ခန္တီ
*****
မေတ္တာရဲ့
အကြောင်းပွားများပုံ နည်းစနစ်နှင့်တကွ အကြောင်းအကျိုး ဆက်စပ်ပုံ ပြည့်ပြည့်စုံစုံတွေကို
ဘုန်းကြီးတို့ ယခင်ပွဲတွေမှာ ဟောထားပြီးပြီ။ အဲဒါ ဒီကနေ့တော့ မေတ္တာကို အနည်းငယ်မျှ
ပြောပြီးတော့၊ ဘုန်းကြီးတို့ `ခန္တီ´ အကြောင်းကို ဆက်လက်၍ ပြောသွားမှာ။
အားလုံး နားလည်ထားလိုက်ကြပြီ.... မေတ္တာတရားသည် ဒေါသကို ပယ်နှုတ်တယ်။ အဲဒီတော့ ဒေါသကို
မပယ်နိုင် မနှုတ်နိုင် မထိန်းနိုင်တဲ့ ပုဂ္ဂိုလ်ကလည်း ဘာဖြစ်လဲ.... `ခန္တီ´
ကို ကျင့်လို့မရဘူး၊ သည်းခံခြင်းဆိုတာဟာ ဒေါသကို ဖယ်မှ၊ အဲဒါကြောင့် ဒီကျင့်စဉ်နှစ်ခု
ပါရမီနဲ့ ပြောရင် `ခန္တီပါရမီနဲ့ မေတ္တာပါရမီ´၊ ဒီနှစ်ခုဟာ အမြှီးနဲ့ ခေါင်းပဲ ခွဲလို့မရဘူး၊
အချင်းချင်း အပြန်အလှန် Interrelated ဖြစ်နေတယ်။
`ခန္တီ´
အားကောင်းရင် မေတ္တာလည်းပဲ ကောင်းလာတယ်၊ မေတ္တာအားကောင်းလို့ရှိရင် `ခန္တီ´တရားလည်း
အားကောင်းလာတယ်။ ဗြဟ္မစရိယ တရားလေးပါးမှာ တိုက်ရိုက် ဟောတော်မှုထားတာက မေတ္တာ, ကရုဏာ,
မုဒိတာ, ဥပေက္ခာ လေးပါးပဲ။ သို့သော် `ခန္တီ´က မေတ္တာနဲ့ ခွဲမရ အမြဲတမ်း တွဲနေတာ
ဖြစ်သောကြောင့် ဘုန်းကြီးတို့က ဒါ ထည့်ပြီးတော့ တွဲဟောတာ။ ဒီတော့ `ခန္တီ´ဆိုတာ
ဘာတဲ့လဲ ဆိုတာကိုလေ ဘုန်းကြီးတို့ ပိဋကတ်မှာ လိုက်ရှာကြည့်တော့ ဗုဒ္ဓဘုရားရှင်ရဲ့ အစဆုံး
အစဆုံး......
ဟို လေးအသင်္ချေ
ကမ္ဘာတစ်သိန်းရဲ့ အစ ဒီပင်္ကရာဘုရားရဲ့ ခြေတော်ရင်းမှာ သုမေဓာဆိုတဲ့ရသေ့ ဘုရားဧကန်ဖြစ်မယ်ဆိုတဲ့
အတည်ပြုချက်ပေါ့လေ၊ ဗျာဒိတ်စကား ရပြီးတဲ့နောက် အဲဒီရသေ့လေးက ဘုရားဖြစ်ကြောင်း အကျင့်ကောင်းတွေဟာ
ဘာတွေများပါလိမ့်မလဲ။ ဒီပင်္ကရာဘုရားကတော့ Confirm လုပ်သွားပြီ မင်းဘုရားဖြစ်မယ်တဲ့။
အဲဒီဘုရားဖြစ်အောင် ဘာလုပ်ရမလဲလို့ လိုက်ရှာလိုက်တဲ့အခါမှာ ဆယ်မျိုး သွားတွေ့တယ်၊ အဲဒီဆယ်မျိုးထဲက
`ခန္တီ´ ကို သုမေဓာရသေ့လေး တွေ့ပုံပေါ့လေ၊ သုမေဓာရသေ့ဆိုတာ ပရိသတ်ရေ..
... ဂေါတမဘုရားရဲ့ အလောင်းတော် မဟုတ်လား၊ ဘုရားဖြစ်ပြီးမှ သူ့နောက်ကြောင်း ဘုရားက ဘုရားနောက်ကြောင်း
ပြန်ဟောတော့ ဗုဒ္ဓဝင်မှာ ဒါ ပါလာတယ်ဆိုတော့ ဘုန်းကြီး ခုရွတ်ဆိုပြမယ့် ပြောပြမယ့် `ခန္တီ´
အကြောင်းက ဘုရားမဖြစ်ခင် ဘုရားအလောင်းရဲ့ဘဝ အစတည်းက ကျင့်လာတဲ့ ခန္တီမျိုးဆိုတာကို ကွဲကွဲပြားပြား
ခြားခြားနားနားလေးတော့ နားလည်ထားလိုက်ရအောင်........
`ယထာ စ ပထဝီ
နာမ၊
အသုစိမ္ပိ
သုစိမ္ပိစ။
သမံ သဟတိ
နိက္ခိတ္တံ၊
န ကရောတိ
ပဋိဃာနုနယံ။
(ဇာ၊ဋ္ဌ။ ၁။
၂၈)
`သုမေဓ´-
ဟဲ့ သုမေဓာ၊ `ပထဝီ နာမ´- မြေကြီးမည်သည်ကား၊ `နိက္ခိတ္တံ´-
သူ့အပေါ် ရောက်ရောက်လာတဲ့ ကျရောက်ကျရောက်လာတဲ့၊ `အသုစိမ္ပိစ´-
အညစ်အကြေး တွေကိုဖြစ်စေ၊ `သုစိမ္ပိစ´- သန့်ရှင်းစင်ကြယ်တဲ့ မွှေးမျိုးနံသာ
ပန်းတွေကိုပဲဖြစ်ဖြစ်၊ `သမံ သဟတိ´- အညီအမျှ သူလက်ခံထားတယ်။
မြေကြီးပေါ်မှာနေတဲ့
ဒီလူတွေ နေ့တိုင်း ဒီမြေပေါ်မှာပဲ မစင် ကျင်ငယ် စွန့်ကြတယ်။ မြေပေါ်လဲ နေသေးရဲ့ ဒီမြေကြီးပေါ်မှာ
နေတဲ့လူတွေဟာ မြေကြီးပေါ်မှာပဲ အညစ်အကြေးတွေ စွန့်ချတယ်။ လူလောက စကားလိုပြောရင်နော်၊
ငါ့ထမင်းလည်း စားသေးရဲ့ ငါ့အိမ်ပေါ်လည်း နေသေးရဲ့ ငါ့လည်း စော်ကားသေးရဲ့ ဆိုတာမျိုးဖြစ်တယ်။
မြေကြီးပေါ်နေတဲ့ ဒီလူတွေ မြေကြီးပေါ်မှာပဲ မစင်တွေ သွန်ချတယ်။ ဟာ ဒီမြေကြီး လှချင်လို့ဆိုပြီးတော့
ပန်းပင်တွေ စိုက်ကြပြီး မြေကြီး အလှပြင်တော့လည်း ဒီမစင်စွန့်တဲ့ လူတွေပဲ။ အဲဒီတော့
မြေကြီးက နေ့တိုင်းနေ့တိုင်း သူဘာရလဲ.... နှစ်မျိုး။ ပါဠိစာလုံးအတိုင်းပြောရင် ပရိသတ်ရေ
အသုစိနဲ့ သုစိလို့ ဒီလိုပြောတယ်၊ ပြောကြည့်ပါ.....။
`အသုစိ´နဲ့
`သုစိ´ပါဘုရား....။
အသုစိဆိုတာ
အညစ်အကြေး၊ သုစိဆိုတာက မွှေးမျိုးနံ့သာနဲ့ ပန်းတွေ၊ အဲဒီနှစ်မျိုး။ `သမံ သဟတိ နိက္ခိတ္တံ´-
ကျရောက်လာတိုင်း ကျရောက်လာတိုင်းကို၊ `သမံ´- အညီအမျှ၊ `သဟတိ´-
သူ လက်ခံထားတယ်။ ကျရောက်လာတဲ့ ဒီနှစ်မျိုးကို သူ လက်ခံတဲ့နေရာမှာ အညီအမျှပဲ၊ အညစ်အကြေးတွေ
ကျလို့ စိတ်ပျက်ပါတယ်ဆိုတာ သူ့မှာ မရှိဘူး။ မွှေးမျိုးနံသာ ပန်းတွေနဲ့ ခြယ်မှုန်းတန်ဆာဆင်လို့လည်းပဲ
`အောင်မလေး ကြိုက်လိုက်တာ´လို့ ဒီလိုလည်းပဲ မရှိဘူးပေါ့။ အင်္ဂလိပ်လိုပြောရင်တော့
Pleasant and unpleasant ၊ နှစ်သက်စရာကောင်းလိုက်တာ Pleasant ဆိုတော့ Attach ဖြစ်ပြီးတော့
မက်သွားတယ်။ Unpleasant မနှစ်မျို့စရာတွေပဲဟေ့ ဆိုပြန်တော့လဲပဲ Deatach ဖြစ်ပြီးတော့
Depress ပေါ့။ စိတ်ပျက်ပြီးတော့ ပရိသတ်ရေ ဒါ တွန်းထုတ်ချင်တာ၊ မကောင်းဘူးဆိုလို့ရှိရင်
စိတ်ပျက်ပြီးတော့ ဘာလုပ်ချင်လဲ.... ငြင်းပယ်တယ်၊ ဒါ Reject ။ ကောင်းတယ်ဆိုတော့လည်း
ဘာဖြစ်လဲ.. .. နှစ်သက်ပြီးတော့ ပွေ့ပိုက်ထားချင်တယ်၊ ဒီလိုမဟုတ်လား။ Attach ဖြစ်တော့
ဒါကို Accept လို့ ဒီလိုလေးခေါ်တယ်။
မြေကြီက အဲဒီနှစ်မျိုး
ပရိသတ်ရေ လုပ်ရဲ့လား၊ မလုပ်ဘူး။ အညစ်အကြေး လာလို့လည်းပဲ သူသည် စိတ်ပျက်သလား၊ စိတ်မပျက်ဘူး။
Depression မဝင်ပါဘူး။ ပန်းတွေနဲ့ အလှပြင်ထားတော့လည်းပဲ မက်မက် မောမော ရှိသေးလား၊ မရှိပါဘူး။
အဲဒါကို သုမေဓာ ရသေ့ကလေး မိန့်တဲ့စကားက `န ကရောတိ ပဋိဃနုနယံ´၊
ပဋိဃနုနယံ - ပဋိဃနဲ့ အနုနယ ဒီနှစ်ပါးကို၊ `နကရောတိ´- သူ မပြုဘူး။ အင်္ဂလိပ်စာလုံးမှာတော့
ခုန ပြောသွားတဲ့ Attach နဲ့ Deatach၊ Accept နဲ့ Reject ဒီလိုပြောတာ။ အော် ဒေသနာကလည်းပဲ
အစုံလိုက်ပဲ ပြောပါတယ်။ ယမကဒေသနာ ဖြစ်တယ် ဘာပြောလဲလို့ဆိုတော့ `ပဋိဃ နဲ့ အနုနယ´။
ဘာနဲ့ ဘာလဲ.. ....
ပဋိဃနဲ့ အနုနယပါ
ဘုရား......။
`ပဋိဃ´
ဆိုတာက စိတ်ထိခိုက်တာ၊ `အနုနယ´ ဆိုတာက မက်မောတွယ်တာပြီးတော့ နေနေတာ။
အညစ်အကြေး ဆိုတော့ စိတ်ထိခိုက်စရာပဲ၊ မကောင်းဘူး။ အား ပန်းမန်းတွေဆိုတော့လည်း ဘာဖြစ်လဲ..
.. မက်မောစရာ။ အဲဒါကို သူ့ ခံယူချက်က ငါ `ပဋိဃ´ လည်းမလုပ်ဘူး။ `အနုနယ´လည်းမလုပ်ဘူး။
မကောင်းတာမှန်သမျှပေါ်မှာ `ပဋိဃ´ဆိုတဲ့ Depression စိတ်ညစ်ခြင်း သူ
မဖြစ်ဘူး။ ကောင်းတာတွေ လာချင်တိုင်းလာ၊ ဘာဖြစ်လဲ.. .. မက်မောတွယ်တာခြင်းဆိုတဲ့ `အနုနယ´
Attach မဖြစ်ဘူး။ အဲဒီတော့ ဘယ်လို သဘောရသွားသလဲဆိုတော့ ဘုန်းကြီးက ကြိုက်သွားတာက `အော်
ဟိုဘက် ဒီဘက် အစွန်းမထွက်အောင် အလယ်က သွားတဲ့ ကျင့်စဉ်´
အဲဒါကို ဘာခေါ်မှာတဲ့လဲ `ခန္တီ ´။
ကောင်းလွန်းလို့လည်းပဲ
ပရိသတ်ရေ.. ... မမက်မောနဲ့၊ ကောင်းတဲ့ဘက် ယိုင်ယိုင်ပြီးတော့ အကောင်းကို သည်းမခံနိုင်တဲ့
လူ များတယ်။ ဆိုးလွန်းလို့လည်းပဲ စိတ်ပျက် စိတ်ပျက်မသွားနဲ့၊ အဆိုးကိုလည်းပဲ ခံ၊ ကောင်းတာကိုလည်းပဲ
တဏှာရမက် ငန်းငန်း မတက်မိအောင် ဘာလုပ်ရမလဲ.. ..ခံရမယ်။ အဲဒီလို နှစ်မျိုး အစွန်းမထွက်အောင်
ခံသွားတဲ့ သည်းခံသွားတဲ့ ဒီအကျင့်က ပါရမီမြောက်တယ်။ အဲဒါ ဘာပါရမီခေါ်လဲ.... ခန္တီပါရမီ
ဟုတ်လား။ `န ကရောတိ ပဋိဃာနုနယာ၊ အသုစိမ္ပိစ´- အညစ်အကြေးတွေကိုပဲ ဖြစ်ဖြစ်၊ `သုစိမ္ပိ´-
မွှေးမျိုးနံသာ ပန်းတွေကိုပဲဖြစ်ဖြစ်၊ `ယထာ နိက္ခိတ္တံ´- ကျရောက် ကျရောက် လာတဲ့အတိုင်း၊ `သဟတိ´-
သူ လက်ခံထားတယ်။ `ပဋိဃာနုနယ´- မက်မောခြင်းနဲ့ စိတ်ပျက်ခြင်း၊ အဲဒီ
`ပဋိဃ, အနုနယ´ ဒီနှစ်ပါးကို၊ `န ကရောတိ´-
ဘယ်တော့မှ မပြုဘူး။ `တံ တာဒိသံ´- ထိုကဲ့သို့ သဘောရှိတဲ့၊ `စရဏံ´-
အကျင့်ကို၊ `ခန္တီတိ´- ခန္တီခေါ်ရတယ်ရယ်လို့၊ `ဒဋ္ဌဗ္ဗာ´-
ကောင်းစွာမသွေ မှတ်ထိုက်ပါပေကုန်သတည်း။
သာဓု... သာဓု...သာဓုပါဘုရား..
..။
သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ
No comments:
Post a Comment