အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, May 10, 2017

ကဆုန်လပြည့် မြတ်ဗုဒ္ဓအခါတော်နေ့


ကဆုန်လပြည့် မြတ်ဗုဒ္ဓအခါတော်နေ့


♣ ကဆုန်လသည် နှစ်တစ်နှစ်၏ ပဌမအစဦး ထူးခြားသောလဖြစ်သည်။
တန်ခူးလသည် မည်သည့်နှစ်တွင်မျှ တစ်လလုံးလုံး နှစ်ဦးအစ
ပဌမလမဖြစ်ခဲ့၊ ရှေ့ပိုင်းက နှစ်ဟောင်းထဲ ဝင်သွားတတ်သည်။
ကဆုန်လကား တစ်ခါတစ်ရံသာ လေးငါးရက်ခန့်
နှစ်ဟောင်းထဲ ပါဝင်တတ်သည်၊ များသောအားဖြင့်
ကဆုန်လတစ်လလုံးလုံး နှစ်သစ်သို့ ပါဝင်သည်ကများ၍
နှစ်၏အစဦး ထူးသောလဖြစ်သည်။

♣ ကဆုန်လသည် နွေရာသီ၏ ဗဟိုချက်မ အလယ်တွင်ကျသဖြင့်
အလွန်ပူပြင်း၏၊ “ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” ဆိုသည့်အတိုင်း
ပုံမှန်ငြိမ်သက်၍ မနေနိုင်၊ ဆွေ့ဆွေ့ခုန်နေရလုမတတ်
အပူရိုန်က လွန်ကဲလေသည်၊ ထို့ကြောင့် မဟာအတုလမင်းကြီးက
“နေဝင်းငယ် စက်ရိုန်၊ တောက်လောင်ငယ် ထိန်သည်၊
ဖလ်သူရိန် တေဇာကြောင့်၊ ပူဗျာပါကဲတဲ့ လကိုလေး.....” ဟု
စာဖွဲ့ခဲ့သည်၊ စာဆိုတော် ဦးပြုံးချိုကတော့
“ နေနန်းရယ်တဲ့ ဖလ်သူရိန်၊ တန်ခိုး ဥဏှဂူနဲ့၊
ကဆုန်ဟူ သည်မာသမှာ ပြင်းပြပူရှိန်၊ ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့၊
ထွန်းလှတဲ့ ငွေတာရီငယ် ဒွတ္တိံသာနေ့စွဲ၊ ပန်းစကားဝါ နန်းဘမရာ
ကေသီဆင်လို့၊ ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့၊
ညိမ့်ညောင်းအောင် ထာဝစဉ်ဖြင့် ခါသဘင်
ညောင်ရေသွန်းကြတယ်ကွယ်......
လွမ်းစရာသည့်ပွဲ......” ဟု ကဆုန်လဘွဲ့ကို ဖွဲ့ဆိုခဲ့သည်။

♣ ကဆုန်ကို ပုဂံခေတ်က ကဆုန်၊ ကုဆုန်၊ ကူဆုန်၊ ခုဆုန်၊ ခူဆုန်ဟု
အမျိုးမျိုး ရေးသားခေါ်ဝေါ်ခဲ့ကြသည်ကို ထိုခေတ်က
ကျောက်စာတို့၌ တွေ့ရသည်။
ထိုတွင် ကူဆုန်၊ ကုဆုန်၊ ခူဆုန်ဟူသော ဝေါဟာရတို့သည်
ကုဆုန်မှ ရွေ့လျောပြောင်းလဲလာခြင်း ဖြစ်သည်၊
ထိုမှ ကဆုန်ဟု ဖြစ်လာသည်၊ ကဆုန်မှ က အက္ခရာက
“ ရေ ”ဟူသောအနက်ထွက်သည်၊
ဆုန် က သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပါယ်ထွက်သည်။
ပညာရှိတို့က “ကံ ဥဒကံ ဆိန္ဒတီတိ ကဆိနံ” ဟု ဝစနတ္ထပြုကြသည်၊
ယောမာသော- အကြင်လသည်၊
ဥဒကံ - ရေကို၊ ဆိန္ဒတိ - ဖြတ်တတ်၏၊
ဣတိတသ္မာ- ထို့ကြောင့်၊
သောမာသော - ထိုလသည်၊
ကဆိနံ - ကဆုန်မည်၏၊ အဓိပ္ပါယ်က
“ရေပြတ်သောလ”ဟု အဓိပ္ပါယ်ရသည်။
ရှေးလူကြီးတို့ကလည်း “တန်ခူး ရေကုန်၊
ကဆုန် ရေခန်း” ဟု ဆိုခဲ့ကြသည်။

♣ ဗုဒ္ဓဘာသာဓလေ့ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်
ကျင်းပကြသည်၊ နှစ်ဦးအစ ကဆုန်လတွင် လာလတံ့သော
တစ်နှစ်ပတ်လုံး ဘေးရန်ကင်းရှင်း ကောင်းကျိုးချမ်းသာ
ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံစေရန် ဘုရားပွင့်တော်မမူမီ
ရှေးရှေးအခါကပင် ညောင်ပင်မှာ ရေသွန်းလောင်းလျက်
ဆုတောင်းဆုယူ ပြုလုပ်ခဲ့ကြလေသည်။

♣ ဗုဒ္ဓဘာသာဝင်တို့၏ အိမ်ဦးမှာ တတ်နိုင်သည့်အလျောက်
စင်ဆောက်ပြီး ထိုစင်ပေါ်၌ အိုးသုံးလုံးကို ရေထည့်၍
သင့်လျော်သည့်ပန်းများ ထိုးစိုက်ထားတတ်ကြသည်။
ထိုစင်ကို ညောင်ရေအိုးစင်၊ အိုးများကို ညောင်ရေအိုး၊
ပန်းများကို ညောင်ရေအိုးပန်း၊ အိုးထဲကရေကို “ညောင်ရေ”ဟု
အားလုံးက ခေါ်ဝေါ်ကြသည်။ဈေးထဲက ပန်းသည်ကပင်
“ ညောင်ရေအိုးပန်း” ဟူ၍ ပြောဆိုရောင်းချသည်။
ဤညောင်ရေကား အဓိက ဘုရားကို လှူဒါန်းပူဇော်ခြင်းဖြစ်သည်။

♣ ညောင်ပင်သည် လူတို့စိတ်မှာ အခြားအပင်တို့ထက်
ပို၍ ထူးကဲ သောသဘောရှိနေသည်။
ထို့ကြောင့် ဘုရားမပွင့်မီ ရှေးပဝေသဏီကပင်
ကဆုန်လပြည့်နေ့၌ ညောင်ပင်မှာ ရေသွန်းလောင်းပြီး ၊
ပူဇော်ပသပွဲကျင်းပကာ လိုရာဆုကိုတောင်းသော
အစဉ်အလာရှိခဲ့သည်။

♣ သဘောကတော့ ညောင်ပင်စောင့် ရုက္ခဇိုဝ်းနတ်ထံ
ဆုတောင်းကြခြင်းပင်ဖြစ်သည်။ ဘုရားပွင့်တော်မူလာမှ
နတ်တို့ပူဇော်ခြင်းမှ ဘုရားကိုပူဇော်ခြင်းသို့ ပြောင်းလဲ၍
ဗောဓိညောင်ဗုဒ္ဓဟေပင်ကို ရေစင်ရေသန့်တို့ဖြင့်
သွန်းလောင်းကာ ညောင်ရေသွန်းပွဲ ကျင်းပကြလေသည်။

♣ “ဖွားမြင်၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ၊ နိဗ္ဗာန်ကြွတော်မူ၊
ကဆုန်လပြည့်၊ ဗုဒ္ဓနေ့၊ မမေ့မှတ်ခါယူ” ဟူသည့်အတိုင်း
ဂေါတမဘုရားအလောင်း သဒ္ဓိတ္တမင်းသားသည်
ကဆုန်လပြည့်နေ့တွင် ဖွားမြင်တော်မူသည်၊
ကဆုန်လပြည့်နေ့မှာပင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်၊
ကဆုန်လပြည့်နေ့မှာပဲ ပရိနိဗ္ဗာန်ဝင်စံတော်မူသည်၊
နိယတ ဗျာဒိတ်ခံယူစဉ်ကလည်း ကဆုန်လပြည့်နေမှာပဲ
ခံယူခဲ့သည်။
ဗျာဒိတ်ခံယူတာကတော့ ဂေါတမအလောင်းတော်သာ မဟုတ်၊
အလောင်းတော်ဟူသမျှ ကဆုန်လပြည့်နေ့မှာပဲ
ဗျာဒိတ်ခံယူသည်ဟုဆိုသည်။

♣ အကြောင်းက ကဆုန်လသည် နှစ်ဦးအစ လထူးလမြတ်
ဖြစ်သောကြောင့် ဖြစ်သည်။လွန်ခဲ့သော လေးအသေင်္ချေနှင့်
ကမ္ဘာတစ်သိန်း ဟိုဘက်မှာ ဂေါတမဗုဒ္ဓအလောင်းတော်
သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ ဘုရားရှင်ထံတော်မှောက်၌
နိယတ ဗျာဒိတ်ပန်း ဆင်မြန်းတော်မူခဲ့သည်။
ထိုနေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။

♣ ရမ္မာဝတီပြည်သူပြည်သားတို့သည် အသဒိသမဟာဒါနကြီး
စီရင်ကြပြီး ဒီပင်္ကရာ ဘုရားရှင်အား နောက်ပါရဟန္တာလေးသိန်း
နှင့်အတူ ဆွမ်းဘုဉ်းပေးကြွဖို့ ပင့်လျှောက်ထားကြသည်။
အလောင်းတော် သုမေဓာရှင်ရသေ့ ကောင်းကင်မှ ဈာန်ခရီးကြွခိုက်
မြေပြင်မှာ လမ်းပြင်နေတာတွေ့လို့ ဆင်းမေးသောအခါ
အကြောင်းစုံကို လျှောက်ထားကြသည်။

♣ သုမေဓာရသေ့က သူလည်း ကုသိုလ်ရယူလိုပါသဖြင့်
တစ်နေရာရာပေးရန် တောင်းဆိုသောအခါ ရွှံ့ ဗွက်ထူထဲ
ခက်ခဲသော နေရာကို ပေးကြသည်။

♣ သုမေဓာရှင်ရသေ့ လမ်းပြင်လို့မပြီးသေးမီ
“ဒီပင်္ကရာ ဘုရားရှင်”ကြွလာတော်မူသည်။
ထိုအခါ သုမေဓာရှင်ရသေ့က “ယနေ့ ငါသည် ဘုရားထံတော်၌
အသက်ကို စွန့်လှူသင့်၏၊ ဘုရားရှင်သည် ညွန်ပြောင်း၌
ဆင်းရဲစွာ နင်းကြွတော်မမူပါစေလင့်၊ ပတ္တမြားပျဉ်တံတားကို
နင်းကြွတော်မူသကဲ့သို့ ရဟန္တာ လေးသိန်းနှင့်အတူ
♣ ငါ၏ကျောပြင်ကိုနင်း၍ ကြွတော်မှုပါစေသတည်း၊
ထိုသို့နင်းကြွတော်မူခြင်းသည် ငါ့အတွက် ရှည်စွာသော
ကာလပတ်လုံး စီးပွားချမ်းသာရဖို့ရန် ဧကန်ဖြစ်လိမ့်မည်” ဟု
စိတ်ဆုံးဖြတ်ကာ ခန္ဓာကိုယ်ကို တံတားခင်းလှူတော်မူသည်။
ဘုရားရှင်ကို ဖူးမြော်ကြည်ညိုပြီး မိမိလည်း ဘုရားဖြစ်အောင်
အားထုတ်ဖို့ ဆုံးဖြတ်ချက်ချတော်မူသည်။

♣ ထိုအခိုက် သုမိတ္တာ လုံမေပျိုလေးသည် ဘုရားဖူးဖို့
ရောက်အလာ သုမေဓာရှင်ရသေ့ကို တွေ့မြင်ရသဖြင့်
ကြည်ညိုချစ်ခင်မေတ္တာသက်ဝင်ပြီး ပါလာသော
ကြာရှစ်ခိုင်တွင် အရှင်ရသေ့အား ငါးခိုင်လှူကာ
“အရှင်ရသေ့.... အရှင့်အား ကြာငါးခိုင်လှူပါ၏၊
ဘုရားရှင်အား အရှင်အလိုရှိသလို လှူဒါန်းပါ၊
ကျန်သုံးခိုင်က တပည့်တော်မ လှူဒါန်းပါမည်၊
အရှင်သည် ဘုရားဖြစ်ဖို့ ပါရမီတော်တွေ ဖြည့်ကျင့်နေသမျှ
ကာလအတွင်း တပည့်တော်မသည် အရှင်နှင့်အတူတကွ
အေးအတူပူမျှ ပါရမီဖြည့်ဖက် ဖြစ်ရပါစေသတည်း”
ဟု ဆုပန်လေသည်။

♣ သုမေဓာရှင်ရသေ့လည်း ကြာပန်းငါးခိုင် ဘုရားလှူကာ
သမ္မာသမ္ဗောဓိဉာဏ် ဆုပန်ကြည်ဖြူ ပူဇော်လေသည်၊
ထိုအခါ ဒီပင်္ကရာ ဘုရားရှင်က
“ ရဟန်းတို့.. .... ထက်မြက်သောအကျင့်နှင့် ပြည့်စုံသော
ဤရသေ့ကို ကြည့်ရှုကြကုန်လော့၊ ဤသုမေဓာရှင်ရသေ့သည်
ဤကမ္ဘာမှနောက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌
လူသုံးပါးဝယ် ဘုရားစင်စစ် ဧကန်ဖြစ်ရစ်လိမ့်မည်။
သုမိတ္တာ လုံမေပျိုလေးသည် ရသေ့၏ ဘုရားဖြစ်ရန်
အကျိုးငှါ စိတ်တူကံတူ အညီအမျှပြုလုပ်သူ၊
ကိုယ်နှုတ်နှလုံးသုံးပါးသောအမှုဖြင့် ချစ်ခင်နှစ်သက်သူ ဖြစ်ပေလိမ့်မည်။
အလွန်ရှုချင်စဖွယ် တင့်တယ်လှပသူ၊ ချစ်ခင်နှစ်လိုဖွယ်ရှိသူ၊
စိတ်နှလုံးကို ပွားစေသူ၊ ချစ်ဖွယ်စကား ပြောကြားတတ်သူ ဖြစ်ပေလိမ့်မည်။”
ဟု ဗျာဒိတ်စကား မြွက်ကြားတော်မူခဲ့သည်၊
ထိုနေ့သည် ကဆုန်လပြည့်ဖြစ်သည်။

(သန္ဓေယူခါ ဆယ်လကြာသော်၊
မဟာသက္ကရာဇ် ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့် သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံညီ လုမ္ဗိနီ၌၊
မဟီလှိုက်ဆူ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ ကိန်းပါကိုး ....။)

♣ မယ်တော် မဟာမာယာဒေဝီသည် မယ်တော်ခမည်းတော်များနှင့်
ဆွေတော်မျိုးတော်များရှိရာ ဒေဝဒဟပြည်သို့ အလည်အပတ်သွားလိုသဖြင့်
သုဒ္ဓေါဒနမင်းကြီးထံ ခွင့်ပန်ရာ ခွင့်ပြုသဖြင့် ဇာတိချက်ကြွေ မွေးရပ်မြေသို့
အလည်အပတ်သွားလေသည်၊ ထိုအခါသည် အလောင်းတော်
ကိုယ်ဝန်ကို လွယ်ထားရာ ဆယ်လပြည့်မြောက်သောအခါ ဖြစ်သည်။
နှစ်ပြည်ထောင်ကြား လမ်းခရီးတွင် လုမ္ဗိနီဥယျာဉ်တော်သို့
ခေတ္တဝင်ရောက်နားနေခိုက် အလောင်းတော်ကို မီးရှုးသန့်စင်
ဖွားမြင်တော်မူသည်၊ ထိုနေ့ကား မဟာသက္ကရာဇ် ၆၈ ခု၊
ကဆုန်လပြည့်၊ သောကြာနေ့ ဖြစ်သည်။

(တောရပ်မြိုင်ပေါ် ခြောက်နှစ်ပျော်၍၊
ခါတော်တစ်ဖုံ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့် ဆင်မင်းနေ့ဝယ်၊
မြေ့ပရမေ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး ဗိတာန်ထီးနှင့်၊ မညည်းကြည်ဖြူ နေတော်မူလျှက်၊ရန်သူခပင်း အမိုက်သင်းကို၊ အလျှင်းပယ်ဖျောက် အလင်းပေါက်က၊
ထွန်းတောက်ဘုန်းတော် သောင်းလုံးကျော်သည်၊
သုံးဖော်လူတို့ ငြိမ်းစေကိုး။)

♣ အလောင်းတော်သည် ဒုက္ကရစရိယာအကျင့်ကို ခက်ခဲပင်ပန်းစွာ
ခြောက်နှစ်ကျင့်သော်လည်း ဘာတရားထူးမှမရသဖြင့် အစွန်းရောက်
အကျင့်ဟု နားလည်ပြီး မဇ္ဈိမပဋိပဒါအကျင့်ကို ကျင့်တော်မူသည်၊
ကဆုန်လပြည့်နေ့တွင် မဟာဗောဓိပင်ခြေရင်း သောတ္တိယမြက်ထမ်းပုဏ္ဏား
လှူဒါန်းသော မြက်ရှစ်ဆုပ်ကို ဖြန့်ခင်း၍ ပေါ်ပေါက်လာသော
တစ်ဆယ့်လေးတောင်မျှရှိသော ရတနာပလ္လင်ထက်၌
“အရေမျှ ကုန်လိုက ကျန်စေ၊ အကြောမျှ ကျန်လိုက ကျန်စေ၊
ငါ့တစ်ကိုယ်လုံး အသားအသွေးဟူသမျှ ခန်းခြောက်၍
သွားလျှင်လည်း သွားပါစေ၊ ငါသည် ဘုရားမဖြစ်သမျှ
ယခု ဖွဲ့ခွေထားသော တင်ပလ္လင်ကို အဘယ်နည်းနှင့်မျှ
ဖျက်လိမ့်မည် မဟုတ်” ဤသို့ အင်္ဂါလေးပါးရှိသော
ဝီရိယဖြင့် ဆောက်တည်ထိုင်နေတော် မူသည်။

♣ ညနေချမ်း နေမဝင်မီ မာရ်နတ်ရန်ကို အောင်တော်မူသည်။
“ညဥ့်ဦးယံ”တွင် ရှေးခန္ဓာအစဉ်ကို အောက်မေ့နိုင်သော
“ပုဗ္ဗေနိဝါသဉာဏ်တော်”ကို ရရှိတော်မူသည်။
“မဇ္ဈိမယံ” တွင် နတ်မျက်စိကဲ့သို့ အမြင်အားကောင်းသော
“ဒိဗ္ဗစက္ခုဉာဏ်”ကို ရရှိတော်မူသည်။
♣ “ပစ္ဆိမယံ”တွင် အာသဝေါတရားတွေ ကုန်ခမ်းသော
“အာသဝက္ခယဉာဏ်”ကို ရရှိတော်မူသည်။
ဤဉာဏ်တော်သုံးပါးကို “ပု ဒိ အာ” ဟုခေါ်သည်။

♣ အာသဝက္ခယဉာဏ်ဟူသည် အရဟတ္တမဂ်ဉာဏ်ပင်ဖြစ်သည်၊
အရဟတ္တမဂ်ဉာဏ်၏ အခြားမဲ့ အရဟတ္တဖိုလ်သို့
ရောက်တော်မူလျှင်ပင် အလွန်စင်ကြယ်သော စိတ်အစဉ်
ရှိတော်မူလျှက်
ပဋိသမ္ဘဒါဉာဏ်တော် လေးပါး၊
အသာဓာရဏဉာဏ်တော် ခြောက်ပါး၊
ဗုဒ္ဓဉာဏ်တော် တစ်ဆယ့်လေးပါး၊
အာဝေဏိကဂုဏ်တော် တစ်ဆယ့်ရှစ်ပါး၊
ဝေသာရဇ္ဇဉာဏ်တော် လေးပါးစသော
ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတော်များနှင့် တကွ
သဗ္ဗညုတဉာဏ်တော်ကြီးကိုပါ ရတော်မူပြီးသည်နှင့်
တစ်ပြိုက်နက် နေအာရုံတက်ကာ ကဆုန်လပြည့်ကျော်
တစ်ရက်နေ့သို့ ရောက်တော့သည်။

(တရားနတ်စည် ဆောင်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်
တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ
သတ္တ၀ါတို့၊ ခေမာသောင်သို့ ဖောင်ကူးတို့ဖြင့်
ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး သက်ကားရှစ်ဆယ်
စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ် သက္ကရာဇ်ဝယ်၊
နယ်မလ္လာတိုင်း စံနှိုင်းမယုတ်၊ ကုသိနာရုံ အင်ကြင်းစုံ၌၊
ကဆုန်လပြည့် အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ စံတော်မူသည်.....
ဝှမ်းဆူ သောင်းလုံးကျော်တယ်ကိုး။)

ဘုရားရှင်သည် ကာမ ရူပ အရူပဟု ဘုံအားဖြင့်
သုံးဘုံ၊ စကြ၀ဠာ တိုက်တစ်သောင်းရှိ ကျွတ်တမ်းဝင်နိုင်သော
လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ကို ခေမာသောင်ကမ်း
နိဗ္ဗာန်နန်းသို့ မဂ္ဂင်ဖောင်ကူးတို့ဖြင့် ဆောင်ပို့ပြီးသောအခါ
သက်တော်က ရှစ်ဆယ်ရှိသွားပြီ၊
ဝါတော်က လေးဆယ့်ငါးဝါရသွားပြီ၊ ထိုအချိန်ဝယ် ကုသိနာရုံပြည်၊
မလ္လမင်းတို့၏ အင်းကြင်းဥယျာဉ်၌ မဟာသက္ကရာဇ် ၁၄၈ ခု၊
ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံတော်မူသည်၊

ရင်းနှီးခဲ့သည်က ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တစ်သိန်း၊
ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်က လေးဆယ့်ငါးနှစ်သာရှိသည်။

♣ ဘုရားရှင်သည် နောက်ဆုံး သြဝါဒ ပေးတော်မူခဲ့သေးသည်
“ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ”
“ရဟန်းတို့.. ... သင်တို့အား နောက်ဆုံးမှာကြားခဲ့မည်၊
သက်ရှိသက်မဲ့ မြင်မြင်သမျှ သင်္ခါရတရားအားလုံးသည်
တစ်နေ့နေ့မှာ ပျက်ကြရ၊ ပျောက်ကြရမည်။
ထို့ကြောင့် မမေ့သောသတိတရားဖြင့် ဆိုင်ရာတရားဓမ္မ
ကိစ္စကို ပြီးစီးပြည့်စုံအောင် အားထုတ်ရစ်ကြပါလေ။ ။”

- [အရှင်သံဝရာလင်္ကာရ - ဓမ္မပိယဆရာတော်]

Dhamma Dãna Source ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm

phoyo- sa ya lay

bwar99.blogspot.com


 

No comments:

Post a Comment