♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
♦ ဖားနတ်သားဝတ္တုဆိုတာလဲ
ကြားဖူးကြမှာပေါ့၊ တစ်ချိန်က မြတ်စွာဘုရား စမ္ပါမြို့ ရေကန်ကြီးအနီးမှာ စမ္ပါမြို့သူမြို့သားတွေကို
တရားဟောနေစဉ် ဖားကလေးတစ်ကောင် ခုန်ဆွ ခုန်ဆွနဲ့ ရေကန်ထဲက တက်လာတယ်။
♦ တရားဟောတဲ့အနားရောက်တော့
တရားသံကို သူကြားရတယ်၊ နိဗ္ဗာန်ရောက်ကြောင်းတရားလို့လဲ သူနားမလည်ပါဘူး၊ ကုသိုလ် အကုသိုလ်လို့လဲ
ကွဲကွဲပြားပြားမသိဘူး၊ နားထောင်လို့ ကောင်းလိုက်တာဆိုတဲ့ အသိလေးပဲရှိတယ်။
♦ ငါ့ကို
ခြိမ်းခြောက်တဲ့အသံလဲ မဟုတ်ဖူး၊ အန္တရာယ်ပြုမယ့်အသံလဲ မဟုတ်ဖူး၊ အေးချမ်းလိုက်တာလို့
သူသိပြီးနေတယ်။
♦ ဘုရားရဲ့
မေတ္တာဓာတ်ကြောင့် မေတ္တာအရှိန်အဝါပါတဲ့ တရားစကားနာရတော့ ဖားလေးရဲ့ စိတ်နှလုံးထဲ အေးချမ်းတာနဲ့
ရှေ့မသွားပဲ ရပ်ပြီး ဖားကလေး တရားနာတယ်။
♦ အဲဒီအချိန်မှာ
နွားကျောင်းသားတစ်ယောက်ကလဲ လူစုစုဝေးဝေးမြင်တာနဲ့ ရောက်လာတယ်၊ တရားနာဖို့ မဟုတ်ဖူး၊
လူစုစုဝေးဝေးမြင်လို့ ကြည့်ဖို့လာတာ၊ သူ့လက်ထဲမှာ တစ်ဖက်မှာ သံချွန်တပ်ထားတဲ့ တုတ်ကြီးကိုင်လာပြီး
တရားပွဲနားရောက်တော့ တရားမနာပဲ လူတွေကို မော့ကြည့်နေတယ်။
♦ လက်ထဲကိုင်ထားတဲ့တုတ်ကို
မြေကြီးပေါ်စိုက်ထောင်ပြီး ထောက်လိုက်တော့ မြေကြီးပေါ်ထောက်တဲ့ဘက်က သံချွန်တပ်တဲ့ဘက်
ဖြစ်နေတယ်၊ ဖြစ်ရုံတင်မကဘူး၊ တရားနာနေတဲ့ ဖားကလေး ကျောပေါ်ကိုလဲ အမှတ်တမဲ့ ထောက်မိပြီးသား
ဖြစ်နေတယ်။
♦ ဖားကလေးက
တရားနာကောင်းနေတော့ သံချွန်ထောက်ခံရတာတောင်မှ နွားကျောင်းသားကို မပြစ်မှား စိတ်မဆိုးအားဘူး၊
ကြည်လင်တဲ့စိတ်နဲ့ စူးစိုက်ပြီးနာနေတယ်။
♦ ဖားကတရားနာတယ်၊
လူက မောဟကြီးနဲ့ကြည့်နေတယ်၊ လောကကြီးက တစ်ခါတစ်ရံ အဲသလို ပြောင်းပြန်ကြီးကလဲ ရှိသေး။
♦ သံချွန်တပ်ထားတဲ့တုတ်က
ဖားကျောပေါ်ထောက်မိတော့ ကြာတော့ ဘယ်ခံနိုင်မတုန်း၊ တရားနာနေတဲ့ ဖားကလေး သေသွားရှာတယ်၊
တရားနာရင်းသေသွားတော့ တရားနာရတဲ့ကျေးဇူးကြောင့် တာဝတိံသာ နတ်ပြည်မှာ ချက်ခြင်း နတ်သားသွားဖြစ်တယ်၊
ဉာဏ်အလွန်ကြီးတဲ့ တိဟိတ်နတ်သားတစ်ပါး သွားဖြစ်တာ၊ တရားနာရတဲ့ ကျေးဇူးပါ။
♦ ကြည်လင်စင်ကြယ်တဲ့
စိတ်ကလေးနဲ့ စူးစိုက်ပြီး တရားနာရတဲ့ ကျေးဇူး၊ ကုသိုလ်၊ အကုသိုလ်လို့ သရုပ်ကွဲတာလဲ
မဟုတ်ဖူး၊ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းလို့လဲ သိတာမဟုတ်ဖူး၊ ကြည်လင်တဲ့ စိတ်၊ နားထောင်ကောင်းလိုက်တာဆိုတဲ့
အသိစိတ်နဲ့ တရားနာခဲ့တာ၊ အဲဒီ ကြည်လင်တဲ့ စွမ်းအားလေးက ဉာဏ်ကိုသွားအကျိုးပေးပြီး ဉာဏ်အလွန်ကြီးတဲ့
တိဟိတ်နတ်သား သွားဖြစ်တယ်။
♦ ဒါကြောင့်
တရားနာတဲ့အခါ စိတ်ပါလက်ပါနာဆိုတာ အဲဒါပြောတာ၊ တရားနာတဲ့အခါ တရားနာတာတစ်ခုပဲ စူးစိုက်၊
အဲဒီ အသိဟာ ကိုယ့်ကို တစ်ချိန်ချိန် ကောင်းကောင်းကျေးဇူးပြုမှာ သေချာပြီးသားပါ။
♦ နှလုံးသွင်းဆင်ခြင်ရင်းနဲ့
လက်တွေ့အလုပ်လုပ်ရင်းနဲ့ နာတယ်ဆိုရင်တော့ မပြောပါနဲ့တော့ပေါ့၊ ဘာမှမသိပဲနဲ့ နာတာတောင်မှပဲ
တရားဆိုတာက မေတ္တာကရုဏာ တရားစွမ်းအားအခြေခံတဲ့ အင်အားတွေဆိုတော့ နာလိုက်ရတာ စိတ်ကိုကြည်ပြီး
အေးချမ်းသွားတာချည်းပဲ။
♦ ဖားလေးဟာ
တာဝတိံသာနတ်ပြည်မှာ ဉာဏ်အလွန်ကြီးတဲ့ တိဟိတ်နတ်သား သွားဖြစ်ပြီး စည်းစိမ်တွေလဲ တယ်ကြီးကျယ်ဆိုပဲ၊
သို့သော် ဉာဏ်ကလေးကပါလာတော့ အောက်ခြေမလွတ်ဖူး၊ အပိုင် အငှား သရုပ်ကွဲတယ်။
♦ `အို
... ဒီစည်းစိမ်တွေ ဘယ်လောက်ကြီးတယ်ပြောပြော အငှားပါ၊ အချိန်စေ့တော့ ပျောက်ကွယ်ကုန်ကြမှာ၊
ကိုယ်ပိုင်ဆိုတာ တရားပါ၊ ငါအခု ဒီကိုရောက်လာတာ ဖားဘဝက တရားနာခဲ့တာကြောင့် ရောက်လာတာပဲ၊
ဖားဘဝ၊ ဖားရဲ့နားနဲ့ နာခဲ့ရတဲ့တရားတောင် ဒီလောက် အစွမ်းသတ္တိရှိသေးတယ်ဆိုရင် ယခု နတ်ဖြစ်နေပြီ၊
နတ်ရဲ့ အသိ၊ နတ်ရဲ့ နားနဲ့များ နာကြားလိုက်ရမယ်ဆိုရင် တရားက ငါ့ကို ဧကန်မြင့်မားသွားအောင်
စွမ်းဆောင်နိုင်ရမှာပေါ့ ` လို့ တရားအပေါ်မှာ ယုံကြည်အားကိုးမှုတွေ ကြီးမားစွာဖြစ်ပေါ်လာတယ်။
♦ ` ဘဝဆိုတာ
သုံးလို့ဖြစ်တုန်း သုံးရမယ်လေ၊ သုံးလို့မဖြစ်ခါမှ သွားသုံးလို့ဖြစ်မှာမဟုတ်ဖူး၊ မေ့ပြီး
စည်းစိမ်တွေခံစားဖို့ အချိန်မပေးနိုင်သေးဘူး၊ နတ်စည်းစိမ်ချမ်းသာထဲမှာ မေ့မြောသွားမယ်ဆိုရင်
နောက်ထပ် အပါယ်ကိုမရောက်ဖူးလို့ အာမမခံနိုင်ဘူး၊ ငါ့အတွက် အရေးကြီးတာက တရားပဲ၊ ဒါကြောင့်
ကိုယ့်ကိုကိုယ် အာမခံချက်ရအောင် အရင်လုပ်မှဖြစ်မယ်` ဆိုပြီး ချက်ခြင်း နတ်သားဘဝနဲ့
မြတ်စွာဘုရားထံရောက်လာ၊ မြတ်စွာဘုရားထံမှာ တရားနာ၊ သောတာပန်ဖြစ်သွားတယ်၊ ဘဝအာမခံရသွားတယ်၊
ပြီးမှ တာဝတိံသာနတ်ပြည် ပြန်သွားတယ်။
♦ ဒါကြောင့်
သာသနာနဲ့တွေ့ကြုံခွင့်ရမယ်ဆိုရင် ဖားတောင် စိတ်အေးရတယ်၊ တို့က လူတွေပဲလို့ ကိုယ့်ဟာကိုယ်
အားတင်းပြီးမှ သာသနာနဲ့တွေ့ကြုံခိုက်မှာ ကြိုးစားကြရမှာပေါ့။
♦ လမ်းကောင်းလမ်းမှန်
ညွှန်ပြပေးမယ့် ဆရာကောင်း သမားကောင်းတွေကလဲ ရှိနေတယ်၊ ကိုယ်ကလဲ သုံးလို့ဖြစ်တဲ့ဘဝကောင်းတစ်ခု
ရနေတဲ့အခိုက် လမ်းကြောင်းကလဲ ပြတ်သားနေခိုက်မှာ ကြိုးစားကြရမှာပဲ။
♦ သာသနာက
ပစ္စုပ္ပန်ကိုသာ အရေးတကြီး တောင်းပါတယ်၊ သာသနာနဲ့တွေ့ရင် တိရစ္ဆာန်တောင်မှ စိတ်အေးရတယ်ပေါ့။
တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက
ယောဆရာတော်ကြီး
(စိတ်အေးစရာ
သာသနာ တရားတော်မှ)
(စာရိုက်ပူဇော်သူ
လှိုင်တိုး)
bwar99.blogspot.com
No comments:
Post a Comment