အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, July 19, 2017

ဇူလိုင် ၁၉၊ အာဇာနည်နေ

ဇူလိုင် ၁၉၊ အာဇာနည်နေ့ 
******************************

♦ မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၉ ရက်သည် အာဇာနည်နေ့ ဖြစ်သည်၊ အထူးသဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်သည် မြန်မာသမိုင်းတွင် ကံဆိုးမိုးမှောင်ကျခဲ့သော နေ့တစ်နေ့ဖြစ်သည်၊ ထိုနေ့တွင် မြန်မာ့လွတ်လပ်ရေးအတွက် အထိရောက်ဆုံးလုပ်ငန်းများကို ဆောင်ရွက်ခဲ့၍ မြန်မာတစ်မျိုးသားလုံး၏ ယုံကြည်ကိုးစားအားထားခံရသူ အာဇာနည် ခေါင်းဆောင်ကြီးများဖြစ်ကြသော
 ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးတို့သည် တိုင်းပြည်၏တာဝန်ကို ထမ်းဆောင်လျက်ရှိနေစဉ် နယ်ချဲ့သမားတို့၏ ပယောဂကြောင့် ဖြစ်ပေါ်လာရသော လူသတ်ဝါဒ၏ ချေမှုန်းခြင်းကို ခံရလေသည်၊ ထိုအာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့်အတူ တိုင်းပြည်၏တာဝန်ဝတ္တရားနှင့် အမှုကိစ္စတို့ကို သစ္စာရှိစွာ ထမ်းဆောင်နေသော အတွင်းဝန် ဦးအုန်းမောင်နှင့် ကိုယ်ရံတော် မောင်ထွေးတို့လည်း ကျဆုံးခဲ့ရလေသည်။

♦ မြန်မာတို့သည် ကျွန်ဘဝရောက်ခဲ့ကြရသည့် အချိန်မှစ၍ လွတ်လပ်သောအချိန်ထိ မြန်မာနိုင်ငံရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ကို အချစ်ဆုံးနှင့် တိုင်းပြည်က ချစ်ကြည်လေးစားမှုကို အခံရဆုံး ခေါင်းဆောင်ကြီးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၁၄၊ စာမျက်နှာ ၃၃၇)၊ ခေါင်းဆောင်ကြီးများ၏ အောင်မြင်မှုကို မနာလို ဝန်တိုဖြစ်လျှက်ရှိကြသော နိုင်ငံရေးလူ့မသမာတစ်စုသည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် လူသတ်သမားများကို စေလွှတ်၍ လုပ်ကြံစေခဲ့သည်၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများ ကျဆုံးခဲ့သည်မှာ ယခု ၂၀၁၅ ခု၊ ဇူလိုင်လ ၁၉ ရက်ဆိုလျှက် နှစ်ပေါင်း ခြောက်ဆယ်ရှစ်နှစ်တင်းတင်းပြည့်၍ ခြောက်ဆယ်ရှစ်နှစ်မြောက် အာဇာနည်နေ့ဟု ဆိုရတော့မည်။

♦ အာဇာနည်ဟူသည် အာဇာနီယ၊ အာဇာနေယျဟူသော ပါဠိက ဆင်းသက်လာခြင်းဖြစ်လေသည်၊ အာဇာနည်ပုဒ်ကို မြန်မာအဘိဓာန်က အကြောင်းဟုတ်သည်၊ မဟုတ်သည်ကို ကောင်းစွာ သိသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူဟု ဖွင့်ဆိုထားသည်။

♦ ဦးဟုတ်စိန် ပါဠိမြန်မာအဘိဓာန်က ခြင်္သေ့အာဇာနည်၊ ဆင်အာဇာနည်၊ မြင်းအာဇာနည်၊ နွားလားဥသဘအာဇာနည်၊ ယောက်ျားအာဇာနည်၊ ရဟန္တာပုဂ္ဂိုလ်ဟု အာဇာနည်ခြေက်မျိုးရှိကြောင်း သရုပ် ထုတ်ပြသည်၊ အဖွင့်အားလုံးကတော့ ဘုရားဟောစာပေကို အခြေခံထားကြတာကို တွေ့ရသည်။

♦ အာဇာနည်ပုဂ္ဂိုလ်ဟူသည် အကြောင်း ဟုတ်၊ မဟုတ်၊ အကောင်းအဆိုး၊ အမှားအမှန်ကို မှန်မှန်ကန်ကန် ခွဲခြားသိနုင်စွမ်းသော ပုဂ္ဂိုလ်ဖြစ်သည်၊ အာဇာနည်ပုဂ္ဂိုလ်ဟူသည် သာမန်ပုဂ္ဂိုလ်တို့ထက် လက်ရုံးရည်လည်း သာလွန်ရမည်၊ နှလုံးရည်လည်း သာလွန်ရမည်၊ အများအတွက်ဆိုလျှင် ကိုယ့်အသက်ပင် စွန့်ဝံ့သူ၊ စွန့်ရဲသူ ဖြစ်ရမည်။

♦ တစ်နေ့မှာ အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီး၏ စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာသည် ``ဆင်အာဇာနည်ဆိုတာ ဆဒ္ဒန္တဆင်မျိုး၊ သို့မဟုတ် ဥပေါသထဆင်မျိုးမှာ မွေးဖွားသည်၊ မြင်းအာဇာနည်ဆိုတာ သိန္ဓောမြင်းမျိုး၊ သို့မဟုတ် ဝလဟကမြင်းမျိုးမှာ မွေးဖွားသည်၊ နွားအာဇာနည်ဆိုတာ ဒဏ္ခိပထတိုင်းမှာ မွေးဖွားသည်ဟု ဘုရားမိန့်ဖူးသည်၊ ယောက်ျားအာဇာနည်ကတော့ ဘယ်အရပ်မှာများ မွေးဖွားပါလေသနည်း´´ ဟု စိတ်ထဲမှာတွေးမိသည်၊ ကိုယ်တိုင်အဖြေမှန် မထုတ်နိုင်သဖြင့် ဘုရားထံသို့ သွားရောက်မေးမြန်း လျှောက်ထားလေသည်။

♦ ထိုအခါ ဘုရားရှင်က ``အာနန္ဒာ ... ယောက်ျားအာဇာနည်ဆိုတာ နေရာတိုင်းမှာ မွေးဖွားသည် မဟုတ်၊ အဖြောင့်ယူဇနာ ၃၀၀၊ အကျယ်ယူဇနာ ၂၅၀၊ အဝန်းယူဇနာ ၉၀၀ ရှိသော မဇ္ဈိမဒေသမှာပဲ မွေးဖွားသည်၊ ယောက်ျားအာဇာနည်တစ်ယောက် ပေါ်ပေါက်လာလျှင်လည်း ထိုနေရာသည် ချမ်းသာဖို့ရာ သေချာသွားပြီ´´ ဟု မိန့်တော်မူသည်၊ ဘုရားဆိုလိုသော အာဇာနည်က သမ္မာသမ္ဗုဒ္ဓအာဇာနည်ကို ဆိုလိုသည်၊ ထို့အတူပင် လူ့လောကက သမုတ်သော အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ပေါက်လာလျှင်လည်း နီးစပ်ရာ လူသားအားလုံးချမ်းသာနိုင်သည်။

♦ ပါဠိတော်မှာတော့ ဘုရားရှင်က မြင်းအာဇာနည်ကို ဥပမာပေး ဟောကြားသည်က များ၏၊ ဘုရားက ``မြင်းအာဇာနည်ဆိုတာ အဆင်းလှရမည်၊ ခွန်အားကောင်းရမည်၊ အရှိန်အဟုန်ကောင်းရမည်၊ အရပ်အမောင်းကောင်းရမည်၊ ထို့အတူပဲ ယောက်ျားအာဇာနည်ဆိုတာ ဥပဓိကောင်းရမည်၊ ခွန်အားဗလကောင်းရမည်၊ လျှင်မြန်သွက်လက်ရမည်၊ အရပ်အမောင်းကောင်းရမည်´´ ဟု မိန့်တော်မူသည်။

♦ ဥပဓိကောင်းရမည်ဆိုတာ ကိုယ်ကျင့်သီလကောင်းရမည်ဟု ဆိုလို၏၊ ခွန်အားဗလကောင်းရမည်ဆိုတာ ဝီရိယကောင်းရမည်ဟု ဆိုလို၏၊ အရှိန်အဟုန်ကောင်းရမည်ဆိုတာ ဉာဏ်ပညာနှင့် ပြည့်စုံပြီး ထက်ထက်မြက်မြက် သွက်သွက်လက်လက် ရှိရမည်ဟု ဆိုလို၏၊ အရပ်အမောင်းကောင်းရမည်ဆိုတာစားဝတ်နေရေး ကျန်းမာရေးအတွက် စားစရာ၊ ဝတ်စရာ၊ နေစရာ၊ ဆေးဝါး၊ ဓာတ်စာပြည့်စုံရမည်ဟု ဆိုလို၏၊ ဘုရားရှင်ဆိုလိုသော အာဇာနည်ကတော့ ရဟန္တာအရှင်မြတ်အာဇာနည်ကို ဆိုလို၏။

♦ အာဇာနိယပါဠိပုဒ်ကို ပါဠိသဒ္ဒါဆရာများက ``အာ ဘုသော ကာရဏာကာရဏံ ဇာနာတီတိ အာဇာနီယော´´ ဟု ဝိဂြိုဟ်ပြုကြ၏၊ အဓိပ္ပါယ်က အကြောင်းဟုတ်သည်၊ မဟုတ်သည်၊ အမှားအမှန်ကို ပြင်းပြင်းထန်ထန် သိသူဟု ဆိုလို၏၊ အာကို ဘုသောဟုဖွင့်၏၊ ဘုသော၏အနက်က ပြင်းပြင်းထန်ထန်ဟု ဖြစ်၏၊ သာမန်သိခြင်းမျိုးမဟုတ်၊ ပြင်းပြင်းထန်ထန် သိခြင်းမျိုးဖြစ်၏၊ ပြင်းပြင်းထန်ထန်သိခြင်းဟူသည် နက်နက်ရှိုင်းရှိုင်း၊ ထိုးထိုးထွင်းထွင်း၊ စူးစူးရှရှ အင်ပြည့်အားပြည့်သိခြင်းပင် ဖြစ်၏။

♦ အာဇာနည်ပုဂ္ဂိုလ်တို့၏ အသိပညာ၊ အသိဉာဏ်သည် ပြင်းထန်၏၊ တစ်နာရီလျှင် မိုင် ၁၅၀ နှုန်းခန့် အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုက်ခတ်သွားသော နာဂစ်မုန်းတိုင်းကဲ့သို့ အာဇာနည်တို့၏ အသိတရားအရှိန်အဟုန်ကလည်း ပြင်းထန်လှ၏၊ နာဂစ်မုန်တိုင်းသည် လမ်းမှာတွေ့သမျှ သစ်ပင်အဆောက်အအုံကအစ သက်ရှိသက်မဲ့အရာဝတ္တုအားလုံးကို ပြိုလဲစေသကဲ့သို့ အာဇာနည်တို့၏ အသိဉာဏ်ကလည်း ရှေ့မှာတွေ့သမျှ မတော်မတရားမှု၊ တရားမမျှတမှု၊ အတ္တကြီးမှု၊ တစ်ကိုယ်ကောင်းဆန်မှု စသည့် အမြင်မတော်တာအားလုံးကို ပြိုလဲစေသည်၊ ထို့ကြောင့် အာဇာနည်ဆိုတာ အကြောင်း ဟုတ်၊ မဟုတ်၊ အမှားအမှန်ကို ပြင်းပြင်းထန်ထန် သိသူဖြစ်၏၊ သူများတကာထက် ပိုပြီးသိ၏၊ သူများတကာထက် ပိုသိသဖြင့် ကောင်းမြတ်မှန်ကန်သောအလုပ်ကို သူများတကာထက် ပို၍လုပ်၏။

♦ ဘုရားရှင်က ပညာသတ္ထ- ပညာဓား၊ ပညာဝုဓ- ပညာလက်နက် ဟု ပညာကို ဓားတို့၊ လက်နက်တို့နှင့် တင်စားထား၏၊ ဓားဆိုတာ လှီးဖို့၊ ဖြတ်ဖို့၊ သတ်ဖို့ဖြစ်၏၊ လက်နက်ဆိုတာလည်း ရိုက်ဖို့၊ သတ်ဖို့ပင်ဖြစ်၏၊ ပညာတည်းဟူသော အသိဉာဏ်ဓားလက်နက်တို့ဖြင့် ငါ ငါ့ဟာ ငါ့ဥစ္စာ၊ ငါ့နီးစပ်ရာ၊ ငါ့အသိုင်းအဝိုင်းဟု ခံယူထားသော အတ္တကို လှီးရမည်၊ ဖြတ်ရမည်၊ သတ်ရမည်၊ နှိမ်နင်းရမည်၊ အတ္တကို လှီးနိုင်၊ ဖြတ်နိုင်၊ သတ်နိုင်၊ ခွာနိုင်၊ နှိမ်နင်းနိုင်လေ ပရအတွက်၊ ပရကောင်းကျိုးကို ပိုပြီးပြုနိုင်လေ၊ ကြိုးစားဆောင်ရွက်နိုင်လေဖြစ်၏။ အမှန်ကလည်း အာဇာနည်ဆိုတာ ကိုယ်ကျိုးမငဲ့ကွက် ပရဟိတအများကောင်းကျိုးကို သူမတူစွာ ထူးထူးကဲကဲ ဆောင်ရွက်သူများကို ခေါ်ဆိုခြင်းဖြစ်၏။

♦ ပညာပါရမီပါလာသဖြင့် အသိဉာဏ်ပညာကြီးမားသော ဉာဏ်ကြီးရှင် အာဇာနည်ပုဂ္ဂိုလ်တို့သည် ပြင်းပြင်းထန်ထန်သိသဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားကြ၏၊ ပြင်းပြင်းထန်ထန် အလုပ်လုပ်ကြ၏၊ ထိုသို့ ပြင်းပြင်းထန်ထန် ကြိုးစားအလုပ်လုပ်ကြသဖြင့် ပြင်းပြင်းထန်ထန် အောင်မြင်ကျော်ကြားပြီး အများ၏ အကြည်ညိုခံ၊ အကိုးကွယ်ခံ၊ အမြတ်နိုးခံ၊ အလေးစားခံ ထူးမြတ်သောပုဂ္ဂိုလ်ကြီးတွေအဖြစ် မော်ကွန်းတင်ကျန်ရစ်ကြကုန်၏။

♦ သာသနာရေးဘက်ကကြည့်လျှင် ကျေးဇူးတော်ရှင် အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်ဘုရား၊ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးတို့သည် အများတကာထက် ထူးကဲသော ပညာပါရမီရှင်၊ ဉာဏ်ကြီးရှင်များဖြစ်သဖြင့် ဆိုင်ရာသာသနာအလုပ်တွေကို ပြင်းပြင်းထန်ထန် လုပ်သွားတော်မူကြသော ပုဂ္ဂိုလ်ကြီးများဖြစ်၏၊ ထို့ကြောင့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်ကြီးတွေအဖြစ် မော်ကွန်းတင်ရစ်၏၊ အာဇာနည်ဟူသည် လူမြင်ကောင်းရုံ၊ လူကြားကောင်းရုံ ကိုယ်ကျိုးတစ်ခုခုအတွက် (ထင်ပေါ်ကျော်ကြားမှု အလေးဂရုပြု၍) အလုပ်လုပ်သောပုဂ္ဂိုလ်တို့နှင့် မတန်မရာသော ဝေါဟာရဖြစ်သည်။

♦ ဘုရားဟောပါဠိတော်ကို ပြန်ကောက်လျှင် အာဇာနည်ပုဂ္ဂိုလ်ဆိုတာ ကိုယ်ကျင့်သီလပြည့်စုံရမည်၊ ကိုယ်ကျင့်တရားကောင်းရမည်၊ စာရိတ္တမဏ္ဍိုင် ကျောက်စာတိုင်ကဲ့သို့ မြဲခိုင်ရမည်၊ တရားမျှတရမည်၊ ဘက်လိုက်မှုကင်းရမည်၊ အဂတိတရား ကင်းရှင်းရမည်၊ လောဘဒေါသ မောဟစသည့် အစွန်းများ မထွက်စေရ၊ အနစ်နာခံနိုင်ရမည်၊ ကိုယ်ကျိုးစွန့်နိုင်ရမည်၊ အတ္တကို နှိမ်နင်းနိုင်ရမည်၊ ပရကို ဦးစားပေးနိုင်ရမည်၊ အာဇာနည်တို့၏ အဓိကအချက်သည် အနစ်နာခံနိုင်ခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ ပရကို ဦးစားပေးခြင်းဖြစ်၏၊ ဒါက ပထမအချက်ဖြစ်သည်။

♦ ဒုတိယအချက်က ဝီရိယကောင်းရမည်၊ ဦးတည်ချက်ပန်းတိုင်ထားရှိပြီး ထိုပန်းတိုင်ကို မရောက်မချင်း၊ မဖြစ်မချင်း၊ မရမနေ ပြင်းပြင်းထန်ထန် ကြိုးစားဆောင်ရွက်ရမည်၊ တတိယအချက်က အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတ ပြည့်စုံရမည်၊ တတ်ရမည်၊ သိရမည်၊ ဗဟုသုတ ကြွယ်ရမည်၊ အမြင်ကျယ်ရမည်၊ စာပေဗဟုသုတ လိုက်စားရမည်၊ စာဖတ်အားကောင်းရမည်၊ ပညာဟူသည် အမှန်တရားကိုသိ၍ အမှန်တရားကို မြတ်နိုးသည်၊ အမှန်တရားကို တန်ဖိုးထားသည်၊ အမှားနှင့်အမှန်ဟူသည် ကြားနေဝါဒမရှိ၊ ကြားနေ၍မရ၊ တစ်ဖက်သက်သာ နင်းရမည်၊ အာဇာနည်ဟူသည် အမှန်တရားဘက်၌သာ ခြေစုံရပ်ထားသည်၊ မည်သည့်အရာနှင့် မြှူဆွယ်သည်ဖြစ်စေ၊ ဘယ်သောအခါမှ အမှားကို လက်မခံ။

♦ ထို့ကြောင့် မိမိလုပ်ရပ်တိုင်းသည် အမှန်တရားနှင့် ညီညွတ်ရမည်၊ အမှန်တရားဘောင်အတွင်းမှာပဲ ရှိရမည်၊ မိမိအမြတ်နိုးဆုံးအရာသည် အမှန်တရားသာ ဖြစ်ရမည်။ မိမိသိုမှီးစုဆောင်းနေသောအရာသည် အမှန်တရားသာ ဖြစ်ရမည်၊ အမှန်တရားအတွက်ဆိုလျှင် အသက်စတေးနိုင်သူ ဖြစ်ရမည်၊ ဒါမှ အာဇာနည်မည်သည်။

စတုတ္တအချက်က ကိုယ့်အတွက်ရော၊ ကိုယ်နှင့်သက်ဆိုင်သူတွေအတွက်ပါ စာဝတ်နေရေး ကျန်းမာရေးအတွက် ဖူလုံအောင်၊ ပြည့်စုံအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရမည်၊ ဘုရားဟောစာပေအရဆိုလျှင် အာဇာနည်ဟူသည် ဆိုခဲ့သည့်အချက်ကြီးလေးချက် ပြည့်စုံဖို့လိုသည်။ ။

အရှင်သံဝရာလင်္ကာရ
(ဓမ္မပိယဆရာတော်)

[ဗုဒ္ဓဘာသာမြန်မာဓလေ့ ဆယ့်နှစ်လရာသီပွဲတော်များ စာအုပ်မှ]

bwar99.blogspot.com


No comments:

Post a Comment