အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, July 6, 2017

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့



     ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
----------------------------------------------
   သိကောင်းစရာများ
-------------------------------

♦ ဝေါဟာရအဓိပ္ပါယ်

   ပုဂံခေတ် ရေးထိုးသော ကျောက်စာများ၌ ဝါဆိုလကို မလွယ်တာ၊ မြွယ်တာဟု ရေးထိုးသုံးနှုန်းခဲ့ပြီး အင်းဝခေတ်တွင် နွယ်တာလဟုသာ ဝေါဟာရ သုံးနှုန်းထားသည်ကို တွေ့ရသည်။ ဝါဆိုလပြည့်နေ့တွင် နွေဥတု ကုန်ဆုံးသဖြင့် နွေကာလ လွန်မြောက်ကုန်ဆုံးသည့်ကာလဟု ဆိုလိုခြင်း ဖြစ်ပါသည်။

   ရဟန်းတော်များ မိုးတွင်းကာလသုံးလတိုင် ဝါကပ်ဆိုနေထိုင်ခြင်း (ဝဿ- မိုးဦးတု + ဝါသ- နေထိုင်ပါမည်ဟု ရွတ်ဆို၍ ဝါကပ်ဆိုနေထိုင်ခြင်း) အဓိပ္ပါယ်ကို ဆင့်ပွားလျက် ဝါဆိုလဟု ပြောင်းလဲခေါ်ဆိုခဲ့ကြောင်းလည်း မှတ်သားခဲ့ကြသည်။

   မြန်မာဗုဒ္ဓဘာသာတို့သည် ဝါဆိုလတွင် ရိုးရာယဉ်ကျေးမှုနှင့် ပေါင်းစပ်ဆက်နွယ်လျက် ပဉ္စင်းခံပွဲ၊ ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ ဝါဆိုပွဲ၊ ဓမ္မစကြာအခါတော်နေ့ပွဲနှင့် အနတ္တလက္ခဏာအခါတော်နေ့ပွဲများကို ကျင်းပပြုလုပ်လေ့ရှိပါသည်။ ဝါဆိုလပြည့်နေ့သည် ဘုရားရှင် ပဋိသန္ဓေယူသောနေ့လည်း ဖြစ်သည်။ တောထွက်တော်မူသောနေ့လည်း ဖြစ်သည်။

♦ ပဉ္စင်းခံပွဲ

   ဝါဆိုလတွင် ပဉ္စင်းခံပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းမှာ ရှေးမြန်မာဘုရင်များလက်ထက် နယုန်လတွင် ကျင်းပသည့် စာတော်ပြန်ပွဲနှင့် ဆက်စပ်နေသည်။ နယုန်လ စာတော်ပြန်ပွဲတွင် စာမေးပွဲအောင်မြင်သည့် အသက် ၂၀ ပြည့် သာမဏေများအား ဝါဆိုလတွင် ပဉ္စင်းခံပွဲ ပြုလုပ်သည်။ ပဉ္စင်းခံပွဲသည် မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိသည်မှစ၍ ထွန်းကားနိုင်သော်လည်း ဝါဆိုလတွင် ပဉ္စင်းတော်ခံပွဲ ကျင်းပခြင်းမှာမူ အင်းဝခေတ် စာတော်ပြန်ပွဲများ ကျင်းပခဲ့သည့် အစဉ်အလာနှင့်အတူ ဆင်းသက်ခဲ့ဖွယ် ရှိပါသည်။

   အင်းဝခေတ် ပဉ္စင်းခံရှင်ပြုပွဲမှာ ရှင်ဘုရင်နှင့် လွှတ်တော်က ဦးစီး၍ ခမ်းနားသိုက်မြိုက်စွာ ကျင်းပသည်။ နယုန်လ စာတော်ပြန်ပွဲတွင် ထူးချွန်စွာအောင်မြင်သည့် ရဟန်းလောင်း (၂၅) ပါးခန့်ရှိလျှင် ရှင်ဘုရင်က ရဟန်းဒါယကာအဖြစ်ခံယူ၍ ရဟန်းခံပွဲ ကျင်းပပေးလေ့ ရှိသည်။ စာတော်ပြန်ပွဲအောင် ရဟန်းလောင်း၊ ရှင်လောင်းများအပြင် အရပ်ဖက် လူ့အဖွဲအစည်းများထဲမှ သင့်လျော်ရာ ရှင်လောင်း ရဟန်းလောင်း ငါးရာ တစ်ထောင် စသည့်ဖြင့် ရွေးချယ်၍ ပဉ္စင်းခံပွဲ ရှင်ပြုပွဲကို ဝါဆိုလပြည့်နေ့တွင် ကျင်းပသည်။ ထိုရဟန်းများ သာသနာတော်၌ ပျော်ပိုက်အောင် ပစ္စည်းလေးပါးသာမက ကျောင်းဆောက်လှူကြသည်။ ရွှေညောင်စောင်း၊ မှီအုံး စသည့်ဖြင့် ထောက်ပံလှူဒါန်းသည်။ စာဝါများသင်ကြားနိုင်ရန် ပေစာထုတ်များကိုလည်း ပေးအပ်လှူဒါန်းသည်။ သာသနာတော် ထွန်းကားပြန့်ပွားရန်အတွက် ဘုရားကျောင်းကန်အတွင်း ပေပင်များ စိုက်ပျိုးပြုစုပေးသည်။

   ပဉ္စင်းခံရှင်ပြုပွဲကျင်းပပုံမှာ ရှေးဦးစွာ ပဉ္စင်းလောင်းတော်၊ ရှင်လောင်းတော်စာရင်းကို လွှတ်တော်သို့ တင်သွင်း၍ ပထမ ပဉ္စင်းလောင်းတော်ကို ကျီဝန်မှာ အပ်ခြင်း၊ ဒုတိယ ပဉ္စင်းလောင်းတော်ကို အိမ်ရှေ့မင်းမှာ အပ်ခြင်း၊ တတိယ ပဉ္စင်းလောင်းတော်နှင့် တောနေရှင်လောင်းတို့အား မင်းသားကြီးနေရာမှာ အပ်ခြင်း စသည်ဖြင့် တစ်ပါးစီအပ်ရသည်။ ထို့ပြင် ဝန်ကြီး၊ အတွင်းဝန်၊ မြို့ဝန်၊ မြင်းဝန်၊ ရွှေတိုက်ဝန် စသည့် လွှတ်တော်နှင့် မူးကြီးမတ်ရာများနေရာတွင် အပ်နှံ၍ ရှင်လောင်းပဉ္စင်းလောင်းတို့အား ပရိက္ခရာ စုံလင်စွာ ရွှေတိုက်ဝန်ကစီရင်ပေး၍ ဆရာတော်များ ကျောင်းသို့ ပို့အပ်ရသည်။

   နံနက်စောစောတွင် လွှတ်တော်၏ စာချွန်တော်အတိုင်း ရှင်လောင်း၊ ပဉ္စင်းလောင်းများကို တင့်တယ်စွာဆင်ယင်၍ စာတော်အောင်သည့် အဆင့်အလိုက် အခမ်းအနားအစီအစဉ်အတိုင်း ကျီဝန်၊ ရွှေတိုက်ဝန် စသည့်တို့ ကြီးကြပ်ကာ အတွင်းတော် (နန်းတော်) မှာ ပြင်ဆင်ရသည်။ ထို့နောက် ကမ္မဝါကျမ်းကို ဝေါပေါ်တင်၍ ထီးဖြူလေးစင်းဆောင်းမိုးခြင်း စသည်ဖြင့် ခမ်းနားကြီးကျယ်စွာ နန်းတော်သို့ သွားရောက်ရသည်။

   ရှင်ဘုရင်က ပဉ္စင်းလောင်း ရှင်လောင်းတို့အား ဒုလ္လဘတရား ၅-ပါးကို အမိန့်တော်ရှိ၍ ရေစက်သွန်းလောင်းသည်။ ထို့နောက် ပဉ္စင်းလောင်း ရှင်လောင်းများအား နန်းတော်မှ ကျောင်းသို့ ပင့်ဆောင် သိမ်ဝင်၍ ရှင်ပြုခြင်း၊ ရဟန်းခံခြင်း စသော ကိစ္စများကို အစီအစဉ်အတိုင်း ဆောင်ရွက်သည်။ ရဟန်းခံကိစ္စ ပြီးသောအခါ ပထမပဉ္စင်းကို ဘုရင်၏အတွင်းတော်ကပင့်၍ ဆွမ်းကပ် ရသည်။ ဒုတိယပဉ္စင်းကို အိမ်ရှေ့မင်းက ပင့်၍ ဆွမ်းကပ်ရပြီး ကျန်ပဉ္စင်းများကိုလည်း ခန့်အပ်သူတို့က ဆွမ်း ဆက်ကပ်ရသည်။

   ဤကဲ့သို့ ရှေးမြန်မာမင်းများသည် ဝါဆိုလ ပဉ္စင်းတော်ခံပွဲသဘင်ကို ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်ရာ၌ ရည်ရွယ်ချက်မှာ နယုန်လ စာတော်ပြန်ပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ပဉ္စင်းလောင်း ရှင်လောင်းများအား ချီးမြှောက်ခြင်း ဖြစ်ပါသည်။ အခြားအစု အရပ်သားများ ပါဝင်စေလျက် ခမ်းနားစွာ ပွဲသဘင်ကျင်းပခြင်းမှာမူ သာသနာတော်၌ ပျော်ပိုက်လျှင် သာသနာတော်မြတ်ကြီး စည်ပင်ဖွံ့ဖြိုးအောင် စောင့်ရှောက်နိုင်စေရန် အမြဲမနေနိုင်၍ ဝါလကင်းလွတ် သီတင်းကျွတ် လူဝတ်လဲသွားလျှင်လည်း သာသနာထုံးတမ်းစဉ်လာများ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်ခဲ့ကြောင်း သုံးသပ်နိုင်သည်။

   အလားတူပင် အင်းဝခေတ်မှသည် ကုန်းဘောင်ခေတ်တစ်လျောက် ဝါဆိုလတွင် ရှင်ဘုရင်နှင့် လွှတ်တော်မှ ဦးစီး၍ ပဉ္စင်းခံပွဲများကျင်းပကာ ထေရဝါဒဗုဒ္ဓသာသနာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဖွံ့ဖြိုးတိုးတက်အောင် အစဉ်တစိုက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလေသည်။ ၁၈၈၅-ခုနှစ် နောက်ပိုင်း ကုန်းဘောင်ခေတ် နေဝင်ချိန်မှစ၍ ဝါဆိုလ ပဉ္စင်းခံပွဲဓလေ့မှာ ကွယ်ပျောက်ခဲ့သည်ဟု ဆိုပါသည်။ ပဉ္စင်းခံပွဲ၊ ရဟန်းခံပွဲကို မိမိတို့ အားလပ်ချိန် အလျဉ်းသင့်သလိုသာ ဆောင်ရွက်ကြပြီး အများအားဖြင့် နွေရာသီအားလပ်ရက်များ၌ ရက်ကောင်း ရက်မြတ်ရွေး၍ ကျင်းပကြလေသည်။

♦ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲများ

   ဘုရားရှင်လက်ထက် သာသနာတော် တည်ထောင်စ အခါကာလ ရဟန်းတော်များအား သင်္ကန်းသုံးထည်သာ ဝတ်ရုံသုံးစွဲခွင့်ကို ဘုရားရှင်က ခွင့်ပြုထားပါသည်။ မိုးတွင်းကာလ ဝါဝင်ခါနီး မိုးရွာသဖြင့် ခရီးသွားရင်း မိုးမိလာသော ရဟန်းသံဃာများမှာ သင်္ကန်းလဲဝတ်စရာ အခက်အခဲ ရှိနေကြ၏။ ဝိသာခါကျောင်းအမကြီးက သိရှိပြီး ဘုရားရှင်ထံ လျှောက်ထားသဖြင့် ရဟန်းသံဃာတော်များအား မိုးရေခံသင်္ကန်း သုံးစွဲခွင့်ကို ဝိနည်းတော်နှင့်အညီ ရရှိခဲ့ကြပါသည်။

   မိုးရေခံသင်္ကန်းကနေ ဝါဆိုလ ရဟန်းတော်များ ဝါကပ်ဆိုခါနီး လှူဒါန်းသည့် သင်္ကန်းအမျိုးအစား ဖြစ်သဖြင့် မိုးရေခံသင်္ကန်းအစား ဝါဆိုသင်္ကန်းဟူ၍ အခေါ်အဝေါ်ပါ ပြောင်းလဲသွားခဲ့ပါသည်။ အလှူရေစက် လက်နှင့်မကွာလိုကြသော မြန်မာဗုဒ္ဓဘာသာများသည် ကျောင်းတိုက်တွင် ဝါကပ်ဆိုမည့် ရဟန်းသမဏေများအား ဝါဆိုသံဃာ ဦးရေထက်ကျော်လွန်အောင်ပင် ဝါဆိုသင်္ကန်းများ ကပ်လှူကြပါသည်။

   ဝါဆိုဦးတွင် တစ်ဦးချင်း ကျောင်းသို့သွားရောက် ကပ်လှူခြင်း၊ နေအိမ်သို့ သံဃာတော်များအား ပင့်ဖိတ်၍ အာရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်အတူ ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ ကိုးကွယ်ဆည်းကပ်သည့် ကျောင်းဝေယျာဝစ္စ အဖွဲ့မှကြီးမှူး၍ ကျောင်းတိုက်၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ရာ၌ ပါဝင်လှူဒါန်းခြင်း စသည့်ဖြင့် အမျိုးမျိုး အဖုံဖုံ လှူဒါန်းကြသည်။ နိုင်ငံတော်ကိုအုပ်ချုပ်သည့် အကြီးအကဲ အမှူးပြု၍ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲ ပြုလုပ်သကဲ့သို့ အစိုးရအဖွဲ့ ဌာနဆိုင်ရာ အသီးသီးနှင့် အသင်းအဖွဲ့ကိုယ်စားပြုလျက် မြို့ရွာအနှံ့ ကျင်းပပြုလုပ်လေ့ ရှိပါသည်။

♦ ရဟန်းသံဃာတော်များဝါဆိုပွဲ

   ဘုရားရှင်လက်ထက် ရဟန်းသံဃာများသည် ဆယ့်နှစ်ရာသီ ဒေသစာရီ (ခရီးလှည့်လည်ခြင်း) ကြွလေ့ရှိရာ မိုးတွင်းကာလ၌ သစ်ပင်ပန်းမန်များ၊ လူတို့စိုက်ပျိုးထားသော သီးပင်စားပင်စိုက်ခင်းများ ပျက်စီးကြသဖြင့် `တိရစ္ဆာန်ဖြစ်သည့် ငှက်များပင် မိုးတွင်းကာလ အသိုက်ဆောက်၍ နေကြသည်။ သာသနာပြင်ပ တိတ္တိများပင် မိုးကာလ၌ ခရီမထွက်ကြဘဲ နေကြသည်။ ရှင်ရဟန်းတို့ကမူ ဥတုသုံးလီ ဆယ့်နှစ်ရာသီ ခရီးလှည့်လည်နေကြသဖြင့် အပယ်ငယ်မျာဒ ပျက်စီးသည်။ သေးငယ်သည့် သတ္တဝါများ သေကြေကြရသည်` စသဖြင့် လူများက ကဲ့ရဲ့ကြသည်။ ထိုကဲ့ရဲ့သံကို ကြားသိလျှင် မြတ်စွာဘုရားရှင်က ရဟန်းသံဃာတော်များအား ဝါတွင်းသုံးလ ဝါဆို ဝါကပ် သီတင်းသုံးနေထိုင်ကြရန် ဝိနည်းသိက္ခာပုဒ် ပညတ်တော်မူခဲ့သည်။

   ဝါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် ဆရာတော် သံဃာတော်များသည် သာမန်နေ့ထက် စောစီးစွာ သံဃာများဝါဆိုမည့် ကျောင်းဆောင်တွင် သန့်ရှင်းရေးလုပ်ခြင်း၊ သောက်ရေ သုံးရေ တည်ထားခြင်း၊ မြတ်စွာဘုရားအား ဆီးမီးပူဇော်ခြင်းများ စသည်ပြုလုပ်ကာ သံဃာစုဝေး၍ ဘုရားရှိခိုး မေတ္တာပို့ခြင်းများ ပြုလုပ်ပြီးနောက် မထေရ်ကြီးက ဦးဆောင်၍ ဝါဆိုဝါကပ်တော်မူကြသည်။ ရဟန်းသံဃောတော်များသည် မိမိအလှည့်ရောက်သောအခါ ``ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ`` (ဤကျောင်းတိုက်၌ ဤသုံးလပတ်လုံး ဝါဆိုဝါကပ်ပါ၏) ဟု ရွတ်ဆို၍ ဝါဆိုဝါကပ်တော်မူကြသည်။ မထေရ်ကြီးက ဝါကပ်ဆိုသော ရဟန်းသမဏေများအား မိမိတို့သီတင်းသုံးရာကျောင်းတိုက်၏ ဝါဆိုခေတ် အပိုင်းအခြားကို ရှင်းပြ၍ သြဝါဒပေးတော်မူသည်။ ဝါဆိုခေတ်ဟူသည် ကျောင်းတိုက်၏ အရပ်လေးမျက်နှာ နယ်နိမိတ် အပိုင်းအခြားဖြစ်ပြီး သံဃာများ သိရှိအောင် ပြောကြားခြင်းဖြစ်သည်။ နံနက် အာရုဏ်မတက်မီ ဝါဆိုခေတ် ပြင်ပသို့ ထွက်ခွာခွင့် မရှိပေ။ ရဟန်းသံဃာတော်များ ဝါကပ်ဆိုပွဲသို့ ဒကာ ဒကာမများကလည်း လာရောက် ကြည်ညိုကြပြီး အပ်စပ်၍ ဘုဉ်းပေးသုံးဆောင်ကောင်းသော အဖျော်ယမကာနှင့် ညချင်းသုပ် စသည်တို့ကို ဆက်ကပ်လှူဒါန်းလေ့ ရှိကြသသည်။

♦ ဓမ္မစကြာအခါတော်နေ့ပွဲ

   မြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါး တရားသိမြင်တော်မူပြီးနောက် မဟာဗောဓိပင်အနီးတွင် သတ္တသတ္တာဟ သီတင်းသုံးစံနေတော်မူသည်။ ဝါဆိုလဆန်းတွင် ဘုရားရှင်သည် မိဂဒါဝုန်ဒေသသို့ တရားဦးဟောတော်မူရန် ကြွရောက်တော်မူသည်။ မိဂဒါဝုန်တော၌ ဘုရားရှင် ဒုက္ကရစရိယာ ကျင့်တော်မူစဉ်က ပါရမီဖြည့်ခဲ့ကြသည့် အရှင်ကောဏ္ဍည စသော ပဉ္စဝဂ္ဂီငါးဦးတို့ သီတင်းသုံးနေကြသည်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ဝါဆိုလပြည့် ညနေချမ်း အချိန်အခါသမယ အနောက်အရပ်သို့ နေအဝင် အရှေ့အရပ်မှလည်း လအထွက် ကြည်နူးဖွယ်ကာလတွင် တရားဦးဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား အမှူးထား၍ စကြာဝဠာ တိုက်တစ်သောင်းမှ တရားနာရောက်လာကြသော နတ်ဗြဟ္မာ အပေါင်းတို့အား ဟောကြားတော်မူသည်။

   ဓမ္မစကြာသုတ်တော်သည် ထေရဝါဒဗုဒ္ဓသာသနာတော်တွင် အရေးပါသည့်နှင့်အမျှ အဓိကကျသော သုတ်တော်ဖြစ်သည်။ ထေရဝါဒဗုဒ္ဓသာသနာတော်၏ မူဝါဒလမ်းစဉ်ကို ကြေညာသော သုတ်တော်ဖြစ်သည်။ ဘုရားဖြစ်တော်မူပြီးနောက် ရှေးဦးစွာ ဟောကြားတော်မူသော တရားတော် ဖြစ်ခြင်းကြောင့် ဓမ္မစကြာ တရားတော်ကို ``တရားဦးဓမ္မစကြာ`` ဟု ဗုဒ္ဓဘာသာများက အမြတ်တနိုး တန်ဖိုးထားခေါ်ဆိုကြသလို ဗုဒ္ဓဘာသာဝင်များသာမက သုတေသီတို့ကလည်း ဗုဒ္ဓ၏ အစစ်အမှန် တရားဖြစ်ကြောင်း လက်ခံယုံကြည်ကြသည်။

   ဓမ္မစကြာတရားတော်၌ ဗုဒ္ဓသာသနာတော်၏ အမြင့်ဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် အတ္တကိလမထာနုယောဂ (ခန္ဓာကိုယ်ကို ညှဉ်းဆဲနှိပ်စက်ပြီး တရားကျင့်သည့်နည်းလမ်း)၊ ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ်ခံစား၍ တရားကျင့်သည့်နည်းလမ်း)၊ မဇ္ဈိမပဋိပဋာ (ထို အစွန်းနှစ်ဖက်ကို ရှောင်ကြဉ်၍ အလယ်အလတ်လမ်းစဉ်ဖြင့် တရားကျင့်သည့်နည်းလမ်း) ဟူသော နည်းလမ်း သုံးသွယ်အနက်မှ မဇ္ဈိမပဋိပဋာ လမ်းစဉ်ကို ချပြတော်မူသည်။ ထို့နောက် ဗုဒ္ဓဝါဒ၏ အနှစ်သာရဖြစ်သည့် သစ္စာလေးပါးတရားကို အကျယ်တဝင့် ရှင်းလင်း ဟောကြားတော်မူသည်။ သို့ဖြစ်၍ ဓမ္မစကြာတရားတော်သည် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘုရားရှင်မှတစ်ပါး မည်သည့်ပုဂ္ဂိုလ် တစ်စုံတစ်ယောက်ကမျှ ဟောကြားခဲ့ဖူးခြင်းမရှိသော တရားဖြစ်သောကြောင့် ဓမ္မစကြာသုတ်ကို ဗုဒ္ဓဝါဒလမ်းစဉ်အဖြစ် ကြေညာနိုင်ခြင်း ဖြစ်သည်။

   ထိုသို့ ဗုဒ္ဓသာသနာတော်၌ လွန်ကဲထူးမြတ်လှသည့် တရားဒေသနာတော် ဖြစ်ခြင်းကြောင့် ဓမ္မစကြာတရား ဟောတော်မူသည့် ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့အဖြစ် ရှေးရှေးသော ပညာရှိ သူတော်ကောင်းများက သတ်မှတ်၍ မြန်မာနိုင်ငံအနှံအပြား၌ ဓမ္မစကြာအခါတော်နေ့ပွဲများ ဝါဆိုလပြည့်နေ့တွင် ကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။ ဥပုသ်သီလ စောင့်ထိန်း၍ ဓမ္မစက္ကပဝတ္တနသုတ်တော်ကို ရွတ်ဖတ်ခြင်း၊ ဓမ္မစကြာ တရားအလင်္ကာများ ရွတ်ဖတ်ခြင်း၊ ဟောပြောခြင်းများကို ပြုလုပ်ဆောင်ရွက်ကြပါသည်။

♦ အနတ္တလက္ခဏသုတ်အခါတော်နေ့

   အနတ္တလက္ခဏသုတ်တရားတော်ကို မြတ်စွာဘုရားရှင်သည် ဝါဆိုလပြည့်ကျော် (၅) ရက်နေ့တွင် ပဉ္စဝဂ္ဂီငါးဦးတို့အား ဟောကြားတော်မူသည်။ ထိုအချိန် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်တွင် ဤလောက၌ မြတ်စွာဘုရား အပါအဝင် အရိယာနွယ်ဝင်ပုဂ္ဂိုလ် (၆)ဦး ရှိပြီဖြစ်ပါသည်။ စင်စစ် အနတ္တလက္ခဏသုတ်တော်သည် ဓမ္မစကြာသုတ်တော်၏ နောက်ဆက်တွဲ ဖြစ်သည်။ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ပဉ္စဝဂ္ဂီ (၅) ဦးအနက်မှ အရှင်ကောဏ္ဍညမထေရ်သည် သောတပန် အရိယာပုဂ္ဂိုလ် ဖြစ်သွားသည်။ ဓမ္မစကြာသုတ်တွင် မဇ္ဈိမပဋိပဋာလမ်းစဉ်ဖြင့် သစ္စာသိမြင် နိဗ္ဗာန်ဝင်နိုင်ရန်အတွက် သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ဟောကြားတော်မူသည်။ ရုပ်နာမ်တို့၏ သဘာဝအပေါ် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာယာဉ်သုံးပါးတင်၍ ဆင်ခြင်သုံးသပ်နိုင်ရန်အတွက် အနတ္တလက္ခဏသုတ်တော်ကို ဆက်လက် ဟောကြားတော်မူခြင်းဖြစ်သည်။ အနတ္တလက္ခဏသုတ်ကို ကြားနာရပြီးမှ ပဉ္စဝဂ္ဂီငါးဦးလုံး ရဟန္တာ ဖြစ်ကြလေသည်။

   ထိုသို့ ဝါဆိုလပြည့်ကျော် (၅) ရက်နေ့တွင် အနတ္တလက္ခဏသုတ်ကို ဟောကြားတော်မူခဲ့သဖြင့် ထိုနေ့ကိုယူလျက် ဘုရားကျောင်းကန် စေတီပုထိုးများ၌ အနတ္တလက္ခဏသုတ်တော်နေ့ အခမ်းအနား ကျင်းပသည့် အစဉ်အလာ ထွန်းကားခဲ့ခြင်း ဖြစ်ပါသည်။

♦ ဝါဆိုလ မြန်မာစကားပုံ

- ဝါဆိုလပြောင်း မိကျောင်းဖွေးဖွေး
  မိုးအေးအေး။
- ဝါဆိုဝါခေါင် ရေဖောင်ဖောင်။
- သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချို
  လဝါဆို။
- သန္ဓေတောထွက် ဓမ္မစက် တစ်ချက်
  ပြာဋိဟာ။
- နေ့ဝါဆို ညပြာသို။
- ဝါဆိုလူ့အောက် အရိပ်ပျောက်။

---------------------------------
ဆရာတင်အောင်ထွန်း (သုတေသန)
(မြန်မာ့ရိုးရာ ဆယ်နှစ်လရာသီပွဲတော်များ မှ)

bwar99.blogspot.com

No comments:

Post a Comment