အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, September 29, 2016

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

                အကုသိုလ်ဖြစ်သွားတဲ့ အချစ်

အချစ်ဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို ကျေးဇူးပြုသလို ဆိုးကျိုးဆိုးပြစ်အတွက်လည်း ကျေးဇူးပြုတတ်ပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ကြောင့် အကုသိုလ်ပြုဖြစ်သွားလို့ပါ။ ဒါကိုလည်း ပဋ္ဌာန်းကပဲ ပြထားပါတယ်။

အကုသလောဓမ္မော အကုသလဿဓမ္မဿ ဥပနိဿယပစ္စယေနပစ္စယော။

အကုသိုလ်က အကုသိုလ်ကို ပြန်ကျေးဇူးပြုပါတယ်တဲ့။
ဘာလို့ပြုတာလဲဆိုတော့ ----

ရာဂံ ဥပနိဿယ ပါဏံ ဟနတိ၊ အဒိန္နံ အာဒိယတိ၊ မုသာ ဘဏတိ၊ ပိသုဏံ ဘဏတိ၊ ဖရုသံ ဘဏတိ ..။

အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အချစ်အတွက် သူတစ်ပါးအသက်ကို သတ်မယ်၊ သူတစ်ပါးဥစ္စာကို ခိုးမယ်၊ လိမ်ပြောမယ်၊ ကုန်းတိုက်စကားကို ပြောမယ်၊ ကြမ်းတမ်းတဲ့စကားကို ပြောမယ် စသည်တွေ ပြုမိမယ်, ပြောမိမယ်ဆိုရင် အချစ်ကနေ ကုသိုလ်မဖြစ်ဘဲ အကုသိုလ် ဖြစ်သွားတာပါ။

ပေါ်လွင်အောင် နည်းနည်းချဲ့ပြောရရင် ကိုယ့်ရဲ့ ဇနီးမယား စားဖို့ သောက်ဖို့ ဝတ်ဖို့ နေဖို့ ထိုင်ဖို့ စီးဖို့အတွက်
သူတစ်ပါးအသက် သတ်မယ်၊ မသမာတဲ့နည်းနဲ့ စီးပွားရှာမယ်၊ လိမ်ပြောမယ်ဆိုရင် အချစ်ကြောင့် အကုသိုလ် ဖြစ်သွားတာပါ။

ဌာနဆိုင်ရာတွေမှာ ငွေအလွဲသုံးစားလုပ်လို့ ထောင်ကျသွားတာတွေ၊ အလုပ်ပြုတ်သွားတာတွေ ကြားရ သိရဖူးမှာပါ။

လာဘ်စားတယ် အောက်စိုက်ရှာတယ်၊ ငွေအလွဲသုံးစားလုပ်တယ်ဆိုတာတွေဟာ တကယ်တော့ ကိုယ်တစ်ဦးတစ်ယောက်ထဲ စားဖို့ သောက်ဖို့ ဘယ်သူမှမလုပ်ကြပါဘူး။ ကိုယ့်ချစ်သူ ဇနီးမယားအတွက် လုပ်ဖြစ်သွားတာ များပါတယ်။

တကယ် သေချာစဉ်းစားကြည့်ရင် အကုသိုလ်ပြုရတော့ ကိုယ်တစ်ယောက်ထဲ၊ ခံစားတော့ ကိုယ်ချစ်ရသူတွေ၊ လောကပြစ် သံသရာပြစ်ခံရတော့ ကိုယ်တစ်ယောက်ထဲ၊ ကိုယ့်ဘက်က အရှုံးချည်းပါပဲ။

ဒါပေမယ့် အချစ်ဆိုတဲ့ ရာဂက ပူးဝင်ထားတာဆိုတော့ ကုသိုလ် အကုသိုလ်ကို ခွဲမသိနိုင်တော့ပါဘူး။ ချစ်ချစ်အတွက်ဆို ဘာပဲလုပ်ရလုပ်ရ၊ သူတစ်ပါး အသက်ပဲ သတ်ရသတ်ရ၊ သူတစ်ပါးဥစ္စာပဲ ခိုးရခိုးရ လုပ်တော့မှာပါ။

အဓိကကတော့ အချစ်အတွက် အပြစ်တွေ လုပ်ဖြစ်သွားကြတာပါ။

ဒါနဲ့ပတ်သက်ပြီး အတွေးထဲမှာ ငါးရာ့ငါးဆယ်ဇာတ်တော်ထဲက ပုပ္ဖရတ္တဇာတ်ကလေးကို သွားသတိရမိလိုက်ပါတယ်။

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုနေတဲ့အချိန်, ဘုရားအလောင်းတော်က အာကာသစိုးနတ်ဖြစ်နေတဲ့အချိန်, မြို့ကို နတ်မြို့တစ်မြို့လို တန်ဆာဆင်ပြီး တန်ဆောင်းမုန်းလ နက္ခတ်ပွဲသဘင် ကျင်းပနေကြပါတယ်။ ဒီတော့ မြို့သူမြို့သားတွေကလည်း အကောင်းဆုံး အဝတ်အစားတွေဝတ်ပြီး ပွဲသဘင်မှာ လှည့်လှည်ပျော်ပါးနေကြပါတယ်။

အဲဒီမြို့မှာ ဆင်းရဲသား လင်မယားနှစ်ယောက်ကလည်း ရှိနေပါတယ်။ သူတို့မှာ အဝတ်ဖြူတစ်စုံပဲ ရှိပါတယ်။ ယောက်ျားလုပ်သူက အဝတ်ဖြူလေးကို ကိုယ်တိုင်လျှော်ပြီး ခေါက်ထားပေးပါတယ်။

အပြင်မှာ ပျော်ပါးနေကြတော့ မိန်းမလုပ်သူက ယောက်ျားလုပ်သူကို စကားစပါတယ်။
“မောင်ရယ်၊ ဝတ်ပန်းဆိုးအဝတ်ကိုဝတ်ပြီး မောင့်လည်ပင်းကိုဖက်ပြီး လည်ချင်တယ်”
“အို .. မိန်းမကလည်း ငါတို့မှာ ဝတ်ပန်းဆိုးအဝတ်မှမရှိဘဲ အဝတ်ဖြူပဲရှိတာ၊ ရှိတဲ့အဝတ်ဖြူဝတ်ပြီး လည်ကြတာပေါ့”
“ဝတ်ပန်းဆိုးအဝတ်မှ မဝတ်ရရင် ပွဲလည်း မသွားတော့ဘူး။ ရှင်ပဲ မိန်းမတစ်ယောက်ကိုခေါ်ပြီး သွားပေတော့”

မိန်းမလုပ်သူက အဲဒီလိုပြောလိုက်တော့ ယောက်ျားလုပ်သူက တော်တော်လေး စိတ်ဆင်းရဲသွားရပါတယ်။

“မိန်းမရယ် ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့။ ငါတို့မှာ ဝတ်ပန်းဆိုးအဝတ်မှမရှိဘဲ ဘယ်ကရမှာလဲ”
“ဘုရင်စိုက်ထားတဲ့ ဝတ်ပန်းပင်တွေရှိတယ် မဟုတ်လား၊ အဲဒီစိုက်ခင်းထဲက သွားခူးပေါ့”
“အဲဒီဘုရင်ရဲ့ ဝတ်ပန်းစိုက်ခင်းက ဘီလူးစောင့်တဲ့ ရေကန်လိုပဲ အစောင့်တွေအများကြီးပဲ။ ဘယ်လိုလုပ် သွားခူးမှာလဲ”
“အို .. ညမှာ သွားခူးရင် ဘယ်သူမှမမြင်ပါဘူး”

ဒီလိုနဲ့ သူဆင်းရဲယောက်ျားလည်း မိန်းမလုပ်သူဝတ်ဖို့ ဘုရင့်ဝတ်ပန်းစိုက်ခင်းထဲကို သွားရပါတော့တယ်။ တစ်ခါမှလည်း မခိုးဖူးတော့ စိုက်ခင်းထဲရောက်တာနဲ့ မိပါလေရော။
မိတော့ ဘုရင့်ဆီပို့၊ ဘုရင်က တံကျင်လျှိုသတ်ဖို့ အမိန့်ချလိုက်ပါတယ်။
ဒါကြောင့် ဆင်းရဲသားသူခိုးကို လူသတ်ကုန်းမှာ တံကျင်လျှိုထားလိုက်ပါတယ်။
ဒီတော့ ကျီးတွေက သူဆင်းရဲသူခိုးရဲ့ ခေါင်းပေါ်မှာနားပြီး မျက်လုံးကို ထိုးဆိတ်နေကြပါတယ်။

သူဆင်းရဲသူခိုးငမိုက်သားကတော့ တံကျင်လျှိုထားတဲ့ဒဏ်ရာ၊ ကျီးထိုးနေတဲ့ဒဏ်ရာတွေကို အာရုံမပြုနိုင်ဘဲ အိမ်မှာကျန်ခဲ့တဲ့ မိန်းမကိုပဲ သတိရပြီး “ငါ့မိန်းမတော့ ဝတ်ပန်းဆိုးအဝတ်ကလေးဝတ်ပြီး ငါ့လည်ပင်းကိုဖက်ပြီး ပွဲသဘင်မှာ မလည်ရတော့ဘူး” လို့ တွေးပြီး စိတ်ဆင်းရဲနေပါသတဲ့။

ပြီးတော့ ဂါထာတစ်ပုဒ်နဲ့ စကားပြောပါတယ်။
“ကျီးထိုးနေတဲ့ဒဏ်ရာ၊ တံကျင်လျှိုထားတဲ့ဒဏ်ရာက ငါ့အတွက်မဆင်းရဲပါဘူး၊ ဝတ်ပန်းဆိုးအဝတ်နဲ့ မောင်နှံစုံလည်ချင်တဲ့ မိန်းမအတွက် အလွဲကြီးလွဲသွားတာက ပိုခံစားရပါတယ်”
သူဆင်းရဲယောက်ျားလည်း အိမ်မှာကျန်ခဲ့တဲ့မိန်းမကို အာရုံပြုပြီး သေသွားပါတယ်။ သေတော့ ငရဲကျ သွားရပါတော့တယ်။

ဒါက အချစ်ကြောင့် အကုသိုလ်ပြုဖြစ်ရင်း ငရဲကျသွားရတာပါ။ ငရဲမှာ အချစ်ကြောင့် ကျနေတဲ့သူတွေ ဘယ်လောက်များ ရှိနေမလဲ မသိပါဘူး။ ကိုယ်က မသိရလို့ရယ်ပါ။ ငရဲရောက်ကာမှ နောင်တရလို့လည်း အပိုပါပဲ။

အချစ်မှာ အသိဉာဏ်ရှိတဲ့အချစ်ရယ်၊ အသိဉာဏ်မဲ့တဲ့အချစ်ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
အသိဉာဏ်ရှိတဲ့ အချစ်တွေနဲ့ ချစ်ကြသူတွေကတော့ မိန်းမက ယောက်ျားကို ကုသိုလ်ပြုဖို့ တိုက်တွန်းပါတယ်။ ယောက်ျားကလည်း မိန်းမကို ကုသိုလ်ပြုဖို့ ပြန်တိုက်တွန်းပါတယ်။ ယောက်ျားဖြစ်သူက တစ်ခါတစ်လေ မသမာတဲ့နည်းနဲ့ စီးပွားရှာချင်ဦးတော့ မိန်းမဖြစ်သူက အကျိုးသင့်အကြောင်းသင့် ပြောပြပြီး တားမြစ်ပါတယ်။ ပြီးတော့ ဇနီးမောင်နှံနှစ်ယောက် ကုသိုလ်တွေကို စိတ်တူကိုယ်တူပြုပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြပါတယ်။ အသိဉာဏ်ရှိတဲ့အချစ်နဲ့ ချစ်ကြတဲ့အတွက် သူတို့ဘဝဟာ သိပ်ပြီးငြိမ်းချမ်းနေပါတယ်။ ဘဝရဲ့ အဓိကတွေထဲမှာ ငြိမ်းချမ်းဖို့ကလည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါပါတယ်။ ငြိမ်းချမ်းနေရင် ဘဝက နေပျော်ပါတယ်။

အသိဉာဏ်မဲ့တဲ့အချစ်နဲ့ ချစ်ကြသူတွေကတော့ မိန်းမက ယောက်ျားဖြစ်သူကို အကုသိုလ်ပြုဖို့ တိုက်တွန်းပါတယ်။ ယောက်ျားဖြစ်သူကလည်း ဘာမှ စဉ်းစားမနေတော့ဘဲ အကုသိုလ်ကိုပြုပါတယ်။ ကိုယ်ပြုမှုနေတာတွေကိုလည်း အကုသိုလ်ရယ်လို့ မသိပါဘူး။ ဒီအတွက် သူတို့ဘဝမှာ မငြိမ်းချမ်းမှုက မသိမသာ ကပ်ကပ်နေတတ်ပါတယ်။

အချစ်ကြောင့် အကုသိုလ်ပြုကြတဲ့နေရာမှာ ပညာတတ်တာ မတတ်တာနဲ့လည်း မဆိုင်ပါဘူး။ အသက်ကြီးတာ ငယ်တာနဲ့လည်း မဆိုင်ပါဘူး။ ရာထူးဋ္ဌာနန္တရကြီးတာ မကြီးတာနဲ့လည်း မဆိုင်ပါဘူး။ အသိဉာဏ်ရှိတာ မရှိတာနဲ့ပဲဆိုင်ပါတယ်။ အသိဉာဏ်ရှိတဲ့သူဟာ ဘယ်တော့မှ အချစ်အတွက် အကုသိုလ်မပြုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကုသိုလ်ရဲ့ အကျိုးအပြစ်ကိုသိနေလို့ပါ။

ချစ်တာချင်းတူပေမယ့် အသိဉာဏ်ချင်းကွာသွားတော့ အပြုအမူပိုင်းလည်း ကွာသွားတော့တာပါ။
အပြုအမူပိုင်းရဲ့ နောက်ကွယ်မှာ ကောင်းကျိုးဆိုးကျိုး အကျိုးဆက်တွေက ရှိနေတာဆိုတော့ ကိုယ့်အပြုအမူကို အထူးသတိထားရမှာပါ။

ဘဝမှာ အသိဉာဏ်ရှိတဲ့အချစ်တွေနဲ့ ချစ်ဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။ သံသရာအဆက်ဆက် ချစ်ရမယ့်ဘဝတွေက အများကြီးရှိချင် ရှိနေဦးမှာပါ။ အထုံဆိုတာပါတတ်တာဆိုတော့ ဒီဘဝ အသိဉာဏ်ရှိတဲ့အချစ်နဲ့ ချစ်ဖြစ်ရင် အဲဒီအသိဉာဏ်ရှိတဲ့ အချစ်နဲ့ ချစ်တဲ့အချစ်က နောက်ဘဝ နောက်ဘဝတွေအထိ လိုက်သွားတတ်ပါတယ်။ နောက်ဘဝတွေအထိ လိုက်တတ်တဲ့ အထုံလေးကိုလည်း ကိုယ်က အာရုံပြုထားရပါမယ်။

ဘာပဲပြောပြော အသိဉာဏ်မဲ့တဲ့ အချစ်နဲ့ မချစ်မိဖို့နဲ့ အချစ်အတွက် အကုသိုလ်တွေ မပြုလိုက်မိဖို့ ပါပဲလေ။


ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

အလင်းတန်းဂျာနယ် (11.9.2006)
(အချစ်နှင့်ဝိပဿနာ စာအုပ်မှ)

www.bwar99.blogspot.com

No comments:

Post a Comment