အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, July 4, 2017

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)



အ,သောသူသည် ချစ်သည်
ချစ်သောသူသည် အ,သည်
===================
♦ ရှစ်တန်းကျောင်းသား တစ်ယောက်က လာ၍မေးသည်၊ “ဆရာတော် ... အ,လို့ချစ်တာလား၊ ချစ်လို့ အ,တာလား ...” တဲ့၊ “အောင်မာ ...မင်းက အခုမှရှစ်တန်းရှိသေး၊ အချစ်အကြောင်းတွေ ဘာတွေလာပြောနေပါလား ...၊ နေပါဦး ...မင်းစကားက တယ်ကြီးကျယ်ပါလား ...၊ အ,လို့ ချစ်တာလား ...၊ ချစ်လို့ အ,တာလားတဲ့၊ ဒါ မင်းကိုယ်ပိုင်အတွေးအခေါ်တော့ မဟုတ်လောက်ဘူး၊
ဒီစကား မင်းဘယ်ကကြားတာလဲ၊ ပြောစမ်း ...”။

♦ “တပည့်တော် ဗွီဒီယိုကားတစ်ကားထဲက ကြားလိုက်ရတာ” တဲ့၊ “အင်း ...မင်း ဒါမျိုးကို မှတ်မိတယ်ဆိုတော့ မင်းတော်တော်တော်တာပဲ၊ ပွဲဆိုတာ မကြည့်တတ်ရင် တဏှာ၊ ကြည့်တတ်ရင် ဘာဝနာလို့တော့ ပြောကြတယ်ကွ၊ အခုဟာကတော့ ကြည့်တတ်ရင် “ပညာ” လို့ ပြောရမလားဘဲ၊ ဒါ ပညာကွ၊ တော်တော်ပညာပါတာပဲ၊ ပညာမှ သာမန်ပညာမဟုတ်ဘူး၊ တော်တော် ဂမ်္ဘီရဆန်တဲ့၊ နက်နဲတဲ့ပညာပဲ၊ တော်တော်ကောင်းပါတယ်၊ ဒီဒိုင်ယာလော့ရဲ့ မူရင်းစာရေးဆရာကို ချီးကျူးပါတယ်၊ လေးစားပါတယ်၊ ဂုဏ်ပြုပါတယ်” ။

♦ “အေး ...မင်းအမေးကိုဖြေရရင် ဆောင်းပါးတစ်ပုဒ်၊ တရားတစ်ပုဒ်တော့ဖြစ်မှာပဲ၊ ငါက အတွေးအခေါ်ကို အားသန် တော့ သူ့အတွေးအခေါ်ကို တော်တော်ကြိုက်သွားတယ်၊ ဒီဆရာရဲ့အတွေးအခေါ်က ခေတ်ပြောပြောရင် တော်တော်မိုက်တာပဲ၊ ငါတော်တော် စိတ်ဝင်စားသွားတယ်၊ ဒီတော့ ငါလက်လှမ်းမီသလောက် ဖတ်ထားတာ၊ မှတ်ထားတာလေးတွေ ပြောပြမယ်ကွာ”။

  “ငါကိုယ်တိုင်က အချစ်ဝတ္ထုရေးတဲ့ စာရေးဆရာမဟုတ်လေတော့ အချစ်အကြောင်းကို ကောင်းကောင်းမရေးတတ်၊ မပြောတတ်ပါဘူး၊ ဒါပေမဲ့ ကိုယ်ဖတ်ထားမှတ်ထားတာလေးတွေပဲ မှတ်မိသလောက် ပြောရမှာပေါ့ကွာ”။

♦ “ဆရာကြီးတက်တိုးက ပူလောင်တဲ့အချစ်၊ နွေးထွေးတဲ့အချစ်၊ အေးမြတဲ့အချစ်လို့ အချစ်သုံးမျိုးရှိကြောင်း ဆိုခဲ့တယ်၊ ပူလောင်တဲ့အချစ်ဟာ တဏှာချစ်၊ ကိလေသာချစ်၊ ကာမရာဂချစ်လို့ ပြောရမယ်၊ နွေးထွေးတဲ့အချစ်ဆိုတာကတော့ ဂေဟသိတပေမ- မိသားစုချစ်၊ ဆွေချစ်၊ မျိုးချစ်၊ သံယောဇဉ်ချစ်လို့ ဆိုရမယ်၊ အေးမြတဲ့အချစ်ကတော့ မေတ္တာပေမ- မေတ္တာချစ်ပဲ”။

♦ “ဆရာကြီးလူထုစိန်ဝင်းရဲ့ “လူငယ်နဲ့အချစ်” ဆိုတဲ့ စာအုပ်ထဲက အချစ်နဲ့ပတ်သက်တဲ့ အဆိုအမိန့်လေးတွေကို ငါပြောပြ မယ်ကွာ၊ မင်းမှတ်ထား”။

♦ အချိုမြိန်ဆုံးပျော်ရွှင်မှု၊ အကြမ်းတမ်းဆုံးပူဆွေးမှုဟာ အချစ်ပဲ။ (Bailey) “အချစ်ဆိုတဲ့အရာဟာ အချိုမြိန်ဆုံးသော ပျော်ရွှင်မှုကိုလည်း ဖန်တီးပေးပါလိမ့်မယ်၊ ဒါပေမဲ့ အကြမ်းတမ်းဆုံးသော ပူဆွေးမှု
တွေကိုလည်း တစ်ပါတည်းသယ်ဆောင်လာပါလိမ့်မယ်” ။

♦ ယောက်ျားက နည်းနည်းနဲ့ ခဏခဏချစ်တတ်တယ်၊ မိန်းမက များများနဲ့ ရှားရှားပါးပါးချစ်တတ်တယ်။ (Basta) “အိုင်တွေ့တိုင်းခြေဆေးတတ်တာ ယောက်ျားတို့ဓမ္မတာဆိုတဲ့ အဓိပ္ပာယ်မျိုးလားမသိဘူး၊ မိန်းမက များများချစ်တတ်တယ်၊ ဒါပေမဲ့ ရှားရှားပါးပါးပဲ တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆို ပိတောက် ချစ်တတ်တယ်၊ ဒါပေမဲ့ ဒါကတော့ တကယ့်မိန်းမကောင်း မိန်းမမြတ်တွေဖြစ်ပါလိမ့်မယ်၊ ရည်စားတစ်ထောင် လင်ကောင် တစ်ယောက်ဆိုတာနဲ့တော့ ဆန့်ကျင်ဘက်ပေါ့”။

♦ ကျွန်ုပ်တို့ရဲ့ အရင်ဆုံးနဲ့ နောက်ဆုံးအချစ်ဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းပါပဲ။ (Bovee)
“ဒါကတော့ နတ်္ထိ အတ္တသမံ ပေမံ ဆိုတဲ့ ဘုရားဟောနဲ့ တစ်ထပ်တည်းပဲ၊ သတ္တ၀ါတိုင်းဟာ အချစ်တွေက ပေါလွန်း များလွန်းတော့ အချစ်ကလည်း မကုန်နိုင်၊ မဆုံးနိုင်၊ ချစ်စရာတွေကလည်း မကုန်နိုင်၊ မဆုံးနိုင်၊ နောက်ဆုံး အချစ်က ဘယ်မှာသွားဆုံးလဲဆိုတော့ မိမိကိုယ်မှာပဲ သွားဆုံးတယ်၊
ဒါကြောင့် မိမိသည်သာ မိမိရဲ့အချစ်ဆုံး၊ တကယ်တော့ သတ္တ၀ါအားလုံးဟာ ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးပဲ၊ ဒီမှာတော့ အချစ်ရဲ့အစဟာလည်း မိမိကိုယ်ကို ချစ်ခြင်းလို့ ဆိုထားတယ်”။

♦ အချစ်ရဲ့နိဒါန်းဟာ အသိဉာဏ်ရဲ့နိဂုံးပဲ။ (Antoine Bret) “ဒါဟာ ချစ်လို့ အ,တာလား ...ဆိုတဲ့ အဖြေပါပဲ၊ အချစ် နိဒါန်းပျိုးလိုက်တာနဲ့ အသိဉာဏ်က နိဂုံးချုပ်သွားရသတဲ့၊ ဒီတော့ ချစ်ရင်
အ,ပြီလို့သာမှတ်၊ ချစ်လေ အ,လေပါပဲ၊ အ,ချင်ယောင်ဆောင် သွားတာလည်းရှိမယ်၊ တကယ် အ,သွားတာလည်း ရှိမယ်၊ ဖေဖေလုပ်သူတွေကို မေးကြည့်ပေါ့”။

♦ ယောက်ျားရဲ့အချစ်ဆိုတာ သူ့ဘ၀ရဲ့သီးခြား အစိတ်အပိုင်း တစ်ခုမျှသာ၊မိန်းမရဲ့အချစ်ကတော့ သူ့ဘ၀တစ်ခုလုံး ပါပဲ။ (Byron) “ဒါကတော့ ရှင်းပါတယ်၊ ယောက်ျားဆိုတာ တာဝန်တွေ၊ ၀တ္တရားတွေက အချစ်ထက်ပိုတယ်၊ တာဝန်တွေ ၀တ္တရား တွေထက် အချစ်ဘက်ပိုသွားရင်တော့ သူဟာ ယောက်ျား မဟုတ်တော့ဘူး” ။

♦ ပညာတွေ ဘယ်လောက်ရှိရှိ အချစ်နဲ့တွေ့ရင်တော့ အရူးပဲ။(Joshua Cooke) “ချစ်လို့ အ,တာလားဆိုတဲ့မေးခွန်းရဲ့ အဖြေပါပဲ၊ ပညာတွေ ဘယ်လောက်တတ်တတ်၊ ပညာတွေ ဘယ်လောက်ရှိရှိ အချစ်နဲ့ တွေ့ရင်တော့ အဲဒီပညာတွေဟာ နောက်ကောက်ကျသွားတော့
တာပါပဲ၊ ဗိုလ်ချုပ်တွေအားလုံးဟာ မိန်းမကြောက်တွေလို့ ဆိုတယ်၊ မထူးပါဘူး၊ ညွှန်မှူးညွှန်ချုပ် အရာရှိအားလုံးဟာလည်း မိန်းမ ကြောက်တွေက များပါတယ်”။

♦ “လူငယ်ဘ၀မှာ ဆန္ဒက အချစ် ငွေ ကျန်းမာရေး၊ ဒီလို ရှေ့နောက်စဉ်တယ်၊ အိုမင်းမစွမ်းတဲ့အခါကျတော့ ရှေ့နောက် အစဉ်ပြောင်းသွားတယ်၊ ကျန်းမာရေး
ငွေ အချစ်တဲ့”။ (Paul Geraldy) “အချစ်ဆိုတာ ငယ်တုန်းတော့ ဦးစားပေးအရာပေါ့၊ ၁၅ ၁၆
ဆယ်ကျော်သက်အရွယ်မှာ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ် ဆိုသလိုပါပဲ၊ အသက်နှစ်ဆယ်ကျော်တော့ ဘ၀ဆိုတာကို စဉ်းစား လာတယ်၊ သုံးဆယ်ကျော်တော့ ဦးနှောက်ကို ဦးစားပေးလာတယ်၊ လေးဆယ်ကျော်လာတော့ အချစ်ကိစ္စကို တော်တော်ကြီးစဉ်းစား သွားပြီ၊ ငါးဆယ်ကျော်လာတော့ အဲဒီငယ်ငယ်က စိတ်ကူးယဉ် အချစ်မျိုးတွေဟာ အရေးမပါတော့ပါဘူး၊ နောက်ဆုံးကို ရောက်သွားတယ်၊ ဒါက ပူလောင်တဲ့အချစ်ကို ပြောတာပေါ့ နော်၊ ဒါကြောင့်
ဆယ်ကျော်သက်လူငယ်တွေနဲ့ စကားပြောတဲ့အခါ ပီယဆေး အကြောင်းပြောပါတဲ့၊ အသက်ကြီးတဲ့ အဖိုးကြီး အဖွားကြီးတွေနဲ့ စကားပြောတဲ့အခါ အာယုဒီဃဆေးအကြောင်းပြောပါတဲ့၊ ဆယ်ကျော်သက်တွေ စိတ်အ၀င်စားဆုံးက အချစ်၊ ငါးဆယ်
ကျော်တွေ စိတ်အ၀င်စားဆုံးက ကျန်းမာရေး”။

♦ နည်းနည်းပဲ ချစ်ပါ၊ ဒါမှ ကြာကြာချစ်နိုင်မှာ။ (Herrick) “မှန်မှန်လျှောက်၊ ခရီးရောက်ဆိုတာလို အချစ်မှာ အစွန်းမရောက်ဖို့ ပြောတာပေါ့နော်၊ အချစ်ကြီးရင် အမျက်ကြီးလို့ဆိုတယ်၊ အချစ်ကြီးရင်
အမျက်ကြီးတတ်လို့ လျှော့လျှော့ပေါ့ပေါ့၊ ထိန်းထိန်းသိမ်းသိမ်းနဲ့ ချစ်ဖို့ သတိပေးတာပါ။

♦ ဒါကြောင့် တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်က မိန့်တယ်၊ “ချစ် ချစ်နဲ့ ချစ်တိုင်း ကောင်းတာမဟုတ်ဘူး၊ လျှော့လျှော့ပေါ့ပေါ့ချစ်ကြ၊ သူများကို ချစ်ရတာက စိတ်မချရဘူး၊ ကိုယ့်ကိုယ်ကိုယ်ချစ်ရတာကပဲ စိတ်ချရတယ်”တဲ့။

♦ အချစ်ဆိုတာ အဆိုးဆုံးစိတ်ရောဂါပဲ။ (Plato) “ဒါဟာ အမှန်တရားပဲ၊ အဆိုးဆုံးရောဂါဟာ ဒီရောဂါပဲ၊ ဒီရောဂါကြောင့်ပဲ သံသရာရှည်ဒုက္ခရောက်နေကြရတာမဟုတ်လား၊ တဏှာချစ်ကို ပြောတာပေါ့နော်”။

♦ ချစ်မိပြီဆိုရင် လူတိုင်းဟာ အကန်းပဲ။ (Propertius) “ဒါဟာ ချစ်လို့ အ,တာလားဆိုတဲ့ မေးခွန်းရဲ့အဖြေပဲ၊ အချစ်မှာ မျက်စိမရှိဘူးလို့ ဆိုတယ်မဟုတ်လား၊ အကန်းဆိုတာ အ နဲ့ကန်း
နှစ်လုံးပေါင်းထားတာ၊ သူ့အဓိပ္ပာယ်က အ,လည်းအတယ်၊ ကန်း လည်းကန်းတယ်၊ အ တော့ ဘာမှမသိဘူး၊ ကန်း နေတော့ ဘာမှမမြင်တော့ဘူးပေါ့”၊ သားသမီးယုံ စုံလုံးကန်းဆိုတာဟာလည်း
သားသမီးကို သိပ်ချစ်လို့ သားသမီးပြောတိုင်း ယုံတာဆိုတဲ့၊ အခု ပြောတဲ့အဓိပ္ပာယ်ပဲ။

♦ အချစ်ဆိုတာ လက်ထပ်ခြင်းရဲ့ အရုဏ်ဦး၊ လက်ထပ်ခြင်းကတော့ အချစ်ရဲ့နေ၀င်ချိန်။ (Dfinod)
“အချစ်ဆိုတဲ့အရာဟာ လက်မထပ်ခင် ရည်းစားဘ၀မှာပဲ စိတ်ကူးယဉ်လို့ကောင်း၊ စိတ်ကောက်လိုက်၊ ချော့လိုက်၊ ချစ်လိုက်၊ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်၊ ချစ်လို့ကောင်းတယ်ပေါ့၊
လက်ထပ်ပြီးနောက်ပိုင်း လက်တွေ့ဘ၀ထဲရောက်တဲ့အခါကျတော့ နေဖို့၊ စားဖို့၊ ၀တ်ဖို့၊ သားတွေ၊ သမီးတွေ၊ တာဝန်ဝတ္တရားတွေနဲ့ ပိလာတဲ့အခါ စီးပွားရေးအဆင်ပြေရင်တော့ တော်သေးရဲ့၊
အလုပ်အကိုင်စီးပွားရေး အဆင်မပြေဘူးဆိုရင် ငါ နဂိုတွေးခဲ့တုန်းက ဒါတွေ မပါပါဘူးဆိုသလို အချစ်ဆိုတဲ့နေမင်းကြီးဟာလည်း အပရဂေါယာကျွန်းသို့ဝင်သွားပြီး မှေးမှိန်ပျောက်ကွယ်သွားရတော့
တာပါပဲ”။

♦ ယခု အချစ်နှင့်စပ်၍ လောကမှ ဓမ္မသို့ ပြောင်းပြီးပြောမည်၊ ဘုရားဟောကို ကြည့်ပြီးပြောမည်။
မာ ပိယေဟိ သမာဂဉ်္ဆိ၊ အပ်္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ်္ပိယာနဉ္စ ဒဿနံ။
တသ္မာ ပိယံ န ကယိရာထ၊ ပိယာပိယောဟိ ပါပကော။
“ချစ်စရာ သက်ရှိသက်မဲ့တွေနဲ့လည်း မပေါင်းပါနဲ့၊ မုန်းစရာ သက်ရှိသက်မဲ့တွေနဲ့လည်း ဘယ်တော့မှ မပေါင်းပါနဲ့၊ ချစ်စရာတွေကို မမြင်ရတာဟာ စိတ်ဆင်းရဲရသလို မုန်းစရာတွေကို မြင်ရတာလည်း စိတ်ဆင်းရဲရတာပါပဲ၊ ဒါကြောင့် ချစ်လည်း မချစ်ပါနဲ့၊ မုန်းလည်း မမုန်းပါနဲ့၊ အချစ် အမုန်း နှစ်ခုလုံးဟာ
မကောင်းပါဘူး၊ အချစ်ကို စွန့်လွှတ်ခြင်းဟာ အဘိဇ္ဈာကို ပယ်ခြင်းပါပဲ၊ အမုန်းကို စွန့်လွှတ်ခြင်းဟာ ဗျာပါဒကို ပယ်ခြင်းပါပဲ”။

♦ ပိယတော ဇာယတေ သောကော၊ ပိယတော ဇာယတေ ဘယံ။
ပိယတော ၀ိပ္ပမုတ္တဿ၊ နတ်္ထိ သောကော ကုတော ဘယံ။
“အချစ်ကြောင့် သောကဖြစ်ရပါတယ်၊ အချစ်ကြောင့် ဘေးတွေ့ရပါတယ်၊ အချစ်နဲ့ဝေးဝေးနေရင် သောကလည်း ဖြစ်စရာမရှိပါဘူး၊ ဘေးတွေ့စရာလည်း မရှိပါဘူး”။
ဤကား အချစ်နှင့်စပ်၍ ဓမ္မပဒ ပိယ၀ဂ်၌ ဘုရားရှင်ဟောကြားတော်မူသော တရားတော်များဖြစ်သည်။

♦ အချစ်မရှာပါနှင့်၊ အချစ်နှင့် မပေါင်းသင်းပါနှင့်၊ ချစ်မိပြီဆိုလျှင် ဒုက္ခရောက်ပြီ၊ အချစ်ကို စွန့်ခြင်းသည် အဘိဇ္ဈာကို ပယ်ခြင်းဖြစ်သည်၊ အချစ်ကြောင့် ပူပန်သောကများရသည်၊ ဘေးတွေ့ရသည်၊ ကြောက်ရွံ့
တုန်လှုပ်ရသည်၊ အချစ်နှင့်ဝေးဝေးနေလျှင် သောကမီးလည်း ငြိမ်းသည်၊ ဘေးရန်တွေလည်း ငြိမ်းသည်။

♦ ဤဆောင်းပါး၌ တဏှာရာဂ ကိလေသာအချစ်ကို အဓိကထား၍ ပြောနေပါသည်၊ ဘုရားက “လုဒ္ဓေါ အတ္ထံ နဇာနာတိ- လောဘ တဏှာတပ်မက်မှုအားကြီး၍ အချစ်ကြီးသူသည် ကောင်းကျိုးကို
သိနိုင်စွမ်းမရှိတော့” ဟု မိန့်ပါသည်၊ အချစ်ကြောင့် အ,သွားခြင်း ဖြစ်သည်။

♦ အတ္တချစ်အားကြီးသဖြင့် ကိုယ်ကျိုးသာသိ၍ သူတပါးအကျိုး၊ အများအကျိုးမသိသူသည် တနည်းအားဖြင့် အ,နေသူပင်ဖြစ်ပါသည်၊ အချစ်ကြောင့် အ,ခြင်းဖြစ်သည်၊ ချစ်လို့ အ,ခြင်းဖြစ်သည်။

ပဋိစ္စသမုပ္ပာဒ်ဒေသနာကို ကြည့်လိုက်တော့ အ၀ိဇ္ဇာ- မသိမှု (အ,မှု)က စ,သည်၊ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ- မသိလို့ အ,လို့ ရအောင်လုပ်သည်၊ ရအောင်လုပ်တော့ ရလာသည်၊ ၀ိဉာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ၊ ဝေဒနာနောက်မှာ တဏှာဖြစ်တော့ ချစ်တော့သည်၊ အ,လို့ ချစ်သည်။

♦ မေးခွန်းက “အ,လို့ ချစ်တာလား၊ ချစ်လို့ အ,တာလား”တဲ့၊ အ၀ိဇ္ဇာနှင့် တဏှာသည် သံသရာ၏ ရေသောက်မြစ်နှစ်ပါးဖြစ်သည်၊ ၀ဋ်မြစ်နှစ်ပါး၊ ၀ဋ်ငုတ်နှစ်ပါးဟုလည်း ခေါ်ကြသည်၊
အ၀ိဇ္ဇာပစ္စယာ တဏှာ- မသိမှုမောဟကြောင့် တဏှာလောဘဖြစ်ရသည်၊ မသိလို့ လိုချင်သည်၊ အ,လို့ ချစ်သည်။

♦ ရှေးရှေး အကုသိုလ်တရားသည် နောက်နောက် အကုသိုလ်တရားအား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်ဟူသော ပဋ္ဌာန်းဒေသနာတော်အရ တဏှာပစ္စယာ အ၀ိဇ္ဇာဟုလည်း ရှိနိုင်သည်၊ လောဘကြောင့် မောဟ ဖြစ်ရသည်၊ လုဒ္ဓေါ အတ္ထံ နဇာနာတိဟူသောပါဠိနှင့် အဓိပ္ပာယ်တူသည်၊
ချစ်လို့ အ,သွားခြင်းဖြစ်သည်။ ။

♦ အ,လို့ချစ်တာလား၊ မှန်ပါသည်၊ သတ္တ၀ါတွေသည် အ,လို့ ချစ်နေကြသည်။ ပါဠိအထောက်အထားနှင့်ပြောတော့ (အ၀ိဇ္ဇာပစ္စယာ တဏှာ)  ချစ်လို့ အ,တာလား၊ မှန်ပါသည်၊ သတ္တ၀ါတွေသည် ချစ်လို့ အ,နေကြသည်။

♦ အချစ်ကြောင့် အ,နေကြသည်၊ ပါဠိလိုဆိုတော့ (တဏှာပစ္စယာ အ၀ိဇ္ဇာ)။ အ,သောသူသည် ချစ်သည်၊ ချစ်သောသူသည် အ,သည်။ ။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
(၄- ၇- ၂၀၁၅)

bwar99.blogspot.com
Top of Form


No comments:

Post a Comment