အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, September 27, 2016

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



ဘဝအမြင်

*****************

`` `ဘဝဆိုတာ အလုပ်လုပ်ခြင်း၊ ဘဝဆိုတာ သေဆုံးခြင်း´ လို့ပဲ ဘဝကို အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။ လုပ်ချင်တဲ့ အလုပ်ကိုပဲဖြစ်ဖြစ်၊ မလုပ်ချင်တဲ့ အလုပ်ကိုပဲဖြစ်ဖြစ်၊ လုပ်နေရတာဟာ ဘဝပါပဲ။


အလုပ် ဆိုတဲ့စကားထဲမှာ အကျိုးခံစားတဲ့ အလုပ်ရော၊ အကြောင်းဖန်တီးတဲ့ အလုပ်ရော ပါဝင်ပါတယ်။

ဒါပေမဲ့ တကယ်တမ်းကျတော့ ဘဝဆိုတာ အကျိုးခံစားတဲ့အလုပ် လုပ်နေရတဲ့အချိန်ထက် အကြောင်းဖန်တီးတဲ့အလုပ်ကို ဆင်းရဲပင်ပန်းစွာ လုပ်ရင်း ပေးဆပ်နေရတဲ့ အချိန်က ပိုများပါတယ်။

ပြီးတော့ သေဆုံးခြင်းဟာ ဘဝပါပဲ။ လူ့ဘဝရဲ့ နောက်ဆုံး ပန်းတိုင်ဟာ သေဆုံးခြင်းလို့ ပြောကြပေမယ့် တကယ်တော့ အသက်ရှင်နေတဲ့ အချိန်တိုင်း၊ အချိန်တိုင်းမှာလည်း ဘဝဟာ သေဆုံးနေပါတယ်။ ဘဝတစ်ခု သေဆုံးပြီးမှ ဘဝတစ်ခု ဖြစ်နေကြရတာပါ။

ဥပမာ- ကျောင်းသားဘဝ သေဆုံးပြီးမှ ဆရာဝန်ဘဝ၊ ဆရာဝန်ဘဝ သေဆုံးပြီးမှ တရားသမားဘဝ စသည်ဖြင့်ပေါ့လေ။ ကျောင်းသားဘဝမှာလည်း မူလတန်းကျောင်းသားဘဝ သေဆုံးပြီးမှ အလယ်တန်းကျောင်းသားဘဝ၊ အလယ်တန်းကျောင်းသားဘဝ သေဆုံးပြီးမှ အထက်တန်းကျောင်းသားဘဝ စသည်ဖြင့် အဆင့်ဆင့် သေဆုံးခဲ့ရတာပါပဲ။

ဒါအကြမ်းအားဖြင့် ပြောတာပါ။ ဒီလောက်ဖြေရင် ဒီထက် အသေးစိတ်ပြီး ဆင်ခြင်ကြည့်နိုင်ပါတယ်။

မနေ့ကဘဝ သေဆုံးပြီးမှ ဒီနေ့ဘဝ၊ ပြီးခဲ့တဲ့ နာရီ၊ မိနစ်၊ စက္ကန့်ဘဝ သေဆုံးပြီးမှ အခု နာရီ၊ မိနစ်၊ စက္ကန့်ဘဝ ဖြစ်ရတာပါ။

လူတစ်ယောက်ဟာ အချိန်မရွေး သေဆုံးသွားနိုင်တဲ့အတွက်၊ အသက်ရှင်သန်မှုဟာ သေခြင်းတရားနဲ့ အမြဲ ဆက်ဆံနေတဲ့အတွက် ဘဝသည်ပင်လျှင် သေဆုံးခြင်းပါပဲ။

ဘဝဆိုတာ အလုပ်လုပ်ခြင်းနဲ့ ဘဝဆိုတာ သေဆုံးခြင်း ဆိုတဲ့ စကားနှစ်ရပ်ကို ဆက်စပ်ကြည့်လိုက်ရင် သေခြင်းတရားက လွတ်မြောက်နိုင်တဲ့အလုပ်ကို လုပ်နေရတာဟာ အဓိပ္ပါယ်ရှိတဲ့ဘဝကို တည်ဆောက်နေတာပါ´´

ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)

[ မောင်ကျော်သန်း (ရွှေတောင်အင်း) မေး အရှင်ဆန္ဒာဓိက ဖြေ မှ]

www.facebook.com/bwar99

No comments:

Post a Comment