ဉာတကာနဉ္စ သင်္ဂဟမင်္ဂလာ
---------------------------------------
စာရေးသူ စိတ်အဝင်စားဆုံးနဲ့ အကြောက်အလန့်ဆုံးကတော့
ကံတရားပါပဲ။ လူတစ်ယောက်ဟာ ဒီဆယ်စုနှစ်အတွင်းမှာ ချမ်းသာနေပေမယ့် နောက်ဆယ်စုနှစ်အတွင်းမှာ
ဆင်းရဲသွားနိုင်သလို ဒီဆယ်စုနှစ်အတွင်းမှာ ဆင်းရဲနေပေမယ့်လည်း နောက်ဆယ်စုနှစ်အတွင်းမှာ
ချမ်းသာသွားနိုင်ပါတယ်။
လူတစ်ဦးတစ်ယောက်ရဲ့ဘဝဟာ အမြဲတမ်း ပုံသေရှိမနေနိုင်ပါဘူး။
ကံတရားအလျောက် ပြောင်းလဲနေရမှာပါ။ ကိုယ်ကပြည့်စုံနေတုန်းမှာ ဆွေမျိုးတွေနဲ့ ခပ်ကင်းကင်းနေခဲ့ပြီး
ကံတရားအလျောက် မပြည့်စုံတဲ့ဘဝကို ရောက်ရတဲ့အခါမှာ၊ အကူအညီလိုအပ်တဲ့အခါမှာ ဆွေမျိုးတွေဆီက
အကူအညီကို ဘယ်လိုမျက်နှာနဲ့ တောင်းခံမလဲ၊ လူဆိုတာ အတုံ့ရှိမှ အလှည့်ရှိတာပါ။
တွေ့ဖူးတဲ့ မိသားစုတစ်စုဆိုရင် ပြည့်စုံနေတုန်းမှာ
ဆွေမျိုးတွေနဲ့ အမျိုးမတော်သလိုလို ခပ်ကင်းကင်း နေခဲ့ပါတယ်။ အချိန်ကျလာလို့လား မသိပါဘူး။
အမှုတွေဖြစ်၊ ထောင်တွေကျ၊ စီးပွားရေးတွေပျက်ပြီး မပြည့်စုံတဲ့ ဘဝတစ်ခုကို နေ့ချင်းညချင်း
ရောက်သွားပါတယ်။ အဲဒီအချိန်မှာ သူတို့ ခပ်ကင်းကင်းနေခဲ့တဲ့ ဆွေမျိုးတွေက စီးပွားရေးတွေ
အဆင်ပြေလာတာပါပဲ၊ အံ့သြဖို့ကောင်းတာက သူတို့တစ်ချိန်က ခပ်ကင်းကင်းနေခဲ့တဲ့ ဆွေမျိုးတွေက
သူတို့ရဲ့ အဆင်မပြေမှုတွေကို လျစ်လျူရှုမထားကြပါဘူး၊ ဝိုင်းဝန်းပံ့ပိုးကူညီကြတာပါ။ ပစ္စည်းဝတ္တုတွေနဲ့
ပံ့ပိုးကူညီရုံတင်မကပါဘူး၊ တရားရိပ်သာတွေ လိုက်ပို့ပေး၊ ဆရာတော်ဘုရားတွေနဲ့ မိတ်ဆက်ပေး၊
အထူးသဖြင့် ဝိပဿနာတရားတွေ အားထုတ်ဖြစ်အောင် ပံ့ပိုးကူညီခဲ့ကြပါတယ်။
လူတစ်ဦးတစ်ယောက်ရဲ့ ဘဝကို ပုံသေတွက်လို့မရပါဘူး။
ဒီနေ့ ကိုယ်က သူ့ကို မောက်မောက်မာမာ ဆက်ဆံခွင့် ရလိုက်ပေမယ့် နောက်နေ့မှာ သူဟာ ကိုယ့်ရဲ့
အသက်သခင်ကျေးဇူးရှင် ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။
မမြဲတဲ့ ရုပ်နာမ် ပစ္စည်းဝတ္တုတွေကို မြဲနေဆဲကာလလေးမှာ
အဓိပ္ပါယ်ရှိရှိ သုံးစွဲတတ်ဖို့ပါ။
မြတ်စွာဘုရားက ရရှိထားတဲ့ ပစ္စည်းဝတ္တုတွေကို ဉာတကာနဉ္စ
သင်္ဂဟမင်္ဂလာဖြစ်အောင် သုံးစွဲဖို့ မယှကငှက်ကို ဥပမာပေးပြီး ဟောပြထားပါတယ်။
တောင်ကြားတွေမှာ ကျက်စားတတ်တဲ့ မယှကငှက်ဟာ ညောင်ပင်ပေါ်က
ညောင်သီးမှည့်မှည့်တွေကို တွေ့ပြီဆိုရင် `ငါ့ဥစ္စာ ငါ့ဥစ္စာ` ဆိုပြီး အော်တတ်ပါတယ်တဲ့။
အဲဒီ မယှကငှက်ရဲ့ အော်သံကြားတော့ ကျန်တဲ့ငှက်တွေက ရောက်လာကြပြီး ညောင်သီးမှည့်တွေကို
ဝိုင်းစားကြတော့တာပါပဲတဲ့။ မယှကငှက်ဟာ ကိုယ်တိုင်လည်း မစား၊ တခြားငှက်တွေကိုလည်း မစားစေလိုဘဲ
တစ်ချိန်လုံး `ငါ့ဥစ္စာ ငါ့ဥစ္စာ` လို့ပဲ အော်နေတာပါပဲတဲ့။ ရောက်လာတဲ့ငှက်တွေက စားပြီးလို့
ပြန်သွားတာတောင် မယှကငှက်ကတော့ အော်လို့ ကျန်ခဲ့တုန်းပါပဲတဲ့။
အဲဒီလိုပါပဲ၊ တချို့ပုဂ္ဂိုလ်တွေဟာ ပစ္စည်းတွေအများကြီးရှာပြီး
ကိုယ်တိုင်လည်း မသုံးဆောင်၊ ဆွေမျိုးတွေကိုလည်း မထောက်ပံ့ပဲနဲ့ နေနေတတ်ပါတယ်တဲ့၊ အဲဒီ
ပုဂ္ဂိုလ်တွေသေတော့ သူတို့မချစ်တဲ့ အမွေခံတွေက သုံးဆောင်ဖြစ်ကြပါတယ်တဲ့။
သတိရှိတဲ့ လူတွေကတော့ ကိုယ်တိုင်လည်း သုံးဆောင်၊
ဆွေမျိုးတွေကိုလည်း ကူညီထောက်ပံ့ပြီး သေလွန်တဲ့အခါ နတ်ပြည်ကို သွားရောက်ကြရပါတယ်တဲ့။
မြတ်စွာဘုရားက ဆွေမျိုးတွေကိုပစ်မထားဖို့ ကူညီထောက်ပံ့ဖို့
အခါအခွင့်သင့်တိုင်း ဟောဟောပြပါတယ်။ မြတ်စွာဘုရားက အကျိုးအပြစ်တွေကို ကြိုသိနေလို့
ဟောပြနေတော့ တပည့်သာဝကဖြစ်တဲ့ မိမိတို့ကလည်း လိုက်နာကျင့်သုံးရုံပါပဲ။
ပုထုဇဉ်တစ်ယောက်ရဲ့ဘဝဟာ ဘာမှ မရေရာလှပါဘူး။ ရေရာနေဆဲ
ပစ္စုပ္ပန်ကာလ အခိုက်အတန့်လေးမှာ ရေရာတဲ့ အလုပ်ကလေးတစ်ခုကို လုပ်မိလိုက်ဖို့ပါပဲလေ
...။
ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ်-အင်းမ)
(အလင်းတန်းဂျာနယ်)
(မင်္ဂလာအတွေးများ
စာအုပ်မှ)
bwar99.blogspot.com
No comments:
Post a Comment