်ပြီး၊ မုန်းလို့ အိပ်မက်ပေးတာက မမှန်ဘူးလို့ ဖွင့်ပြထားပါတယ်။

ရှေ့ဖြစ်လာမယ့် ပုဗ္ဗနိမိတ်ကြောင့် အိပ်မက်တာကျတော့ ကုသိုလ်ကံ ရဲ့ အစွမ်းသတ္တိကြောင့် ကောင်းကျိုးဖြစ်ဖို့ ရှေ့ပြေးနိမိတ်အဖြစ် မက်တာရယ်၊ အကုသိုလ်ကံရဲ့ အစွမ်းသတ္တိကြောင့် မကောင်းကျိုး အပြစ်သာဖြစ်ဖို့ ရှေ့ပြေးနိမိတ်အဖြစ် မက်တာရယ်ပါ။ ဒီအိပ်မက်ကတော့ မှန်တယ်လို့ အဋ္ဌကထာက ဆိုထားပါတယ်။ ဒါကတော့ အဂုင်္တ္တိုရ် အဋ္ဌကထာ မဟာသုပိနသုတ်အဖွင့်မှာ ပြထားတာလေးတွေပါ။ အခြားကျမ်းတွေမှာ လည်း အလားတူ ဖွင့်ပြထားပါသေးတယ်။ ဒါကိုကြည့်ပြီး အိပ်မက်တွေက မှန်တဲ့အိပ်မက်တွေ ရှိသလို မမှန်တဲ့ အိပ်မက်တွေ လည်း ရှိတယ်လို့ သိရပါတယ်။

ရဟန္တာဖြစ်သွားတဲ့ ပုဂ္ဂိုလ်များကတော့ ဝိပလ္လာသတရား(၃)မျိုးကို အကြွင်းမဲ့ ပယ်ပြီးဖြစ်လို့ အိပ်မက်မမက်တော့ ပါဘူး။ လောကမှာ အိပ်မက်မမက်တဲ့သူဆိုလို့ ရဟန္တာပုဂ္ဂိုလ်ပဲ ရှိပါတယ်။ တစ်ခါက ရဟန္တာလို့ အပြောများနေတဲ့ ဆရာတော်ကြီးတစ်ပါးကို ဒကာတစ်ယောက်က လူရှင်းချိန်မှာ ''ဆရာတော် အိပ်မက်မက်သေးလားဘုရား''လို့ မေးပါသတဲ့။ ဒီတော့ ဆရာတော်ကြီးက ''ဆရာတော် အိပ်မက်မက်ပါသေးတယ်''လို့ ပြန်ဖြေပါသတဲ့။ တကယ်တော့ ဒကာက ဆရာတော်ရဟန္တာဖြစ်ပြီလားလို့ မေးတာပါ။ ဒါကိုသိတဲ့ ဆရာတော်ကြီးက အိပ်မက်မက်သေးတယ်လို့ ပြန်ဖြေလိုက်တာပါ။ အိပ်မက်မက်သေးရင် ရဟန္တာမဖြစ်သေးသလို ရဟန္တာဖြစ်သွားရင်လည်း အိပ်မက်မမက်တော့ပါဘူး။ မေးသူကော ဖြေသူ ကော စာပေဗဟုသုတရှိတော့ စာပေကလာတဲ့အတိုင်းပဲ အမေးအဖြေ လုပ်သွားတာပါ။

တစ်ခါတလေ ဘယ်ရဟန္တာပုဂ္ဂိုလ် အိပ်မက်အရပါဆိုပြီး စာရွက်တွေ ဝေတတ်ပါတယ်။ ဒီစာရတဲ့သူ အစောင်(၂ဝ) ပြည့်အောင် ပြန်ဝေပါ။ မဝေရင် ဘယ်လို ဒုက္ခရောက်မယ် ဝေရင် ဘယ်လို ကောင်းကျိုးတွေ ဖြစ်မယ်ဆိုတာလည်း ပါလိုက်ပါသေး တယ်။ အချောက်တရားနဲ့အကြောက်တရားတွေက တွဲပါလာတော့ လက်ခံရသူမှာ အနည်းနဲ့အများတော့ စိတ်မသက်မသာဖြစ်ရပါတယ်။ ဆရာတော်ကြီးတွေရဲ့ သြဝါဒကို ရိုးရိုးရှင်းရှင်းလေးပဲဝေလိုက်ရင် ဝေသူကော လက်ခံသူကော နှစ်ဦးလုံး ကုသိုလ်ဖြစ်ကြမှာပါ။ ရဟန္တာမဖြစ်သရွေ့တော့ အိပ်မက်တွေမက်နေကြရဦးမှာပါ။ ကောင်းတဲ့အိပ်မက်တွေကော၊ မကောင်းတဲ့အိပ်မက်တွေကောပါ။ စာပေအရဆိုရင် အိပ်မက်ကြောင့် ကောင်းကျိုးတွေဖြစ်နိုင်သလို အိပ်မက်ကြောင့် မကောင်းကျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ အိပ်မက်ကြောင့် ကောင်းကျိုး မကောင်းကျိုး ဘာမှမဖြစ်တဲ့ အိပ်မက်တွေလည်း ရှိပါတယ်။

ဘာပဲပြောပြောလေ အိပ်မက်တွေကတော့ ရဟန္တာမဖြစ်သေးသရွေ့ မက်နေကြရဦးမှာပါ။ အိပ်မက်ဆိုးတွေ မက်တဲ့အခါ စိတ်ထဲမှာမပျော်ရင် စိတ်မသန့်ဖြစ်နေရင် ကုသိုလ်ကောင်းမှုတွေ များများပြုလုပ်ပစ်လိုက်တာကတော့ အကောင်းဆုံး ယတြာချေခြင်းပါပဲလေ။
ဓမ္မရဝေတောရဆရာတော်
အရှင်ရာဇိန္ဒ - ရဝေနွယ် (အင်းမ)

ကျမ်းကိုး
၁။ အိမ်မက်အကြောင်းသိကောင်းစရာ။
သဒ္ဓမ္မရံသီရိပ်သာဆရာတော်
၂။ မဟာသုတဒီပနီကျမ်း (ပထမတွဲ)။ ဘဒ္ဒန္တကုဏ္ဍလ
၃။ ထေရီထေရာ ရဟန္တာပုဂ္ဂိုလ်ကြီးများ။
ဝဏ္ဏသီရိ

News Watch စောင့်ကြည့်သတင်းဂျာနယ်၊
၁၇-၂-၂၀၁၈။

bwar99.blogspot.com