အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, February 28, 2017

ပါမေက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

မွေးနေ့လက်ဆောင်
🎁🎁🎁🎁🎁🎁🎁🎁🎁

၁၃၇၂ ခုနှစ်၊ တပေါင်းလဆန်း (၁၅)ရက်၊ မြန်မာပြက္ခဒိန်နှစ်အရ မွေးနေ့အခါသမယဖြစ် သည့် ယနေ့မှာ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်စင် ပုဂ္ဂိုလ်တို့အား မွေးနေ့လက်ဆောင်အဖြစ် တရားတစ်ပုဒ်ကို ဟောပြောပါ့မယ်။ တရားဓမ္မအမည်ကို "မွေးနေ့လက်ဆောင်” လို့ ပဲ မှတ်ယူထား လိုက်ကြပါ။
ဘုန်းကြီးတို့ မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်၊ တပေါင်းလပြည့်နေ့ည၊ ၁၉၄၀ ပြည့်နှစ်၊ မတ်လ ၂၂ ရက်နေ့ည (၂၂ ရက် ကုန်ဆုံးပြီးတော့ ၂၃ ရက်နေ့အရောက်) ၁၂း၃၀ နာရီအချိန်ကာလ သမယ ဖြစ်သည့် Zero hour 30 minutes မှာ လူ့ဘ၀ကို ရောက်လာတာဖြစ်ပါတယ်။ သောကြာသားဖြစ်ရ မှာ မိနစ် ၃၀ လွန်သွားပြီး စနေဘက် ကူးသွားလို့ စနေသားဖြစ်တာ၊ ဒီတော့ အဲဒီလပြည့်နေ့က သောကြာနေ့ဖြစ်ပါတယ်။ သောကြာည သန်းခေါင်းကျော် ၂၄ နာရီကုန်ဆုံးလို့ Zero hour 30 minutes  ရောက်တဲ့အချိန်မှာ ဘုန်းကြီးတို့ လူ့ဘ၀ကို လူသားတစ်ယောက်အနေနဲ့ ရောက်ရှိလာတယ် လို့ မှတ်တမ်းအရ သိရတယ်။ တကယ်တော့ လူ့ဘ၀စတင်ရောက်ရှိတာဟာ အဲဒီရက်ထက် စောပါ တယ်။ မွေးဖွားလာခြင်းကိုသာလျှင် မှတ်တမ်းတင်ထားခြင်းဖြစ်တယ်။

ဘ၀ဆိုတာ ဘယ်ကစတသလဲဆိုလို့ရှိရင် ပထမဆုံး ပဋိသန္ဓေစိတ်ကလေးက စတာပါ။ အဲဒီ ပဋိသန္ဓေစတည်တဲ့နေ့ကိုတော့ ဘုန်းကြီးတို့ သိနိုင်စွမ်းမရှိပါဘူး။ မြတ်စွာဘုရားအလောင်းကျတော့ ပဋိသန္ဓေ စပြီးတော့ တည်တဲ့နေ့ဟာ ကဆုန်ပြည့်နေ့မတိုင်ခင် ၀ါဆိုလပြည့်နေ့မှာ ပဋိသန္ဓေတည် တယ်လို့ အတိအကျပြောလို့ရတယ်။ ဘုန်းကြီးတို့တစ်တွေတော့ ပဋိသန္ဓေဘယ်နေ့တည်တယ်ဆိုတာ မှန်းဆပြီးသာပြောနိုင်တာဖြစ်ပါတယ်။ သို့သော် မွေးဖွားတဲ့အချိန်ကိုသာလျှင် သတ်မှတ်ပြီးတော့ လူ့ဘ၀ရောက်ရှိတယ်လို့ ပြောတာ။

မွေးဖွားခြင်းဆိုတာကို ပါဠိစာပေမှာ ဇာတိလို့ အသုံးပြုပါတယ်။ ဇာတိဆိုတာ ဘ၀တစ်ခုမှာ စတင်ဖြစ်ပေါ်လာတာကို ခေါ်တယ်။ ဘ၀တစ်ခု စဖြစ်တာ ဘယ်အချိန်မှာ ဖြစ်သလဲဆိုလို့ရှိရင် လူ့ဘ၀အနေနဲ့ မွေးဖွားခြင်းရဲ့ source ဟာ ပဋိသန္ဓေစိတ်ကလေး စတင်ပေါ်တဲ့နေ့မှာပဲ။ ဒါကို မွေးဖွားခြင်းဇာတိလို့ ဒီလိုပြောရမှာပါ။ ဇာတိတရားဟာ အဲဒီအချိန်မှာ စတင်လာတယ်။ မိခင် ၀မ်းထဲမှာ "ကိုးလလွယ် ဆယ်လဖွား” ဆိုတဲ့အတိုင်းပေါ့လေ။ မိခင်ဝမ်းထဲမှာ နေထိုင်ပြီးတဲ့နောက်မှာ လူ့ဘ၀ရောက်လာတဲ့အချိန်ကို မှတ်တမ်းတင်လိုက်တာကတော့ တပေါင်းလပြည့်နေ့ ည ၁၂ နာရီခွဲ အချိန်၊ အဲဒီအချိန်မှာ ဘာမသိ ညာမသိနဲ့ လူ့ဘ၀ရောက်လာတယ်လို့ ပြောရမယ်။

ဘုရားအလောင်းတွေ မွေးဖွားတဲ့အခါကျတော့ သတိသမ္ပဇညနဲ့ မွေးဖွားလာတယ်ဆိုတော့ သိသိကြီး မွေးဖွားလာတယ်လို့ ပြောရမယ်။ ဘုန်းကြီးတို့ကတော့ မယောင်မလည်နဲ့ လူ့ဘ၀ရောက် လာတယ်လို့ပဲ ပြောရမယ်၊ မသိလိုက်ဘူးပေါ့။ အဲဒီလို လူသားတိုင်း လူသားတိုင်း ဇာတိတရားကို ရပြီး တော့ မိခင်ဝမ်းကနေ ကျွတ်လွတ်ပြီး လူ့လောကကြီးကို စတင်တွေ့ဆုံကြတယ်၊ မြင်ကြတယ်ဆိုတာကို မှတ်တမ်းတင်ပြီးတော့ "မွေးနေ့” ဆိုပြီးတော့ လုပ်ကြတယ်။

အဲဒီလို မွေးဖွားလာတဲ့အခါမှာ သာမန်ရိုးရာ မွေးဖွားကြတာရှိသလို ထူးထူးခြားခြား မွေးဖွား လာကြတာလည်း အမှတ်တရတွေ ရှိကြပါတယ်။ ဘုန်းကြီးတို့ဘ၀မှာတော့ ဘာအမှတ်တရမှ မှတ်သားထားခြင်း မရှိပါဘူး။

မြတ်စွာဘုရားအလောင်းနဲ့ ပတ်သက်ပြီးတော့ သုံးဘ၀ မွေးဖွားလာတဲ့နေ့မှာ ထူးခြားတဲ့ မှတ်တမ်းလေးတွေရှိပါတယ်။ ဘုရားအလောင်းတော် မဟောသဓ မွေးဖွားလာတဲ့အခါမှာ လက်ထဲမှာ ဆေးတောင့်ကလေးပါလာတယ်။ မိခင်ဝမ်းက ကျွတ်လွတ်တဲ့ မွေးနေ့မှာပဲ သူ့မိခင်ကြီးကို အဲဒီဆေးတောင့်ကလေး လက်ဆောင်ပေးလိုက်တယ်။ ဆေးကို ပါဠိဘာသာနဲ့ သြသဓ လို့ ခေါ်တယ်။ အင်မတန်ကြီးကျယ်ထူးခြားတဲ့ ဆေးဖြစ်လို့ မဟာသြသဓ၊ ကြီးမားတဲ့ စွမ်းရည်သတ္တိရှိတဲ့ဆေးကို လက်က ဆုပ်ကိုင်ပြီးတော့ မွေးလာတဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့် မဟောသဓ လို့ ဒီလိုနာမည်ပေးတာ။ အလွန်ပညာရှိတာ ဖြစ်သောကြောင့် မဟောသဓ လို့ ခေါ်တာမဟုတ်ဘူး။ မဟောသဓ ဆိုလို့ရှိရင် ပညာရှိလို့ပဲ လူတွေက သိကြတယ်။ စွမ်းရည်သတ္တိ အင်မတန်ကြီးမားတဲ့ ဆေးတောင့်လေး မိခင်ကို လက်ဆောင်ပေးလို့ သူ့ကို မဟောသဓ လို့ နာမည်ပေးခဲ့တာ။ အဲဒါ ဘုရားအလောင်း မဟောသဓရဲ့ မွေးနေ့ဟာ ထူးခြားတယ်လို့ ဒီလိုပြောရမှာဖြစ်တယ်။

နောက်တစ်ခု မြတ်စွာဘုရား နောက်ဆုံး  ပါရမီဖြည့်ရတဲ့ဘ၀လို့ ဆိုရမယ့် ဝေဿန္တရာမင်း ဘ၀မှာ မွေးဖွားလာတဲ့အခါမှာလည်းပဲ မိခင်ဝမ်းက ကျွတ်လွတ်လို့ သူ့ရဲ့မွေးနေ့မှာပဲ လက်ကလေး ဖြန့်ပြီးတော့ "လှူစရာပေးပါ” လို့ တောင်းတယ်။ သူက (လူ့ဘ၀ရောက်လာတယ်ဆိုတာ လက်ဖ၀ါး ချည်း ပါလာတယ်) လက်ထဲမှာ ဘာမှ ပါမလာဘူး။ ပါမလာသည့်အတွက်ကြောင့် "လှူစရာပေးပါ” လို့ မိခင်ကို လက်ဖြန့်ပြီး တောင်းတယ်။ သူ့လက်ဆောင်ကတော့ တခြားမဟုတ်ဘူး။ ဒါနကောင်းမှု လုပ်ချင်တဲ့ စိတ်ထားလေးဟာ သူရဲ့လက်ဆောင်ပဲ၊ အဲဒီလို ထူးခြားတဲ့ အမှတ်အသားတစ်ခုရှိတယ် နော်။

မြတ်စွာဘုရားရဲ့ နောက်ဆုံးဘ၀လို့ ပြောရမယ့်ဘုရားဖြစ်မယ့်ဘ၀ အလောင်းတော် သိဒ္ဓတ္တ မင်းသားလေး မွေးဖွားလာတဲ့အခါ အဲဒီမွေးနေ့ရဲ့ ထူးခြားတဲ့ ဖြစ်စဉ်ကတော့ မိခင်ဝမ်းက ကျွတ်လွတ်တာနဲ့ တစ်ပြိုင်နက် နတ်တွေရဲ့ လက်ထဲကနေပြီး လူသားတွေရဲ့ လက်ထဲရောက်တယ်။ မြေကြီးပေါ် မှာ ချက်ချင်းမတ်တပ်ရပ်နိုင်တဲ့ စွမ်းအားတွေ ရတယ်။ မြောက်ဘက်ကို လှည့်ပြီးတော့ (၇)လှမ်း သွားတယ်။ တစ်လောကလုံးကို လှည့်ပတ်ပြီး ကြည့်လိုက်တဲ့အခါမှာ သူဟာ လောကမှာ အမြတ်ဆုံး ပုဂ္ဂိုလ်ဆိုတာ သိရလို့  "အဂ္ဂေါဟမသ္မိ လောကဿ” ဆိုတဲ့ စကားလုံးကို စတင်ပြောဆိုခဲ့တာ။ သူ့ရဲ့ မွေးနေ့မှာ "ငါဟာ လောကမှာ အမြတ်ဆုံးပဲ” လို့ ပြောခဲ့တယ်။ ဒါတင်မကဘူး။ နောက်ပြောလိုက်တဲ့ စကားတစ်ခုကတော့ "အယ မန္တိမာ ဇာတိ” တဲ့။ "ဒီတစ်ခါမွေးတာ သူ နောက်ဆုံးမွေးခြင်းပါ” လို့ ကြေငြာသွားတယ်။ အဲဒါက ဘုရားအလောင်းဘ၀နဲ့ ပတ်သက်ပြီးတော့ ထူးခြားတဲ့ ဖြစ်စဉ်ကလေး တွေပဲ ဖြစ်ပါတယ်။

အဲဒီလို လူ့လောကမှာ လူတွေဟာ မိမိရဲ့ကံအားလျော်စွာ ဘ၀တစ်ခုကို ရရှိပြီးတော့ လာကြ တယ်၊ ဇာတိဆိုတဲ့ မွေးဖွားခြင်း သို့မဟုတ် ဇာတိဆိုတဲ့ ပဋိသန္ဓေနေခြင်းကို ရရှိလာပြီး လူ့ဘ၀မှာ မွေးဖွားလာကြတယ်။ အဲဒီတော့ ဇာတိဟာ ကာလရေကြည် သန္ဓေတည်တဲ့အချိန်ကစတယ်။ မွေးဖွားတဲ့အချိန်ကတော့ ကိုယ်လက်အင်္ဂါ ပြည့်ပြည့်စုံစုံ ဖြစ်လာခြင်းလို့ ဒီလိုပြောရမှာပေါ့။

အဲဒီမှာ ဇာတိရဲ့ အဓိပ္ပာယ်ကို စာပေကျမ်းဂန်တွေက ဘယ်လိုဖော်ပြတုန်းဆိုတော့ ဇာတိ ဆိုတာ ဘာကို ပြောတာလဲဆိုလို့ရှိရင် "ခန္ဓာနံ ပါတုဘာဝေါ” တဲ့။ "ခန္ဓာငါးပါးဖြစ်ပေါ်လာမှုကို ဇာတိ” လို့ပဲ ခေါ်တယ်။

လူတွေရဲ့ သန္တာန်မှာ "သင်္ခါရ ပစ္စယာ ၀ိညာဏံ” လို့ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်မှာ ပါတဲ့အတိုင်း သင်္ခါရဆိုတဲ့ ကံစွမ်းအားနဲ့ ၀ိညာဏ ဆိုတဲ့ ပဋိသန္ဓေစိတ်ကလေးပေါ်လာတာ။ ပဋိသန္ဓေစိတ်ကလေး ပေါ်လာတဲ့အထဲမှာ ဘာတွေ တွဲဖက်ပါလာလဲဆိုတော့ ပဋိသန္ဓေစိတ်ရဲ့ တည်ရာမှီရာအနေနဲ့ ဆောင်ရွက်တဲ့ ကမ္မဇရုပ်တွေ ပါလာတယ်။ ရူပက္ခန္ဓာ ပါလာတယ်ပေါ့။ နောက် ပဋိသန္ဓေစိတ်လို့ဆိုတဲ့ ၀ိညာဏက္ခန္ဓာ၊ ထို ပဋိသန္ဓေစိတ်ကလေးနဲ့ တွဲဖက်ပါလာတဲ့ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာလို့ဆိုတဲ့ ခန္ဓာတွေ ပါလာတယ်။ ခြုံပြီးတော့ ကြည့်လိုက်လို့ရှိရင် ခန္ဓာတွေ ပါလာတယ်။ ခြုံပြီးတော့ ကြည့်လိုက်လို့ရှိရင် ခန္ဓာငါးပါးကို ရလာတယ်။ အဲဒါတွေဟာ ဇာတိပဲလို့။ ဘုန်းကြီးတို့ ဘ၀တွေဟာလည်း အဲဒီလိုပဲ စခဲ့တာပဲပေါ့။ ဒါကြောင့်မို့ ဓမ္မသင်္ဂဏီပါဠိတော်မှာ ဇာတိရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုတာ "ခန္ဓာနံ ပါတုဘာဝေါ” တဲ့။ ခန္ဓာတွေ ဖြစ်ပေါ်လာမှုကို ဇာတိလို့ ခေါ်ပါတယ်ပေါ့။

"အာယတနာနံ ပတိလာဘော” ခန္ဓာတွေ ဖြစ်ပေါ်လာတဲ့အခါမှာ အာယတန လို့ဆိုတဲ့ နာမ်တရားတွေရဲ့ အခြေခံတွေ သို့မဟုတ် နာမ်တရားတွေမှာ ထင်ဟပ်လာတဲ့ အာရုံတရားတွေ၊ ဒါတွေ ရရှိလာခြင်းပဲ။ ခန္ဓာပေါ်တာတွေကို အကြောင်းပြုပြီးတော့ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံလို့ဆိုတဲ့ အာရုံတွေ ဖြစ်ပေါ်လာမှုဟာ ဒါ အာယတနတွေ ရရှိလာခြင်းပဲ။ ဘ၀ဆိုတာ ဒါကို ပြောတာပါလို့ ပရမတ္ထ ရှုထောင့်ကနေပြီးတော့ မြတ်စွာဘုရားက ဓမ္မသင်္ဂဏီပါဠိတော်မှာ ဒီလို ရှင်းလင်းပြီးတော့ ဖော်ပြထားတာ။

ဒီတော့ ဇာတိဆိုတဲ့တရားနဲ့ ပတ်သက်လာလို့ရှိရင် မွေးနေ့ဆိုရင် တော်တော်များများက မွေးနေ့ကို Happy Birthday ဆိုပြီးတော့ ပျော်ရွှင်ချမ်းမြေ့တဲ့ မွေးနေ့အဖြစ် လုပ်ချင်ကြတယ်ပေါ့။ ဒီတော့ မွေးနေ့ဆိုတာ ဂုဏ်ပြုထိုက်သလား၊ ရှုတ်ချထိုက်သလား။ ဒါ စဉ်းစားစရာ ကောင်းတာပေါ့။ မွေးလာတာဟာ ကောင်းသလား၊ မကောင်းဘူးလား၊ ရလာတာ ဘာတွေ ရလာသလဲ၊ အခု မြတ်စွာဘုရားဟောတဲ့အတိုင်းဆိုရင် happiness  ကို ရတာမဟုတ်ဘူး၊ ခန္ဓာငါးပါးကို ရတာဖြစ်တယ် ပေါ့နော်။ ဒီတော့ ခန္ဓာငါးပါးဆိုတဲ့ အထဲမယ် happiness  တင် ရတာမဟုတ်ဘူး၊ ကျန်တာတွေလည်း ပါနေတယ်ပေါ့။

ဒီတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကတော့ ဒီလိုမွေးတာ ကောင်းသလားလို့ဆိုတာ ကို ဘုရားဖြစ်ပြီးတဲ့အချိန်မှာ ဘယ်လိုပြောတုန်းဆိုတော့ "ဒုက္ခာ ဇာတိ ပုနပ္ပုနံ” မွေးလာတာ မကောင်းဘူးတဲ့၊ ခဏခဏမွေးရင် ဒုက္ခဖြစ်တယ်တဲ့၊ ဒုက္ခတွေ ကြုံတွေ့တယ်။ ဒါကြောင့်မို့လို့ ဒီလို လူ့ဘ၀ပဲဖြစ်ဖြစ်၊ ဘယ်ဘ၀ပဲဖြစ်ဖြစ် မွေးဖွားလာခြင်း ဇာတိတရားဟာ အကောင်းမဟုတ်ဘူးလို့ ဘုရားက ဥဒါန်းကျူးတဲ့ ဂါထာထဲမှာ "ဒုက္ခာ ဇာတိ ပုနပ္ပုနံ” လို့ဖော်ပြထားတယ်။ မွေးဖွားလာတာဟာကောင်းတာမဟုတ်ဘူး။ ခဏခဏမွေးရင် ဒုက္ခဖြစ်တယ်။ ဒါကြောင့်မို့လို့ ငါလူ့ဘ၀မှာ ဘာကြောင့် ခဏခဏမွေးနေရသလဲ၊ ဘယ်သူ့ကြောင့် မွေးနေရလဲ ဆိုတဲ့အကြောင်းကို ရှာတာ။ ခန္ဓာအိမ်ကို တည်ဆောက်တဲ့ပုဂ္ဂိုလ်ဟာ တဏှာပဲဖြစ်တယ်ဆိုတာ နောက်ဆုံးမှာ တွေ့ရှိတယ်။ "ဂဟကာရက” ဆောက်လုပ်ရေးသမား။ အဲဒီ ဆောက်လုပ်ရေးသမားကို နောက်ထပ်မဆောက်ရအောင် ထိန်းချုပ်ပစ် လိုက်တယ်ပေါ့။ ဖယ်ရှားပစ်လိုက်တယ်။ အဲဒါဆိုရင် ဒုက္ခဆိုတာ နောက်ထပ်မလာတော့ဘူးပေါ့။

ဒါက ဘုန်းကြီးတို့ရဲ့အမြင်တွေနဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မအမြင်က အင်မတန်မှ အလှမ်းကွာ တယ်။ လောကလူတွေကမွေးနေ့ဆိုရင် ပျော်ကြတယ်၊ ရွှင်ကြတယ်။ မွေးနေ့မှာ "မွေးနေ့လက်ဆောင်” ဆိုတာတွေ ရချင်ကြတယ်။ မွေးနေ့လက်ဆောင်နဲ့ ပတ်သက်လာရင် မွေးနေ့လက်ဆောင်ဆိုတာ မိမိနဲ့ မေတ္တာထားကြတဲ့ မိတ်ဆွေသင်္ဂဟတွေက၊ မိဘဆွေမျိုးတွေက မွေးနေ့မှာဆိုရင် အထူးမေတ္တာ လက်ဆောင်ပေးပြီးတော့ ဆုတောင်းကြတယ်ပေါ့လေ။

ငယ်ငယ်တုန်းက ပုံပြင်လေးတစ်ခု ဖတ်ဖူးတယ်။  အဲဒီပုံဝတ္ထုလေးမှာ သားကလေး တစ်ယောက်က မွေးနေ့ရောက်လာတဲ့အခါမှာ မိဘတွေက"တို့သားကလေးကို ဘာမွေးနေ့လက်ဆောင် ပေးရမလဲ၊ သူများမပေးတဲ့ မွေးနေ့လက်ဆောင်တွေ တို့တစ်တွေ ပေးချင်တယ်။ အင်မတန်ထူခြားတဲ့ မွေးနေ့လက်ဆောင်” အခုခေတ်ဆိုရင်တော့ ပစ္စည်းဥစ္စာတွေ စဉ်းစားကြမှာပေါ့၊ မွေးနေ့လက်ဆောင်နဲ့ ပတ်သက်လာရင် ပစ္စည်းအမျိုးမျိုး၊ တန်ဖိုးရှိတဲ့ပစ္စည်းတွေ မွေးနေ့လက်ဆောင်အဖြစ် ပေးဖို့ဆိုတာကို စဉ်းစားကောင်း စဉ်းစားမိမယ်။ သို့သော် အဲဒီပုံဝတ္ထုလေးထဲမှာ မွေးနေလက်ဆောင်ကို စဉ်းစားတဲ့ အခါမှာ သူက ဘာတောင်းဆိုတုန်းဆိုလို့ရှိရင် "မွေးနေ့မှာ သူလုပ်ချင်တာတွေ လုပ်ပါရစေ၊ မိဘတွေ က ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ အကြံပေးခြင်း ဘာမှ မလုပ်ရဘူး။ သူလုပ်ချင်တာတွေ၊ သူ့စိတ် ထဲရှိတာတွေ အကုန်လုပ်မယ်” အဲဒီလက်ဆောင် သူက တောင်းတယ်။ မိဘတွေကလည်း သဘောတူ လိုက်တယ်။ မွေးနေ့လက်ဆောင်ပေးတယ်။ "ကဲ၊ ငါ့သား၊ ဒီနေ့တစ်ရက်တော့ လုပ်ချင်တာလုပ်၊ တို့ ဘာမှ မပြောဘူး” တစ်ရက်တာ မွေးနေ့လက်ဆောင်ပေးလိုက်တယ်။

အဲဒီကလေးက ဘာတွေလုပ်တုန်းဆိုရင် ကလေးဆိုတာဟာ သူလုပ်ချင်တာက ဆော့ချင်တာပဲပေါ့။ သူမျိုးစုံလုပ်တယ်၊ ရေကူးတယ်၊ သူငယ်ချင်းတွေနဲ့ ချမ်းတုန်လာသည်အထိ ကူးလာတယ်။ နောက် ခွေးတစ်ကောင်ကို သူ့ကို အကိုက်ခံရသည်ထိအောင် ရိုက်တယ်။ သူကြိုက်တဲ့ အချဉ်သီးတွေ စားတယ်။ နောက်ဆုံကျတော့ ဘာဖြစ်တုန်းဆို သူက သစ်ပင်ပေါ်က လိမ့်ကျတယ်။ အဲဒီနေ့မှာပဲ တောက်လျှောက် ဖျားတော့တာပဲ။ အကြီးအကျယ် ဖျားပြီးတော့ ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံက ပြန်ဆင်းပြီးတော့ သက်သာလာတဲ့အခါမှာ သူက မိဘတွေကို ပြောတယ်။ "နောက် ဒီမွေးနေ့ လက်ဆောင်မျိုး ဘယ်တော့မှ မပေးပါနဲ့တော့” တဲ့။ မှန်ကန်တဲ့ရွေးချယ်မှုမရှိဘဲနဲ့ ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ မွေးနေ့လက်ဆောင်မျိုးက အန္တရာယ်များတာပေါ့။ ဒါကြောင့်မို့ ဒီလိုမွေးနေ့လက်ဆောင် မျိုးကိုတော့ မပေးပါနဲ့လို့ ပြောတာနော်။ အဲဒီတော့ မွေးနေ့နဲ့ပတ်သက်ပြီး ရှုမြင်ချက်တွေကတော့ အမျိုးမျိုးပဲပေါ့။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မွေးဖွားလာခြင်းဆိုတဲ့ ဇာတိတရားနဲ့ပတ်သက်ပြီး တော့ ပထမဆုံး ဓမ္မစကြာတရားတော်မှာ Four Noble Truth သစ္စာလေးပါး ဟောကြားတဲ့အခါမှာ ဒုက္ခသစ္စာလို့၊ ဒုက္ခဆိုတာ လုံးဝမှန်တယ်။ ဟောဒီ အမှန်တရားထဲမှာ ဒုက္ခဆိုတာ ဘာတွေကို ပြော တာလဲဆိုတော့ "ဇာတိ ပိ ဒုက္ခာ” လို့ ဇာတိကို အရင်ဆုံးစပြီးတော့ ပြောတယ်။ မွေးဖွားလာခြင်းဟာ ဒုက္ခပဲ။

ဒီတော့ ဒီနေရာမှာ မွေးဖွားလာတာဟာ ဘာဖြစ်လို့ ဒုက္ခဖြစ်ရတာလဲ၊ ဖြစ်လာခြင်းသည် ဘာဖြစ်လို့ ဒုက္ခလို့ သတ်မှတ်ရသလဲလို့ ဆိုတဲ့အခါ သူကိုယ်တိုင်က ဆင်းရဲလို့ ဒုက္ခလို့ ပြောတာ မဟုတ်ဘူး၊ အဲဒီဇာတိ ရာလို့ရှိရင် ထိုဇာတိကို အကြောင်းပြုပြီးတော့ ဇာတိဟာ ဒုက္ခအားလုံးရဲ့ တည်ရာ ဖြစ်လာလို့ ဒုက္ခလို့ ပြောတာပါတဲ့။ ဇာတိကိုယ်တိုင်ကတော့ ဒုက္ခမဟုတ်ဘူးလို့ ဒီလိုဆိုထား တာပါ။ ၀ိသုဒ္ဓိမဂ်ကျမ်းမှာ "အယံ ဟိ ဇာတိသယံ န ဒုက္ခာ” "ဖြစ်ပေါ်လာမှုဟာ၊ ဖြစ်ခြင်းသဘော ဆိုတာ သူကတော့ ဒုက္ခမဟုတ်ပါဘူး တဲ့။ "ဒုက္ခပတ္တိယာပန ၀တ္ထုဘာဝေန ဒုက္ခာ ၀ုတ္တာ” တဲ့။ "သူဟာ ဒုက္ခဖြစ်ဖို့ရာအတွက်
အခြေခံအကြောင်းတရားတစ်ခုဖြစ်နေလို့ ဇာတိကို ဒုက္ခလို့ပြောတာပါ” တဲ့။

ဟုတ်တာပေါ့။ လောကမှာ လူတွေ ကြုံတွေ့ရသမျှ ပြဿနာတွေအားလုံးဟာ မွေးဖွားလာလို့ ကြုံတာလေ၊ ချမ်းသာနေတဲ့အခါမှာ ဒုက္ခကို မေ့ထားကြတာကိုး။ တကယ်ကတော့ လူတွေဟာ ဒုက္ခနဲ့ ကင်းတဲ့သူ ရှိမှမရှိတာ။ မကင်းနိုင်တဲ့ဒုက္ခတွေဟာ ဘာလဲဆိုရင် အိုခြင်း ဆင်းရဲ၊ နာခြင်း ဆင်းရဲ၊ နောက်ဆုံးမှာ သေခြင်းဆင်းရဲဆိုတာ ဘယ်ပုဂ္ဂိုလ်မှ မကင်းဘူး၊ ဘယ်လူမျိုးမှလည်း ရှောင်လွှဲလို့ မရဘူး။ ဘယ်ဘာသာဝင်မှလည်း ရှောင်လွှဲလို့မရဘူး။ ဘယ်သတ္တ၀ါမှ ရှောင်လွှဲလို့မရတဲ့ ပြဿနာ တွေပဲ။ တခြားဒုက္ခဆိုတာတော့ ကြုံချင်မှ ကြုံမယ်ပေါ့။ ဒီဒုက္ခတွေကတော့ အားလုံးကြုံရမှာပဲ။

အဲဒီတော့ အိုခြင်းဆိုတဲ့ဆင်းရဲဟာ မွေးလို့ဖြစ်တာနော်၊ မမွေးရင် အိုစရာမရှိဘူးပေါ့။ ဒါကြောင့်မို့ "ဇာတိ ပစ္စယာ ဇရာ” အဲဒါကြောင့် ဒုက္ခလို့ပြောတာ။ ဒုက္ခဆိုတဲ့အထဲမှာ ဒီမွေးဖွားလာ တဲ့ သန္ဓေလေးတည်လာတဲ့ အချိန်ကစပြီးတော့ ဒုက္ခ(၇)မျိုးဆိုတာ ဖြစ်ပေါ်လာတာပဲ၊ အဆင့်ဆင့် ကြုံတွေ့ရတဲ့ဒုက္ခတွေ။

သို့သော် အမိဝမ်းမှာ နေတဲ့အချိန်မှာ တချို့ကလည်း ပြောကြတယ်၊ "အမိဝမ်းထဲမှာနေတုန်း တို့က  ဘာမှမသိဘူး၊ ဘာမှမသိလို့ ဒုက္ခမရှိဘူး” လို့ ပြောကြတယ်။ မသိတာနဲ့ မရှိတာ တခြားစီပဲ နော်။ တချို့ အဲဒီလိုဟာမျိုးတွေ ဟောနေတာရှိတယ်။ "ဟာ၊ ဇာတိဒုက္ခဆိုတာ မဟုတ်ပါဘူး၊ မိခင် ၀မ်းထဲမှာ သန္ဓေတည်ရတာ ဘာမှဒုက္ခမဖြစ်ဘူး၊ သိတောင်မသိဘူး” လို့ ဒီလိုဟောတာတွေရှိတယ်။ ဒီတော့ သာမန်ပုဂ္ဂိုလ်တွေက ကြည့်လိုက်မယ်ဆိုရင်တော့ ယုံစရာကြီးပေါ့။ ဟုတ်တယ်လေ၊ ကိုယ် မသိတာ၊ အဲဒီတော့ မသိတာနဲ့ မရှိတာ မတူဘူးပေါ့။ မသိတာနဲ့ မရှိဘူးလို့ ပြောလို့မရဘူး၊ ဒုက္ခဆို တာရှိတယ်။

ပဋိသန္ဓေတည်လိုက်တဲ့အချိန်မှာ သန္ဓေတည်ရတဲ့ဒုက္ခကလည်း နည်းတဲ့ ဒုက္ခမှ မဟုတ်တာ။ မိခင်ဝမ်းထဲမှာ သန္ဓေတည်ရတယ်ဆိုတာ မွှေးကြိုင်နေတဲ့ နံ့သာတွေ ထုံမွှမ်းထားတဲ့ တိုက်ခန်းထဲမှာ နေရတာမှမဟုတ်တာ၊ အားလုံးသိနေကြတာပဲ၊ ၀ိသုဒ္ဓိမဂ်က အဲဒါကို အသေးစိတ်ရေးထားတယ်။ "အပေါ်က အစာသစ်အိမ်”တဲ့၊ "အောက်က အစာဟောင်းအိမ်”တဲ့ ။ "အင်မတန်မှ ပုပ်လှောင်နေတဲ့ နေရာ” လို့ ဒီလိုရေးထားတယ်။ ဘုန်းကြီးက ၀ိသုဒ္ဓိမဂ်မှာ အဲဒီစာပိုဒ်လေးကို ရှင်းပြတော့ နိုင်ငံခြားက အမျိုးသမီးကြီးတွေက စိတ်ဆိုးတယ်၊ သူတို့ကို ရှုတ်ချပြောတယ်လို့ ထင်တယ်၊ ရှုတ်ချပြောတာတဲ့။ တကယ်တော့ ရှုတ်ချပြောတာ မဟုတ်ပါဘူး၊ တကယ်အမှန်ပါပဲနော်၊ လူ့ခန္ဓာကိုယ်ကို ဘယ်သူက မွှေးတယ်လို့ ပြောမလဲ၊ အပေါ်ယံ မွှေးတယ်ဆိုတာ လိမ်းကျံထားတဲ့ နံ့သာရဲ့အနံ့ပဲ၊ လူအနံ့မှ မဟုတ် တာ၊ အဲဒီတော့ အဲဒါတွေ အထင်မှားအောင် လုပ်တာနော်၊ အထင်မှားတယ်၊ အမြင်မှားတယ်၊ အတွေးမှားတယ်၊ အသိမှားတယ်ဆိုတဲ့ ၀ိပ္ပလ္လသ ဖြစ်တာလေ။ အပေါ်ယံလေးကြည့်ပြီး အဲဒီလို ထင်တာ၊ တကယ် အနှစ်သာရပိုင်းက အမှန်အတိုင်း တွေးကြစို့ဆိုရင် တကယ်ဟုတ်တယ်။ သို့သော်လည်း အဲဒီစာပိုဒ်လေးကို ရှင်းပြတော့ သူတို့က မကျေနပ်ဘူး။ မကျေနပ်လည်း ဒါ အဖြစ်မှန်က ဒီအတိုင်းပဲ။ အဲဒါကို "ဂဗ္ဘောက္ကန္တိ – မူလက ဒုက္ခ” လို့ ခေါ်တယ်။ အမိဝမ်းထဲမှာ သက်ဆင်းရတဲ့ဒုက္ခ၊ မွှေးကြိုင်တဲ့ နံ့သာတွေနဲ့ ထုံမွှမ်းထားတဲ့ တိုက်ခန်းထဲ ၀င်ရတာမဟုတ်ဘူး၊ နံ့စော်နေတဲ့ အခန်းထဲကို ၀င်ရတာတဲ့။ အဲဒါကိုကပဲ စိတ်ပျက်စရာကြီးတစ်ခုလို့  အဲဒီလိုပြောတာ။ တချို့က အဲဒီလို စိတ်ပျက်စရာတွေနဲ့ ကြုံ ရမှာစိုးလို့ ဥပပါတ်ပဋိသန္ဓေနဲ့ ဖြစ်ရပါလို၏လို့ ဆုတောင်းတာတွေလည်း ရှိသေးတယ်လေ၊ အမေ့ဝမ်း ဗိုက်ထဲကို မ၀င်ချင်လို့။

အဲဒီတော့ ဇာတိဆိုတာ အစပျိုးတဲ့နေရာလေးက ရှိရမှာပေါ့။ သစ်ပင်တောင်မှ မြေကလေးရှိမှ ပေါက်လို့ ရတာကိုး။ လူ့ရဲ့ဘ၀ဟာလည်းပဲ အဲဒီပေါက်စရာ Fertilizer လုပ်ထားတဲ့ဟာလေးရှိဖို့ လိုသေးတာကိုး။ အဲဒီပေါ်မှာ ရှင်သန်ထွားကျိုင်းလို့ရတာကိုး။ အဲဒီတော့ ဒါက ဒုက္ခတစ်ခုပဲ။

နောက်ထပ် ဒုက္ခတစ်ခုက ကိုယ်ဝန်ဆောင်နေရတဲ့အချိန်။ လူ့ဘ၀ထဲမှာ ကိုယ်မသိပေမယ့်လို့ ဘာဒုက္ခတွေ ရှိသလဲဆိုရင် မိခင်မှာလည်း ဒုက္ခရှိတာပဲ။ သန္ဓေသားလေး foetus မှာလည်း ဒုက္ခရှိ တယ်။ သူ့ဒုက္ခတွေက ဘာတွေတုန်းဆိုရင် ရေခဲမုန့်ကြိုက်တဲ့ အမေက ရေခဲမုန့်စားလိုက်ရင် ဆောင်း ရာသီအအေးမျိုး အေးမှာပဲ။ မုန့်ဟင်းခါးကြိုက်လို့ ငရုပ်သီးတွေ ဘာတွေနဲ့ စားလိုက်လို့ရှိရင်လည်း ပူမှာပဲ၊ စပ်မှာပဲပေါ့။ အဲဒီ ဒုက္ခတွေလည်းပဲ ရှိတယ်။ ခံစားခဲ့ရတယ်။ သို့သော် မေ့သွားတယ်။ ဒီဟာ မပြောနဲပလေ, လူက သွားကိုက်ဖူး၊ နားကိုက်ဖူးပေမယ့် ပျောက်သွားလို့ရှိရင် မေ့သွားတာပဲလေ။ ဒုက္ခ ဆိုတာ မြန်မြန်မေ့လွယ်တယ်။

နောက်တစ်ခုကတော့ "ဂဗ္ဘ၀ိပတ္တိမူလကဒုက္ခ” မွေးဖို့ ခက်ခဲပြီးတော့ ဒုက္ခရောက်တာတွေ လည်း ရှိတယ်၊ အဲဒီလို မမွေးနိုင်၊ မဖွားနိုင်ဘဲနဲ့ ဒုက္ခရောက်နေပြီးတော့ ခံနေရတဲ့ ဒုက္ခမျိုးလည်း ဒီ ဇာတိကြောင့် ဖြစ်ပေါ်လာတာ။

နောက်တစ်ခါကျတော့ မွေးဖွားရခြင်းဒုက္ခဆိုတာ ဒါ အားလုံးသိတာပဲ။ မွေးဖွားရခြင်းဒုက္ခဟာ OG ဆရာမကြီးတွေဆို ပိုသိတာပေါ့။ မွေးဖွားလာခဲ့ရတဲ့ ကလေးလေးလေးတစ်ယောက်ဟာ မွေးလာတာနဲ့ တစ်ပြိုင်နက် ငိုပြီးတော့ မွေးလာရတာပဲ။ ပြုံးရွှင်ပြီးတော့ မွေးဖွားလာတဲ့ ပုဂ္ဂိုလ်ဟာ အင်မတန် ရှားတယ်။

ဘုန်းကြီးတို့ ဂျာမဏီရောက်တုန်းက "လောကဟာ ငိုခြင်းနဲ့ စလာခဲ့တာပါ။ မငိုဘဲနဲ့ မွေးလာ တဲ့လူများရှိသလား” လို့ မေးတဲ့အခါ အဲဒီ ဂျာမန်အမျိုးသမီးတစ်ယောက်က "ရှိတယ် ဘုရား” တဲ့။ သူက ဒီလိုဖြေတယ်။ အဲဒီတော့ ရံဖန်ရံခါတော့ ရှိကောင်းရှိမှာပေါ့။ ဗုဒ္ဓစာပေထဲမှာလည်း မငိုဘဲနဲ့ မွေးတာ ခုနက ဘုရားအလောင်းတို့ ဘာတို့ကျတော့ မငိုဘဲနဲ့ မွေးလာတာတော့ ရှိမှာပေါ့လေ။ သို့သော် ယေဘုယျအားဖြင့် တစ်ရာမှာ ကိုးဆယ့်ကိုးယောက်က ငိုကြွေးကြတာချည်းပဲ။ ငိုတယ်ဆိုကတည်းက ပျော်လို့ ငိုတာမဟုတ်ဘဲနဲ့ မခံနိုင်လို့ ငိုတာလေ။ အဲဒါ မွေးဖွားခြင်းဇာတိရဲ့ အခြေခံကြောင့် ဖြစ်ပေါ်လာတာ။

နောက်တစ်ခု၊ မွေးဖွားလာလို့ အပြင်ရောက်လာပြန်တော့လည်း လေစိမ်းတိုက်လိုက်တယ်ဆို တဲ့အချိန်မှာ အင်မတန်မှ ခံရခက်တဲ့ ဒုက္ခတစ်ခုပဲ။ အဲဒါလည်း ဒုက္ခတစ်ခုပဲ။

နောက်တစ်ခုက လူ့ဘ၀ ရောက်လာတဲ့အခါမှာ ကိုယ့်ဟာကိုယ် အနေအထိုင်မတတ်လို့ ကိုယ်ဟာ့ကိုယ် ဆော့ရင်းကနေ သစ်ပင်ပေါ်က လိမ့်ကျလို့၊ လဲလို့ ခြေထောက်ကျိုးတာတို့၊ လက်ကျိုး တာတို့ စသဖြင့် ကိုယ့်ရဲ့လုံ့လကြောင့် ဖြစ်ရတဲ့ဒုက္ခတွေကလည်း အမျိုးမျိုးပဲ။ သူတစ်ပါးက နှိပ်စက်လို့ ခံရတဲ့ ဒုက္ခတွေကလည်း အမျိုးမျိုးပဲဆိုတော့ မွေးဖွားလာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခတွေဟာ အင်မတန်မှ များတယ်လို့ ၀ိသုဒ္ဓိမဂ်မှာ ရေးသားထားတာ အလွန်မှတ်သားစရာ ကေငာ်းတယ်ပေါ့။ "ဇာတိ ပိ ဒုက္ခာ” ဆိုတာ ဒီလိုဆိုလိုတာပေါ့။

ရလာတဲ့ ဇာတိတရားနဲ့ ပတ်သက်ပြီးတော့ သူတော်ကောင်းတွေရဲ့အမြင်က အခု မြတ်စွာ ဘုရားက "ဇာတိ ပိ ဒုက္ခာ” လို့ ဟောတာ ဟုတ်ပြီ၊ အမြင်နှစ်မျိုး ရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ အကြီးဆုံး နှမတော် "စာလာ” ဆိုတဲ့ ဘိက္ခုနီမက ဇာတိနဲ့ပတ်သက်ပြီးတော့ ပြောခဲ့တယ်။ ဘုန်းကြီးတို့ တစ်တွေကတော့ မွေးလာတာကို သဘောကျကောင်း ကျမယ်၊ ဘိက္ခုနီမကို မာန်နတ်က မေးတယ်။ "အရှင်မ မကြိုက်ဆုံးဟာ ဘာလဲ” လို့ မေးတော့ သူက "မွေးဖွားလာခြင်းပဲ” တဲ့ ။ မွေးနေ့ကို မကြိုက်ဘူးနော်။ သဘောကတော့ မွေးဖွားခြင်းကို သူမကြိုက်ဘူးဆိုတော့ မာရ်နတ်ကြီးက ဘာပြောတုန်းဆို တော့ "မွေးဖွားတာ ကောင်းပါတယ်”တဲ့။ "ဇာတောကာမာနိ ဘုဉ္ဇတိ” "မွေးဖွားလာလို့ ပျော်စရာ အလွန်ကောင်းတယ်၊ မျက်စိက လှတာတွေ မြင်ရတယ်၊ နားက သာယာတဲ့အသံတွေ ကြားရတယ်။ နှာခေါင်းက မွှေးကြိုင်တဲ့အနံ့တွေ နမ်းရှူရတယ်။ လျှာက အရသာရှိတဲ့ အစာတွေ စားရတယ်။ ခန္ဓာ ကိုယ်က ကောင်းတာတွေ ထိတွေ့ရတယ်၊ လောကကြီးဟာ ပျော်စရာကြီးပဲ၊ မွေးလို့ တို့လောကကြီး ထဲမှာ ပျော်နေရတာ၊ ဘာလို့ မကောင်းရမှာလဲ” လို့ပြောတော့ အဲဒီ ဘိက္ခုနီမက ပြန်ပြောတယ်။

"ဇာတဿ မရဏံ ဟောတိ” တဲ့။ "ဘယ်ကောင်းမလဲ၊ မွေးလာရင် သေရမှာ” တဲ့နော်။ ပြီးတော့ "ဇာတော ဒုက္ခာနိ ဖုသတိ” တဲ့။ "မွေးဖွားလာသည့်အတွက်ကြောင့် ပြဿနာတွေဆုံရမယ်”တဲ့ ။ ဟုတ်တယ်၊ လူ့ဘ၀မှာ ပြဿနာတွေ အမျိုးစုံ ဆုံရတယ်၊ နောက်ဆုံးဘာပြဿနာမှ မရှိဘူး ဆိုရင် တဖြည်းဖြည်း အိုလာတာဟာ ပြဿနာပဲ။ ဘယ်သူ ခေါင်းဖြူချင်မှာတုန်းနော်၊ မဖြူချင်လို့ ဆေးနဲ့ ဆိုးရတယ်၊ ဘယ်သူ သွားကျိုးချင်မှာတုန်း၊ သို့သော် ကျိုးတယ်။ ဘယ်သူ ပါးရေတွန့်ချင်မှာ တုန်း၊ BotoX တို့ ဘာတို့ ထိုးကြတယ်နော်။ အဲဒီလို အမျိုးမျိုးအကာအကွယ်တွေ လုပ်ပေမယ့်လို့ ဒါဟာ တားလို့ ရလားဆို မရဘူး၊ နောက်ဆုံးကျတော့ ရုပ်ပျက်ဆင်းပျက် လူ့ဘ၀မှာ တကယ့်ကို အရုပ်ဆိုး အကျည်းတန်ဖြစ်ရတယ်။

ကိုယ့်ကိုကိုယ် ငယ်ငယ်က ဓာတ်ပုံနဲ့ အသက်ကြီးမှ ဓာတ်ပုံနှစ်ခုကို ယှဉ်ကြည့်လိုက်၊ ယှဉ်ကြည့်လိုက်လို့ရှိရင် တော်တော်ကို အရုပ်ဆိုးသွားပြီ။ ၁၇ နှစ်အရွယ်က ဓာတ်ပုံနဲ့ အခု ၇၁ နှစ် အရွယ်က ဓာတ်ပုံသွားကြည့်လိုက်မယ်ဆိုရင် အတော်ကို အရုပ်ဆိုးသွားပြီနော်။ မမှတ်မိနိုင်လောက် အောင် different  ဖြစ်သွားပြီ။ ဒါဟာ ဘယ်သူ့ရဲ့ လက်ချက်လဲ ဆိုလို့ရှိရင် ဇရာရဲ့ လက်ချက်၊ ဒီဇရာ ဘာကြောင့်ဝင်လို့ရတုန်းဆို ဇာတိရှိလို့ ၀င်လို့ ရတာပေါ့။ ဒါကြောင့်မို့လို့ ဇာတိတရားဟာ ကောင်းတဲ့ တရားမဟုတ်ဘူးလို့ ဒီလိုဆိုလိုတာ။ အဲဒီ ဘိက္ခုနီမက ပြောတယ်၊ "ဇာတော ဒုက္ခာနိ ဖုသတိ” တဲ့ နော်။ လောကမှာ ဒုက္ခသုက္ခ ကြုံရသမျှဟာ ဟောဒီ ဇာတိကြောင့်ပဲတဲ့။ ဒါကြောင့်မို့လို့ သူ ဇာတိကို မကြိုက်ဘူးလို့ ပြောတယ်။

သာမန်လူတွေကတော့ ကောင်းတာလေး ရွေးပြီးတော့ ဇာတိကို လက်ခံပြီး ကြိုက်နေကြတာ ပဲ။ ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ညောင်တုန်း ရွှေဟင်္သာတောရ စတုတ္ထစံကျောင်း ဆရာတော်ကြီးက တရားဟောတာ ကြားလိုက်တယ်။ ဇာတိ မွေးနေ့နဲ့ပတ်သက်ပြီးတော့ ဟောတဲ့ တရာလေးတစ်ပုဒ်ဟာ အနှစ်ချုပ်ပြောရမယ်ဆိုရင် ဘာလဲဆိုရင် "ဇာတိဆိုတဲ့တရားဟာ ချီးမွမ်းထိုက် တဲ့ တရားလား၊ ရှုတ်ချထိုက်တဲ့ တရားလား” တဲ့။ သူက မေးပြီးတော့ "ဇာတိဆိုတဲ့တရားဟာ ချီးမွမ်း ထိုက်တဲ့တရား မဟုတ်ဘူး၊ ရှုတ်ချရမယ့်တရား” တဲ့။ အဲဒီတော့ မွေးနေ့ဆိုတာ "မွေးနေ့က မင်္ဂလာ မဟုတ်ပါဘူး၊ မွေးနေ့မှာ လုပ်တဲ့ ကုသိုလ်ကသာလျှင် မင်္ဂလာဖြစ်ပါတယ်။ ဇာတိကတော့ မင်္ဂလာ မဟုတ်ပါဘူး၊ ရှုတ်ချရမယ့်တရားဖြစ်ပါတယ်”လို့ အဲဒီဆရာတော်ဘုရားကြီး ဟောသွားတာကို စိတ်ထဲ မှာ မှတ်သားမိနေတယ်။

နောက်တစ်ခါ ယော တိပိဋကဓရ ဆရာတော်ဘုရားကြီးကတော့ "မွေးနေ့” ကို သူက ဘာပြော လဲဆိုတော့ "မွေးနေ့မဟုတ်ဘူး” တဲ့၊ "အိုနေ့” တဲ့၊ မွေးနေ့ဆိုတာ အိုလာတာကို ပြောတာပါတဲ့။

ဒါတွေလည်း တကယ်တော့ မှန်ကန်တဲ့စကားတွေချည်းပဲပေါ့နော်။ အဲဒီလို လောကလူတွေ ဟာ မွေးလာပြီဆိုလိုရှိရင်တော့ အကျိုးရှိဖို့ကတော့ လိုအပ်လာတယ်၊ မွေးနေ့လုပ်တဲ့အခါမှာ မွေးနေ့ ဆိုတာတော့ လူတိုင်းမှာ ရှိတယ်၊ မွေးတာလည်း ကောင်းသလားဆိုတော့ မကောင်းဘူးနော်။ သို့သော် မွေးလာတဲ့အထဲကတော့ အကောင်းဖြစ်ဖို့တော့ လိုအပ်လာတယ်ပေါ့။ အဆိုးထဲက အကောင်း၊ လူတွေက ပြောကြတယ်။ အမှိုက်ထဲက ရွှေပေါ့။

အဲဒီလို ဘ၀တစ်ခုရလာပြီဆိုလို့ရှိရင် ကိုယ်ရလာတဲ့ဘ၀ဟာ ဗဟုဇနဟိတ အများအတွက် အကျိုးရှိမယ့် ဘ၀လား၊ ကိုယ့်အတွက် အကျိုးရှိမယ့်ဘ၀လား၊ ရလာတဲ့ ဘ၀တစ်ခုဟာ ဗဟုဇနဟိတ ဗဟုဇနသုခ၊ အများကောင်းစားဖို့အတွက်လား၊ အများချမ်းသာဖို့အတွက်လား၊ ကိုယ်ချမ်းသာဖို့ အတွက်လား။ အဲဒီလို လောကမှာ လူတစ်ယောက် ထွန်းကားပေါ်ပေါက်လာတဲ့အခါမှာ အများကို အကျိုးပြုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် သူ့ရဲ့အကျိုးပြုမှုကြောင့် (ပင်ကိုအားဖြင့် ဇာတိတရားသည် ရှုတ်ချရမယ့်တရား ဖြစ်သော်လည်း)မွေးဖွားလာခြင်းကြောင့် ရလာတဲ့ အမြတ်တွေက အများကြီးလို့ ဒီလိုပြောရမယ်။ သူ့ကို ချီးမွမ်းတာတော့ မဟုတ်ဘူး၊ သူ့ကြောင့် ရလာတဲ့ result  ကတော့ အင်မတန်မှ ချီးမွမ်းထိုက်တယ်။

ဥပမာမယ် စဉ်းစားကြည့်၊ ကြာဟာ ဘယ်မှာပေါက်တုန်းဆို ရွှံ့ညွန်ထဲမှာပေါက်တယ်၊ ရွှံ့ညွန် ဆိုတာ ဘယ်လိုမှ ချီးမွမ်းလို့ရမယ့်အရာမဟုတ်ဘူး။ သို့သော် ရွှံ့ညွန်ထဲ ပေါက်လာတဲ့ ကြာပွင့်လေး ကျတော့ အင်မတန်မှ ချီးမွမ်းထိုက်တယ်၊ တန်ဖိုးချင်းမတူဘူးပေါ့။ ရွှံ့ညွန်ထဲက မွေးလာတဲ့၊ ရလာတဲ့ ဒီ result  လေးဟာ အင်မတန်မှ မွှေးကြိုင်တဲ့ ကြာပန်းလေးတစ်ခုအဖြစ် အင်မတန်မှ တန်ဖိုးရှိသွား တယ်။

အဲဒီလိုပဲ ဇာတိဆိုတဲ့ ရွှံ့ဗွက်ကြီးထဲကနေပြီးတော့ ဘုန်းကြီးတို့တစ်တွေ ဗဟုဇနဟိတ ဗဟု ဇနသုခ လို့ ခေါ်တဲ့ အများအတွက် ကောင်းကျိုးချမ်းသာတွေ ဆောင်ရွက်နိုင်တယ်၊ အများအတွက် အကျိုးဖြစ်လာတယ်၊ အများအတွက် အကျိုးဖြစ်ရာ ဖြစ်ကြောင်း အလုပ်တွေ လုပ်နိုင်တယ်ဆိုရင် အဲဒါဟာ ရွှံ့ထဲကနေပြီးတော့ ကြာပန်းပွင့်လာသလိုပဲပေါ့။ ကောင်းကျိုးချမ်းသာတွေ ရတယ်။ အဲဒါ တော့ ချီးမွမ်းထိုက်တာဟာ ရွှံ့ကို ချီးမွမ်းတာမဟုတ်ဘူး၊ ကြာကို ချီးမွမ်းတာ။

ဒီတော့ မွေးနေ့မှာ ဒီလိုကောင်းမြတ်တဲ့ ကုသိုလ်တရားတွေ ဆည်းပူး အားထုတ်မယ်ဆိုရင် တော့ "မွေးနေ့ကိုယ်တိုင်က တန်ဖိုးမရှိသော်လည်း မွေးနေ့ကို အကြောင်းပြုပြီးတော့ ရလာတဲ့ တရား တွေဟာ တန်ဖိုးရှိပါတယ်” လို့ ခွဲခြားပြီး သိဖို့လိုတာပေါ့။ အဲဒီလို ခွဲခြားပြီးသိမှ၊ ဆိုလိုတာက တကယ် ကတော့ မွေးဖွားလာခြင်းဟာ မကောင်းဘူး၊ မကောင်းတဲ့ထဲကနေပြီးတော့ အကောင်းက ဘာလဲဆိုလို့ ရှိရင် မိမိသန္တာန်မှာဖြစ်ပေါ်လာတဲ့ ကုသိုလ်တရားတွေက ကောင်းတယ်၊ အများကို အကျိုးပြုနိုင်တဲ့ အလုပ်တွေက ကောင်းတယ်၊ ကိုယ့်ကို အမှီပြုပြီးတော့ အများချမ်းသာတယ်ဆိုလို့ရှိရင် ကောင်းတယ်၊ အဲဒီ ကောင်းတာတွေ များများရမှ တို့တစ်တွေဟာ ကြီးမားတဲ့ ဒီအကျိုးကို ရမှာဖြစ်တယ်။ ဒီတော့ ဇာတိကို အရင်းတည်ပြီးတော့ ပါရမီကုသိုလ်တွေ ဖြစ်အောင် လုပ်လို့ရတယ်။

ဒါကြောင့်မို့ happy birthday to you လို့ဆိုပြီးတော့ ဘာနဲ့ happy ဖြစ်ကြမှာလဲ၊ မွေးနေ့ တိုင်း မွေးနေ့တိုင်းဟာ ကုသိုလ်ကောင်းမှုတွေ လုပ်ပြီးတော့ ရလာတဲ့ ကုသိုလ်တရားသာလျှင် အမြတ် ဖြစ်ပါတယ်။ မွေးလာတာတော့ လူတိုင်း မွေးကြတာပဲ၊ သတ္တ၀ါတွေအားလုံး မွေးလာတာ၊ မွေးလာခြင်း ကတော့ အကောင်းမဟုတ်ပါဘူး၊ အဲဒီ မကောင်းထဲက ရလာတာဟာ တန်ဖိုးချင်း မတူညီကြဘူးပေါ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက ပေတ၀တ္ထုပါဠိတော်မှာ ဟောထားတဲ့ ဂါထာကလေးတစ်ပုဒ်မှာ "ယံ ကိဉ္စာရမ္မဏံ ကတွာ၊ ဒဇ္ဇာ ဒါနံ မလာဘိဘူ” တဲ့။ ဘာကိုပဲ အကြောင်းပြုပြုတဲ့၊ "ယံ ကိဉ္စိ အာရမ္မဏံကတွာ” တစ်ခုခုကို အကြောင်းပြုပြီးတော့တဲ့ ကိုယ်သန္တာန်မှာဖြစ်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်ရမယ်။ အထူးသဖြင့် ဒါနကောင်းမှုပြုပြီဆိုရင် မစ္ဆရိယဆိုတဲ့ အညစ်အကြေးကို ဖယ်ရှားရမယ်ပေါ့။ သီလ ဆောက်တည်ပြီ ဆိုလို့ရှိရင် လောဘ၊ ဒေါသ စတဲ့ အညစ်အကြေးတွေကို ဖယ်ရှားတယ်၊ ဘာဝနာကျင့်စဉ်တစ်ခုကို အားထုတ်ပြီ ဆိုလို့ရှိရင်လည်း ဆိုင်ရာဆိုင်ရာ အညစ်အကြေးတွေကို ဖယ်ရှားတယ်။ သမာဓိကျင့်စဉ်တစ်ခုကို ကျင့်ပြီဆိုရင် နီဝရဏ အညစ်အကြေးတွေကို ဖယ်ရှားပစ်တယ်။ အဲဒီလို ဖယ်ရှားပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ခြင်းဟာ အင်မတန်မှ ကောင်းတယ်တဲ့။

ဒီတော့ ဇာတိတရားဟာ ရှုတ်ချလိုက်တဲ့တရား၊ ကဲ့ရဲ့ရမယ့်တရား ဖြစ်သော်လည်းပဲ ထိုဇာတိ ကို အမှီပြုပြီးတော့ တို့တစ်တွေဟာ ရွှံ့ကနေပြီး ကြာပန်းပွင့်အောင် ကြိုးစားနိုင်မှ မွေးနေ့ဆိုတာဟာ ထူးခြားတဲ့ မွေးနေ့၊ ထူးခြားတဲ့ဘ၀တစ်ခု ဒီလိုဖြစ်လာမှာပါလို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ယခုလို မွေးနေ့အခါသမယမှာ ထူးခြားတဲ့ ကုသိုလ်တရားတွေကို ရအောင် ကြိုးစားအားထုတ်နိုင်ကြ ပါစေကုန်သတည်း။

သာဓု ... သာဓု ...သာဓု ...

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(မွေးနေ့လက်ဆောင် တရားတော်မှ)

(စာရိုက်ပူဇော်သူ - Admin Team of နိဗ္ဗာန်ဆော်)
posted by- bwar99.blogspot.com