အစွဲပိုတော့ အရဲလို၊ အစွဲကင်းမှ အရဲတင်း
-----------------------------------------------------------
♦ တစ်ခါတုန်းက ရွာတစ်ရွာမှာ `ကိုသတ္တိ` ဆိုတဲ့ လူတစ်ယောက်ရှိတယ်။
♦ နာမည်နဲ့လိုက်အောင် သတ္တိရှိလွန်းလို့ သူ့ကို
တစ်ရွာလုံးက ကြောက်ကြတယ်။ မဟုတ်မခံ ရဲရင့်သူမို့ သူ့ကို ဘယ်သူကမှ ရန်မစဝံ့ကြဘူး။
♦ သတ္တိရှိတယ်၊ ရဲရင့်တယ်ဆိုပေမယ့် မတော်မတရား စော်ကားတာမျိုး၊
သူတစ်ဖက်သားကို အတင်းအဓမ္မ အနိုင်ကျင့်တာမျိုးကိုတော့ ကိုသတ္တိ ဘယ်တော့မှ မလုပ်ဘူး။ အဲဒီလို
အပြုအမူမျိုးကို `သတ္တိရှိတာ မဟုတ်ဘူး၊ သူရဲဘောကြောင်တာ` လို့လည်း ကိုသတ္တိ ခံယူထားတယ်။
♦ တရားနည်းလမ်းနဲ့အညီ ကိုယ့်အကျိုး၊ သ့အကျိုး ဖြစ်ထွန်းမဲ့ကိစ္စတွေမှာတော့
နာမည်နဲ့လိုက်အောင် သတ္တိရှိတယ်၊ ရဲရင့်တယ်။
♦ စီးပွားရေးလုပ်တဲ့နေရာမှာလည်း သူများထက် ပိုပြီး
သတ္တိရှိတယ်။ ကိုသတ္တိရဲ့ စီးပွားရေးလုပ်ငန်းကတော့ အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းပါပဲ။
သူတကာ မစိုက်ပျိုးရဲတဲ့ မြေလွတ်မြေကြပ်တွေ၊ ဖုန်းဆိုးမြေတွေကို ကိုသတ္တိက မရရအောင် ခုတ်ထွင်ရှင်းလင်းပြီး
သီးနှံမဖြစ်ဖြစ်အောင် စိုက်ပျိုးတယ်။ ဉာဏ်နဲ့ယှဉ်တဲ့ ရဲရင့်မှု ဝီရိယကြောင့် ကိုသတ္တိ
ချဲ့ထွင်စိုက်ပျိုးသမျှ မြေတွေက သီးနှံဖြစ်ထွန်းအောင်မြင်တယ်။
♦ သူများထက် အလုပ်ရဲရင့်တဲ့ ကိုသတ္တိအတွက် မြေကြီးက
ရွှေသီးခဲ့တယ်။ ကိုသတ္တိတို့ရွာမှာတော့ ကိုသတ္တိဟာ ရွာမျက်နှာဖုံး လူချမ်းသာတစ်ယောက်ပေါ့။
♦ ကိုသတ္တိရဲ့ ... နေ့စဉ်ပြုနေကျ ဝတ္တရားတစ်ခုရှိတယ်။
အဲဒါကတော့ ရွာဦးကျောင်း ရှေးဟောင်းရုပ်ပွားတော်ကြီးတစ်ဆူ ကိန်းဝပ်ရာ တန်ဆောင်းကြီးထဲမှာ
နေ့စဉ် ဘုရားသွားဝတ်ပြုခြင်းပဲ။
♦ ကိုသတ္တိက ဘုရားစာကို အသံကျယ်ကျယ်အော်ပြီး ရွတ်ဆိုရှိခိုးလေ့ရှိတယ်။
ဘုရားရှိခိုးမျိုးစုံ၊ ဂါထာမျိုးစုံနဲ့ ဘုရားရှိခိုးပြီးတိုင်းလည်း `နိဗ္ဗာန် အမြန်ဆုံး
ရောက်ရပါလို့၏` လို့ အော်ဆုတောင်းလေ့ရှိတယ်။
♦ `နိဗ္ဗာန်အမြန်ဆုံးရောက်ရပါလို၏` လို့ အသံကျယ်ကြီးနဲ့
ဆုတောင်းနေတာကို ကိုသတ္တိရဲ့ သူငယ်ချင်း ကိုဗျတ္တိက အမြဲကြားနေရတော့ တစ်နေ့မှာ ကိုသတ္တိကို
အခုလို မေးတယ်။
♦ `ကိုသတ္တိ၊ ခင်ဗျား နိဗ္ဗာန်အမြန်ဆုံးရောက်ရပါလို၏
လို့ နေတိုင်း ဆုတောင်းတယ်နော်`
`ဟုတ်တာပေါ့
ကိုဗျတ္တိရယ်`
`ခင်ဗျားက
နိဗ္ဗာန်ကို တကယ်ပဲ ရောက်ချင်တာလား`
`ဘယ့်နှယ့်ပြောပါလိမ့်
ကိုဗျတ္တိရာ၊ တကယ်ပဲ ရောက်ချင်တာပေါ့၊ ခုရောက်ခွင့်ရမယ်ဆိုရင် ခုပဲ ရောက်ချင်တယ်ဗျာ၊
နိဗ္ဗာန်အမြန်ဆုံးရောက်ချင်လွန်းလို့လည်း နေပူမရှောင်၊ မိုးရွာမရှောင် ရွာဦးကျောင်းဘုရားထဲသွားပြီး
အမြှုပ်ထွက်အောင်၊ အညောင်းခံ ဘုရားရှိခိုးနေတာပေါ့`
`သြော်
.. သြော် ... ကောင်းပါပေ့ ကိုသတ္တိရယ်`
♦ အဲဒီလိုမေးမြန်းပြီး ကိုသတ္တိ မေ့လောက်တဲ့တစ်နေ့မှာ
ကိုဗျတ္တိဟာ ကိုသတ္တိ နိဗ္ဗာန်ကို တကယ်လိုချင်မှု ရှိမရှိ စမ်းသပ်ကြည့်ချင်တာနဲ့ ဇာတ်အဖွဲ့တစ်ခုက
ဇာတ်ဝင်ခန်းသုံး နတ်ဝတ်တန်ဆာတွေကို ငှားဝတ်ပြီး မိတ်ကပ်လိမ်း၊ ရုပ်ဖျက်လို့ ကိုသတ္တိ
ဘုရားရှိခိုးတဲ့ ရုပ်ပွားတော်ကြီး နောက်နားမှာ ဝင်ပုန်းနေလိုက်တယ်။
♦ ထုံးစံအတိုင်း ကိုသတ္တိ ဘုရားလာရှိခိုးပြီးတာနဲ့
နိဗ္ဗာန်အမြန်ဆုံးရောက်ဖို့ ဆုတောင်းပြီး ကုန်းဝပ်ချလိုက်တယ်။
♦ ကိုသတ္တိ ကုန်းဦးချနေချိန်မှာ နတ်ယောင်ဆောင်ထားတဲ့
ကိုဗျတ္တိက ဘုရားနောက်ကွယ်က ထွက်လာတယ်။ ကုန်းဦးချနေခိုက်မို့ ကိုသတ္တိ မမြင်လိုက်ဘူး။
တကယ့်နတ်လို့ပဲ ထင်သွားတယ်။
♦ `အမောင်လူသား ...၊ နိဗ္ဗာန်ကို အမြန်ဆုံး ရောက်ချင်တယ်
လို့ အသင်ဆုတောင်းသံ ကြားလိုက်တယ်၊ တကယ်ပဲ ရောက်ချင်တာလား`
`မှန်လှပါ
အရှင်နတ်မင်း၊ တကယ်ပဲ ရောက်ချင်တာပါ`
`ဒါဆို အခုချက်ချင်း
ကျွန်ုပ်နဲ့ လိုက်ခဲ့၊ အသင့်ကို နိဗ္ဗာန်အရောက်ပို့ပေးဖို့ ဘိုးတော်သိကြားမင်းက အမိန့်တော်
ချမှတ်လိုက်တယ်၊ အသင့်ကို နိဗ္ဗာန် အမြန်ဆုံးရောက်အောင် ကျွန်ုပ် ခုချက်ချင်း ပို့ပေးမယ်`
♦ နိဗ္ဗာန်ကို အခုချက်ချင်း ခေါ်သွားမယ်လည်းဆိုရော၊
ကိုသတ္တိ တွေဝေသွားတယ်။ အိမ်မှာကျန်ရစ်ခဲ့တဲ့ မယားနဲ့ သားကိုလည်း ပြေးသတိရမိတယ်။ သားမယားနဲ့
ခွဲရမှာ၊ ပစ္စည်းဥစ္စာတွေ ချန်ထားရစ်ခဲ့ရမှာကို တွေးပြီးလည်း ဝမ်းနည်းလာတယ်။ နတ်မင်းကြီးရှေ့ကနေ
အိမ်ကို ထွက်ပြေးချင်တဲ့စိတ်တွေလည်း တဖွားဖွားပေါ်လာတယ်။ ဘာမပြော ညာမပြောနဲ့ နိဗ္ဗာန်ကို
အတင်းဆွဲခေါ်သွားမှာလည်း ကြောက်လာတယ်။ ချွေးသီးချွေးပေါက်ကြီးတွေလည်း တဖြိုင်ဖြိုင်ကျပြီး
တစ်ကိုယ်လုံး တုန်ယင်လာတယ်။
♦ `အရှင်နတ်မင်း၊ နိဗ္ဗာန်ကို အခုချက်ချင်းခေါ်သွားမယ်ဆိုရင်
ကျွန်ုပ်ရဲ့မိန်းမကိုတော့ တိုင်ပင်ပါရစေဦး၊ မိန်းမ ခွင့်ပြုမှ နိဗ္ဗာန်ကို လိုက်ပါရစေ`
`အို ...
အသင်လူသားကလဲ၊ အသင်ပဲ နိဗ္ဗာန်ကို အမြန်ဆုံး ရောက်ချင်တယ်ဆို၊ ဘာလို့ မိန်းမကို တိုင်ပင်နေရဦးမှာလဲ၊
တိုင်ပင်လို့ ခွင့်မပြုရင် အသင်ပဲ နိဗ္ဗာန် မရောက်ရုံ ရှိတော့မပေါ့၊ ကျွန်ုပ်ကတော့ ဘိုးတော်သိကြား
အမိန့်အတိုင်း အသင့်ကို နိဗ္ဗာန်မရောက်ရောက်အောင် ပို့ပေးရမှာပဲ။ မိန်းမနဲ့ တိုင်ပင်ခွင့်မပြုနိုင်ဘူး`
`ဒါဆိုလည်း
အရှင်နတ်မင်းရယ်၊ ကျွန်ုပ်ကို သနားသောအားဖြင့် တစ်ခုတော့ ခွင့်ပြုပါ။ အိမ်မှာကျန်ရစ်ခဲ့တဲ့
မိန်းမနဲ့သားလေးကို ခဏလောက်တော့ သွားပြီး နှုတ်ဆက်ခွင့်ပြုပါ။ မိန်းမနဲ့ သားလေးကို နှုတ်ဆက်ပြီးရင်
ချက်ချင်း ပြန်လာခဲ့ပါ့မယ်`
`ဒါဖြင့်လည်း
ကောင်းပြီလေ၊ သင့်ကတိအတိုင်း မိန်းမနဲ့ သားကို နှုတ်ဆက်ပြီးရင်တော့ ချက်ချင်းပြန်လာခဲ့နော်၊
ကျွန်ုပ် ဒီနေရာကနေ စောင့်နေမယ်`
♦ နတ်မင်းယောင်ဆောင်ထားတဲ့ ကိုဗျတ္တိက ပြန်ခွင့်ပြုလိုက်တာနဲ့
တစ်ပြိုင်နက် ကိုသတ္တိလည်း ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ခြေကုန်သုတ် ပြေးထွက်လာခဲ့တယ်။
♦ အိမ်ရောက်တော့ မိန်းမကို အကြောင်းစုံပြောပြတယ်။
ကိုသတ္တိရဲ့မိန်းမကလည်း အားရဝမ်းသာနဲ့ ..
`ဟယ် ...
ကိုသတ္တိ ...၊ ရှင် ကံကောင်းလိုက်တာတော်၊ ရှင်ကတော့ တကယ့် မဟာကံထူးရှင်ပဲ၊ ဒီလို အခွင့်အရေးမျိုး
ဘယ်သူမှ မရဖူးသေးဘူးတော့်၊ ကြားတောင် မကြားဖူးဘူး၊ ရှင်မို့ ကုသိုလ်ကံ အင်မတန်ထူးလို့
ကြုံကြိုက်ရတာ၊ ဘာမှ မစဉ်းမနေနဲ့၊ ကျွန်မနဲ့ သားကိုလည်း စိတ်မချနိုင်ဖြစ်ပြီး နောက်ဆံတင်းမနေနဲ့၊
လိုက်မှာသာလိုက်သွား၊ အမြန်ဆုံးသာလိုက်သွား`
`မိန်းမရယ်
...၊ နင့်မှာ သားတစ်ဖက်၊ စီးပွားတစ်ဖက်နဲ့ ဖြစ်ပါ့မလား`
`အို ...
ကိုသတ္တိ၊ ကျွန်မ ဖြစ်တယ်၊ ကျွန်မအတွက် ဘာမှမပူနဲ့`
`စဉ်းစားစမ်းပါဦး
မိန်းမရယ်`
`ဒီလောက်ကံထူးတဲ့ကိစ္စ၊
စဉ်းစားနေစရာ လိုသေးလို့လား ကိုသတ္တိရဲ့၊ ကျွန်မတော့ မစဉ်းစားပါဘူး`
`မင်းမလိုပေမယ့်
ငါလိုတယ်။ မင်း မစဉ်းစားပေမယ့် ငါစဉ်းစားရဦးမယ်၊ ငါ မလိုက်တော့ဘူး`
♦ အဲဒီလိုပြောပြီး ကိုသတ္တိလည်း ဘုရားတန်ဆောင်းဆီကို
ပြန်မသွားတော့ဘူး။ အဲဒီနေ့က စလို့ ဘုရားတန်ဆောင်းသွားပြီး ဘုရားရှိခိုးတဲ့အလုပ် ကိုသတ္တိ
လုံးဝမလုပ်တော့ဘူး။ နိဗ္ဗာန်အမြန်ဆုံး ရောက်ဖို့လည်း ဘယ်တော့မှ ဆုမတောင်းတော့ဘူး။
♦ လောကရေးရာမှာ သတ္တိရှိရုံနဲ့ သတ္တိရှင်အစစ် မဖြစ်သေးပါဘူး။
ဓမ္မရေးရာမှာပါ သတ္တိရှိမှ သတ္တိရှင်အစစ် ဖြစ်တာပါ။
♦ နိဗ္ဗာန်ကို အလကားခေါ်တာတောင် မလိုက်ချင်တဲ့ ကိုသတ္တိလိုလူတွေ
လောကမှာ အများကြီးရှိပါတယ်။ အလကားခေါ်တာတောင် မလိုက်မှတော့ ကျင့်ကြံအားထုတ်မှ ခေါ်မယ်ဆိုရင်
ဝေးရောပေါ့။
♦ ပိုက်ဆံပေးဝယ်ရတဲ့ လက်မှတ်နဲ့ နိဗ္ဗာန်ကို မလိုက်ချင်တောင်မှ
မေတ္တာလက်ဆောင်ရတဲ့ လက်မှတ်နဲ့တော့ လိုက်ချင်သင့်ပါတယ်။ နိဗ္ဗာန်ကို အချောင်ယူချင်စိတ်
မွေးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နိဗ္ဗာန်ကို တကယ်လိုချင်စိတ် ရှိရမယ်လို့ ဆိုလိုတာပါ။
♦ ကိုသတ္တိ နိဗ္ဗာန်မလိုချင်တာဟာ သားစွဲ၊ မယားစွဲ၊
ပစ္စည်းဥစ္စာစွဲကြောင့်ပါ။
♦ သက်ရှိ၊ သက်မဲ့ အာရုံဝတ္တုတွေအပေါ်မှာ အစွဲကြီးနေတဲ့သူဟာ
တရားအားထုတ်ဖို့ကိစ္စမှာ ရဲရင့်မှုနည်းနေမှာ မလွဲပါဘူး။
အစွဲပိုရင်
အရဲလိုနေမှာ သေချာပါတယ်။
အစွဲကင်းမှ
အရဲတင်းမှာပါ။
♦ အမြဲတမ်း အစွဲမကင်းတောင်မှ တရားအားထုတ်ဖို့ သတ်မှတ်ထားတဲ့
အချိန်ပိုင်းလေးအတွင်းမှာတော့ အစွဲကင်းအောင် ကိုယ့်စိတ်ကိုယ် ပြုပြင်သင့်ပါတယ်။
♦ ဓမ္မအရသာကို ပိုင်ပိုင်မိမိ မသိသေးရင်တော့ ကာမအရသာကို
အထင်ကြီးပြီး အစွဲပိုနေဦးမှာပါပဲ။
♦ ကာမချမ်းသာတွေအပေါ် အစွဲကင်းစေဖို့အတွက် ဓမ္မချမ်းသာကို
ကိုယ်ကိုယ်တိုင် ခံစားဖူးအောင် ကြိုးပမ်း အားထုတ်ကြည့်သင့်ပါတယ်။
ဓမ္မအရသာ အသည်းထိပြီဆိုရင်
ကာမအရသာ အစွဲမငြိတော့ပါဘူး၊
အစွဲပါးမှတော့ အရဲထွားပြီပေါ့
.....။
ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)
(ရဲရင့်သူတို့၏နေရာ
စာအုပ်မှ)
bwar99.blogspot.com
No comments:
Post a Comment