အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Friday, September 2, 2016

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



အလှူခံက အရေးကြီးသလား?
အလှူရှင်က အရေးကြီးသလား?
(သီလမလုံတဲ့ဘုန်းကြီး မလှူချင်ဆိုသူများအတွက်)

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်း လက်ထက်တုန်းက ဇူဇကာပဏားကြီးကို သားတော်နဲ့ သမီးတော်တွေ လှူလိုက်တုန်းက ဇူဇကာဏားကြီးဟာ ဘယ်သီလရှိတဲ့ ပုဂ္ဂိုလ်ဟုတ်မှာလဲ။ မိန်းမကြောက်လို့ ကလေးတွေကို အဝေးကြီးကလာပြီးတော့ တောင်းတာ။ သီလလုံးဝမရှိဘူး။

အဲဒီသီလမရှိတဲ့ ပုဏားကို မြတ်စွာဘုရားလောင်းက သားတော် သမီးတော်တွေကို ရက်ရက်ရောရော လှူလိုက်တယ်။

အဲဒီအလှူဒါနဟာ ဇူဇကာဆိုတဲ့ အလှူခံပုဂ္ဂိုလ်ကြောင့် အကျိုးကြီးတာ မဟုတ်ဘူး။ ဝေဿန္တရာမင်းဆိုတဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ ဘုရားလောင်းဘက်က အကျိုးကျေးဇူးဟာ အများကြီးရတာ။ အများကြီး ရရုံတင်မကဘူး။ သူရဲ့စေတနာစွမ်းအားကြောင့် သားသမီးတွေကို လှူလိုက်တဲ့အခါ မြေငလျင်တောင် တုန်ဟီးသွားတယ်လို့ ပြောတယ်။

လှူတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်က ပိုပြီးတော့ အရေးကြီးသလား၊ အလှူ့ဒါယကာက ပိုပြီးတော့ အရေးကြီးသလားဆိုတော့ နှစ်ဖက်စလုံးအရေးကြီးတယ်လို့ ပြောရမယ်။ သို့သော် တကယ်ပြင်ဆင်ရမှာက လှူတဲ့ပုဂ္ဂိုလ်က ပိုပြီးတော့ ပြင်ဆင်ရမယ်။ အလှူခံပုဂ္ဂိုလ်ဆိုတာ ကိုယ်သိနိုင်တာမဟုတ်ဘူး။ ကိုယ်ကျင့်သီလ ရှိသလား၊ မရှိဘူးလား မသိနိုင်ဘူး။

မြတ်စွာဘုရားဟောထားတာ လောကမှာ အပေါ်ယံရွှေမှုန့်ကြဲ၊ အထဲက နောက်ချေးခံဆိုတာလို ကိုယ်ကျင့်တရားမရှိပေမယ့် ကိုယ်ကျင့်တရားရှိတဲ့ အသွင်သဏာန်ပေါ်အောင်နေတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ ဒါ့ကြောင့် အလှူခံပုဂ္ဂိုလ် သီလရှိမရှိ အတိအကျ မသိနိုင်ဘူးပေါ့။

ဒါယကာတစ်ယောက်က မြတ်စွာဘုရားကို လာပြီးတော့ ဦးတင်တော့ မြတ်စွာဘုရားက မေးတယ်၊ ဒါနကောင်းမှုတွေ ပြုသလားဆိုတော့ ပြုပါတယ်၊ တပည့်တော်ရဲ့အလှူကို ကြွတဲ့ပုဂ္ဂိုလ်တွေဟာ အကုန်လုံး ရဟန္တာတွေချည်းပဲဘုရား၊ တပည့်တော်က ရဟန္တာတွေမှ ရွေးလှူတာလို့ ပြောတယ်။ အဲဒီတော့ မြတ်စွာဘုရားက သတိပေးတယ်။ “ဒါယကာ … သင်လိုလူတစ်ယောက်အနေနဲ့ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာ၊ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာမဟုတ်ဘူးလားဆိုတာ မသိနိုင်ဘူး။ သံဃာကိုသာ ရည်စူးပြီးတော့လှူပါ” လို့ မြတ်စွာဘုရားက ဆုံးမဖူးတယ်။ ရဟန္တာပုဂ္ဂိုလ်ဆိုပြီးတော့ ရွေးလှူတာမျိုး မလုပ်ပါနဲ့တဲ့။ သံဃာကိုသာ ရည်စူးပြီးတော့ လှူပါတဲ့။

ဒီစာလေးကိုဖတ်ပြီး သံဃာကိုလှူတဲ့အခါမှာ ပုဂ္ဂိုလ်ကို မရည်ညွှန်းဘဲ သံဃာတော်အများကို ရည်ညွှန်းပြီး လှူဒါန်းနိုင်ပါစေ ….။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(စကားလက်ဆောင် တရားလက်ဆောင်မှ)

www.facebook.com/bwar99




No comments:

Post a Comment