အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Monday, July 10, 2017

ယော ဆရာတော်ကြီး



      ဆွမ်းလှူရခြင်းအကျိုး
-----------------------------------

♦ ဆွမ်းလှူရင် ဆွမ်းအကျိုး (၅) မျိုးဆိုတာလဲ
ကြားဖူးကြမှာပါ၊ ဆွမ်းလှူရခြင်းသည် ....

(၁) အသက်ကိုလှူရာ ရောက်တယ်၊
လှူတဲ့ ပုဂ္ဂိုလ်မှာ အသက်ရှည်တယ်၊
မိမိတို့က တရားအသက်ပါ ရပါရစေပေါ့၊
ရှည်တဲ့အသက်ဟာ ဗလာအသက်တော့ မလိုချင်၊
တရားအသက်ပါ ရှည်ပါရစေပေါ့၊

(၂) အဆင်းကျက်သရေကို လှူရာရောက်တယ်၊
လှူတဲ့ ပုဂ္ဂိုလ်မှာ အဆင်းလှတယ်၊
မိမိတို့က ရုပ်ရည်လှရုံမျှသာမက စိတ်ပါလှပါရစေ၊
တရားပါ လှပါရစေလို့ ဉာဏ်နဲ့ဦးဆောင်ရမယ်ပေါ့။

(၃) ဆွမ်းခဲဖွယ်ဘောဇဉ်ကို လှူလို့ရှိရင်
ချမ်းသာကို လှူရာရောက်တယ်၊
လှူတဲ့ ပုဂ္ဂိုလ်မှာလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ်၊
မိမိတို့က တရားအသိပါတွဲပြီးတော့
လောကုတ္တရာချမ်းသာ တရားချမ်းသာပါရဖို့
နိဗ္ဗာန်မရောက်မချင်း အသိတရားနဲ့
ခန္ဓာကို ပိုင်နိုင်စွာထိန်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းသွားနိုင်ဖို့
ဉာဏ်နဲ့ ဦးဆောင်ရမယ်ပေါ့။

♦ နိဗ္ဗာန်ရောက်ရင် ချမ်းသာမှာ
သေချာသော်လည်း နိဗ္ဗာန်မရောက်ခင်
ချမ်းသာအောင် နေသွားတတ်ဖို့
ပိုလို့ အရေးကြီးနေတယ်၊
နောက်ဘဝ ချမ်းသာဖို့ ဆိုတာထက်
ယခုဘဝ တွေ့သမျှ အခြေအနေနဲ့
ချမ်းသာအောင် နေသွားတတ်ဖို့
တရားအသိကလိုတယ်။

♦ မနက်ဖြန် ချမ်းသာဖို့ ဆိုတာထက်
ယနေ့ ပစ္စုပ္ပန်မှာ (ယနေ့မှာပဲ)
တွေ့သမျှ အခြေအနေနဲ့၊ ပေးလာသမျှ အခြေအနေနဲ့
ချမ်းသာအောင် နေတတ်ဖို့က အရေးကြီးတယ်၊
တရားအသိလေးပါ ဦးဆောင်ရမယ်ပေါ့၊
ဒါကြောင့်
လောကုတ္တရာချမ်းသာ တရားချမ်းသာက
ပညာနဲ့ ဦးဆောင်ရမယ်၊

(၄) စားဖွယ်ဘောဇဉ်ကို လှူဒါန်းရင်
ခွန်အားကို လှူရာရောက်တယ်။
ကျန်းမာရေးကို လှူရာရောက်တယ်၊
လှူဒါန်းတဲ့ ပုဂ္ဂိုလ်မှာလည်း
ခွန်အားကောင်းတယ်၊ ကျန်းမာရေးကောင်းတယ်၊
မိမိတို့က တရားခွန်အားအထိ လောကုတ္တရာခွန်အားအထိ
ရပါစေရလို့ ဉာဏ်နဲ့ ဦးဆောင်ရမယ်။

(၅) ဆွမ်းခဲဖွယ် ဘောဇဉ်လှူဒါန်းရင်
ဉာဏ်ကို လှူရာရောက်တယ်၊
လှူဒါန်းတဲ့ ပုဂ္ဂိုလ်မှာလည်း ဉာဏ်ကောင်းတယ်၊
မိမိတို့က တစ်ဖက်မြင်ပညာမျှသာမက နှစ်ဖက်မြင်ပညာ၊
တရားပိုင်းဆိုင်ရာ အသိပညာတွေ ရပါရစေလို့
ဉာဏ်နဲ့ ဦးဆောင်ရမယ်ပေါ့။

♣ စားဖွယ်ပေးမူ၊ အသက်လှူ၊
လှူသူမှာကလဲ သက်ရှည်ရ၊
♣ အသက်ရှည်ကြာ၊ နေရပါလည်း၊
မခိုင်မြဲ၊ မလွဲပျက်စီးရ၊
♣ တရားအသက်၊ တွဲ၍ဖက်၊
ရင့်ကျက်ရှည်လိုလှ၊
♣ စားဖွယ်ပေးမူ၊ အဆင်းလှူ၊
လှူသူမှာလည်း၊ အဆင်းလှ၊
♣ ရုပ်လှသော်လည်း မခိုင်မြဲ၊
မလွဲပျက်စီးရ၊
♣ တရားကျက်သရေ၊ ပြည့်စုံပေ၊
မသွေရလိုလှ၊
♣ စားဖွယ်ပေးမူ၊ ချမ်းသာလှူ၊
လှူသူမှာလည်း ချမ်းသာရ၊
♣ လောကီချမ်းသာ၊ မမြဲပါ၊
မှန်စွာပျက်စီးရ၊
♣ တရားချမ်းသာ စဉ်မကွာ၊
ကောင်းစွာအေးလိုလှ၊
♣ စားဖွယ်ပေးမူ၊ ခွန်အားလှူ၊
လှူသူမှာလည်း ခွန်အားရ၊
♣ အားကောင်းသော်လည်း၊ မခိုင်မြဲ၊
မလွဲပျက်စီးရ၊
♣ တရားခွန်အား၊ ပြည့်လိုငြား၊
စွမ်းအားလွန်တက်ကြွ၊
♣ စားဖွယ်ပေးမူ၊ ဉာဏ်ကိုလှူ၊
လှူသူမှာလည်း ဉာဏ်ကြီးရ၊
♣ ဉာဏ်ကြီးသော်လည်း မခိုင်မြဲ၊
မလွဲပျက်စီးရ၊
♣ တရားအမှန်၊ သိတဲ့ဉာဏ်၊
ဧကန်ရလိုလှ၊
♣ စားဖွယ်အကျိုး၊ ဤ (၅) မျိုး၊
တန်ခိုးတက်လာရ။


တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက    
ယော ဆရာတော်ကြီး
(ကုသိုလ်လည်းရ ဝမ်းလည်းဝ စာအုပ်မှ)

bwar99.blogspot.com

No comments:

Post a Comment