အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Sunday, June 18, 2017

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



     ဓမ္မသည်သာ အားကိုးရာ
----------------------------------

   ♦ လောကလူတွေဟာ အားကိုရာ ရှာကြတယ်၊ တကယ့်ကို ကိုယ့်ကို ကယ်နိုင်တာဟာ ဘယ်သူလဲ၊
တကယ့် ကယ်တင်နိုင်တဲ့ ပုဂ္ဂိုလ်ရှိလားလို့ မေးကြည့်၊ လောကမှာ ကယ်တင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်သူမှ မရှိဘူး၊ စဉ်းစားကြည့်လေ - သားအမိလည်း ဆင်းရဲဒုက္ခ တွေ့ကြုံရင် မကယ်နိုင်ဘူး။ အမေဆိုတာကို သားသမီးက ကယ်နိုင်မလား၊ မကယ်နိုင်ဘူး၊ အမေသေတာ အဖေသေတာ သားသမီးက ကယ်နိုင်ရဲ့လား၊ မကယ်နိုင်ဘူး၊ ဘယ်သူ့ဘယ်သူမှ မကယ်နိုင်ဘူး၊ ကယ်နိုင်တဲ့လူ လောကရှိလားဆို မရှိဘူး။

   ♦ မြတ်စွာဘုရားက ....
`န သန္တိ ပုတ္တာ တာဏာယ၊
နပိတာ နာပိ ဗန္ဓဝါ။
အန္တကေ နာဓိပန္နဿ၊
နတ္တိ ဉာတီသူ တာဏတာ`

   သေဘေးကြုံလာတဲ့အခါမှာ ဆွေတွေမျိုးတွေ အားကိုးရာဆိုတာ ဘယ်သူမှ မရှိဘူး၊ ကိုယ့်ကို ကယ်တင်နိုင်တဲ့ပုဂ္ဂိုလ် တစ်ယောက်မှ မရှိဘူး၊ ကြည့်လေ နေမကောင်းလို့ ဆေးရုံတက်၊ မိဘတွေ ဆွေမျိုးသားချင်းတွေ ကြည့်နေတုန်းက ICU ထဲမှာပဲ အသက်ထွက်သွားတာတွေ အများကြီးပဲ၊ ဘာမှ မတတ်နိုင်ဘူး၊ သေသွားပြီဆို ဘာတတ်နိုင်လဲ၊ ဘာမှ မတတ်နိုင်ဘူး၊ ဘယ်သူက ကယ်နိုင်လဲ၊ ဘယ်သူမှ မကယ်နိုင်ဘူး။

  ♦ ဒို့ကိုးကွယ်တဲ့ မြတ်စွာဘုရားက ငါတို့ကို ကယ်နိုင်လား၊ ဘယ်ကယ်နိုင်မတုန်း၊ မြတ်စွာဘုရား ကိုယ်တိုင်တောင်မှပဲ ပရိနိဗ္ဗာန်စံသွားတဲ့ဥစ္စာ၊ အဲဒီတော့ ကယ်တင်နိုင်တာ လောကမှာ ပုဂ္ဂိုလ်အနေနဲ့ ရှိသလားဆို မရှိဘူး၊ တကယ်ကတော့ ကယ်နိုင်တာ တရားပဲ ရှိတယ်၊ ဓမ္မကသာလျှင် ကယ်နိုင်တာ ဖြစ်တယ်၊ မြတ်စွာဘုရား ကိုယ်တိုင်ကိုက ဟောတယ်လေ၊ `ယော ဓမ္မံ ပဿတိ၊ သောမံ ပဿတိ` ဓမ္မတွေ့မှ ငါ့ကိုတွေ့မှာ၊ ငါ့ကိုတွေ့ရကျိုးနပ်မှာ၊ ဓမ္မတွေ့အောင်လုပ်၊ ဓမ္မကသာ မင်းတို့ကို ကယ်တင်နိုင်တာ၊ ငါဟောတဲ့ ဓမ္မက မင်းတို့ကို ကယ်တင်ဖို့အတွက် ဖြစ်တယ်၊ ဒီလိုဟောထားတယ်၊

   ♦ ဒါကြောင့်မို့ မြတ်စွာဘုရား ကိုယ်တိုင်ကိုက ....
`အတ္တ ဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ၊
ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ`
   ကိုယ့်ကိုယ်ကို အားကိုးဆိုတာ ဓမ္မကို အားကိုးခိုင်းတာ ငါ့အားကိုးလို့ ဘုရားဘယ်တော့မှ မဟောဘူး၊ ငါကိုယ်တော်မြတ် ကယ်မယ်လို့လည်း ဘယ်တော့မှ မဟောဘူး၊ ဓမ္မကိုပဲ အားကိုးရမယ်။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(အသက်ရှည်လေ ပိုကောင်းလေ တရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်)

bwar99.blogspot.com

No comments:

Post a Comment