အတ္တသမ္မာပဏိဓိ မင်္ဂလာ
-------------------------------------
မင်္ဂလာ(၃၈) ပါးထဲမှာ စာရေးသူ စိတ်အဝင်စားဆုံး မင်္ဂလာက
အတ္တသမ္မာပဏိဓိ မင်္ဂလာပါ။ ဘာဖြစ်လို့လဲဆိုတော့
မကြာခဏ အဲဒီ အတ္တသမ္မာပဏိဓိ မင်္ဂလာနဲ့ ဆန့်ကျင်ဘက်
ဖြစ်ဖြစ်နေတတ်လို့ပါ။
အတ္တသမ္မာပဏိဓိဆိုတာ
ကိုယ့်စိတ်ကိုယ် မှန်ကြည့်သလို သတိနဲ့ စောင့်ကြည့်နေတာပါ။ အထူးသဖြင့် မကောင်းတဲ့စိတ်ဖြစ်တာနဲ့
ချက်ချင်း သိ၊ သိတာနဲ့တစ်ပြိုက်နက် ပယ်ပစ်နိုင်ဖို့ပါ။ ဘယ်လိုပယ်မလဲဆိုတော့ ပယ်နည်းမှာ
နှစ်မျိုးရှိပါတယ်။ ဆင်ခြင်ပြီး ပယ်တာနဲ့၊ ပွားများပြီး ပယ်တာပါ။
`ငါ့မှာ မကောင်းတဲ့စိတ် ဖြစ်နေပြီ၊ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်ဟာ ငါ့အောင်မြင်မှု၊
ငါ့တိုးတက်မှု၊ ငါ့ဘဝ၊ ငါ့အနာဂတ်ကို ငါကိုယ်တိုင် ဖျက်ဆီးပစ်နေတာပဲ၊ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်
ဖြစ်တဲ့သူဟာ ကြီးပွားတိုးတက်အောင်မြင်တယ်လို့ တစ်ခါမှမကြားဖူးသေးဘူး`
စသည်ဖြင့် ကိုယ်နားလည်သလို ဆင်ခြင်ပြီး ပယ်နိုင်သလို မကောင်းတဲ့စိတ် ဖြစ်နေတာလေးကိုပဲ
သတိကပ်ပြီး `မကောင်းတဲ့စိတ် ဖြစ်နေတယ်၊
မကောင်းတဲ့စိတ် ဖြစ်နေတယ်` ဆိုပြီး အချက်သုံးဆယ်လောက်
မှတ်ပြီးလည်း ပယ်နိုင်ပါတယ်။ မှတ်တဲ့အချိန်မှာ ကုလားထိုင်ပေါ်မှာ ထိုင်နေတယ် ဆိုရင်လည်း
မျက်လုံးကလေးကိုအသာမှိတ်ထားပြီး မကောင်းတဲ့စိတ် ဖြစ်နေတာလေးကို အာရုံညွှတ်နိုင်သမျှညွှတ်ပြီး
သိနေဖို့လည်း အရေးကြီးပါတယ်။
သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်ကို ဆင်ခြင်ပြီးပဲပယ်ပယ်
ပွားများပြီးပဲပယ်ပယ်၊ ပယ်ပစ်နိုင်ဖို့က အဓိကပါ။
ဥပမာ - လမ်းသွားရင်း
မကောင်းတဲ့စိတ် ဖြစ်တယ်ဆိုပါစို့။ လှမ်းနေတဲ့ခြေလှမ်းကို ချက်ချင်းရပ်ပစ်လိုက်ပြီး
ကိုယ်စွမ်းနိုင်တဲ့နည်းနဲ့ ပယ်ပစ်နိုင်ရပါမယ်။ အထူးသဖြင့် ပွားများပြီး ပယ်နိုင်ရင်တော့
ပိုကောင်းပါတယ်။ အသွားမှာဖြစ်တဲ့ မကောင်းတဲ့စိတ်ကို အသွားမှာပဲ ပယ်ပစ်နိုင်ဖို့ပါ။
ဒီလိုပါပဲ၊ ကားစီးရင်းပဲဖြစ်ဖြစ်၊ ဧည့်ခံပွဲတက်ရင်းပဲဖြစ်ဖြစ်၊
ထိုင်ရင်းပဲဖြစ်ဖြစ်၊ အိပ်ရင်းပဲဖြစ်ဖြစ်၊ ဖြစ်တာနဲ့သိ၊ သိတာနဲ့ ပယ်ပစ်ဖို့ပါ။
အကျင့်တစ်ခုဆိုတာ ကျင့်ယူရတာပါပဲ။ အတိတ်ဘဝက အကုသိုလ်အထုံတွေများခဲ့တော့
အတိတ်အထုံတွေရဲ့ လွှမ်းမိုးမှုကြောင့် ကျင့်စမှာ နည်းနည်းခက်ရင်ခက်မယ်၊ ကျင့်ပါများလာရင်တော့
အဆင်ပြေသွားပြီး အလေ့အကျင့်တစ်ခုလို ဖြစ်နေပါလိမ့်မယ်။ ဒါဆို အလေ့အကျင့်ကလေး တစ်ခု
ဖြစ်နေပြီး မကောင်းတဲ့စိတ်ရဲ့နေရာမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာစတဲ့ ကောင်းတဲ့စိတ်ကလေးတွေ
ဝင်လာပါလိမ့်မယ်။
အောင်မြင်ခြင်း မအောင်မြင်ခြင်း၊ အဆင်ပြေခြင်း
အဆင်မပြေခြင်း၊ အသက်ရှည်ခြင်း မရှည်ခြင်း၊ ကျန်းမာခြင်း မကျန်းမာခြင်း စသည်တွေကို အတ္တသမ္မာပဏိဓိက လူသားတစ်ယောက်အတွက် များစွာ
ပြဋ္ဌာန်းထားပါတယ်။
ဟိုဟိုဒီဒီ သွားနေစရာမလိုဘဲ အချိန်မရွေး၊ နေရာမရွေး၊
အလုပ်မရွေး၊ ဣရိယာပုတ်မရွေး ကျင့်လို့ရတဲ့ အကျင့်လေးတွေကို ကျင့်ကြည့်လိုက်စမ်းပါ။
အောင်မြင်စေချင်လို့ပါ။
စာဖတ်သူ .... စကားလေးတစ်ခွန်းတော့ ထပ်မှာလိုက်ပါရစေ။
သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်ဖြစ်တဲ့နေ့ဟာ ကိုယ့်အောင်မြင်မှု၊ ကိုယ့်တိုးတက်မှု၊ ကိုယ့်အနာဂတ်ကို
ကိုယ်ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တဲ့ နေ့ပါပဲ။ တကယ်ပါ၊ အကြားနဲ့ပြောတာမဟုတ်ပါဘူး။ ကိုယ်တွေ့မို့လို့
ပြောတာပါ။
(အလင်းတန်းဂျာနယ်)
ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ်-အင်းမ)
(မင်္ဂလာအတွေးများ
စာအုပ်မှ)
No comments:
Post a Comment