အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, September 7, 2016

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)




ဝက်ပျိုသား နှင့် ဝမ်းတော်လားခြင်း


“အရှင်ဘုရား.. .
မြတ်စွာဘုရားဟာ ဝက်သားဘုဉ်းပေးလို့ ဝမ်းလျှောပြီး ပရိနိဗ္ဗာန်စံရတာလို့ ပြောကြပါတယ်ဘုရား။ ဟုတ် မဟုတ် ဖြေကြားပေးတော်မူပါဘုရား။”

ဦးအေးသက်၊ သထုံမြို့။

“ဒကာကြီး ဦးအေးသက်ရေ ...
ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၉) ရက်နေ့က ပရိယတ္တိစာသင်တိုက်တစ်ခုမှာ ပြုလုပ်တဲ့ ဦးဇင်းရဲ့ မွေးနေ့အလှူပွဲကို ငါးထပ်ကွမ်းအကယ်ဒမီ ဒကာရန်အောင် ရောက်လာခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ တစ်ဦးတည်းသာရှိသေးတဲ့ အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆုငါးဆုရှင် ဒကာရန်အောင်ကို ...

ထမင်းစားပြီးပြီလား၊ ဒကာရန်အောင်ကြိုက်တဲ့ ဝက်သားဟင်းလည်း ပါတယ်လေ”  လို့ပြောတော့ သူက ...

“တပည့်တော် အခု ဝက်သားရှောင်ထားတယ်ဘုရား၊ အရမ်းဝနေလို့”  လို့ ရယ်ရယ်မောမော ပြန်ပြောပါတယ်။

ခါတိုင်း ဝက်သားစားနေကျ ရွှေပါရမီကျောင်းဒကာကြီး ဦးရှိန်ဝင်းကိုလည်း ခုရက်ပိုင်း ဝက်သားရှောင်နေတာတွေ့လို့ အကြောင်းအရင်း မေးကြည့်တော့ ...

“တပည့်တော် ခန္ဓာကိုယ်ထဲမှာ အဆီဓာတ်တွေ သိပ်များနေလို့ ရှောင်တာပါဘုရား၊ မစားမဖြစ် အခြေအနေမျိုး ကြုံရင်တော့ နည်းနည်းပါးပါး စားပါတယ်”  လို့ ပြန်ဖြေပါတယ်။

`လူအမျိုးမျိုး စိတ်အထွေထွေ´ ဆိုတဲ့အတိုင်း လူတွေရဲ့ အကြိုက်ကလည်း အမျိုးမျိုး ကွဲပြားနေပါတယ်။ တစ်ဦးနဲ့တစ်ဦး အကြိုက်ချင်း မတူညီကြပါဘူး။ ဝက်သားကြိုက်တဲ့လူ ရှိသလို ဝက်သားမကြိုက်တဲ့ လူလည်း ရှိပါတယ်။ ဝက်သားစားရုံနဲ့ အကုသိုလ်ဖြစ်မသွားသလို ဝက်သားရှောင်ရုံနဲ့လည်း ကုသိုလ်ရမသွားပါဘူး။

ဝက်သားမကြိုက်လို့ ဝက်သားရှောင်သူတွေရှိသလို၊ ဝက်သားကြိုက်ရက်သားနဲ့ ခန္ဓာကိုယ်နဲ့ မတည့်လို့ ဝက်သားရှောင်သူတွေလည်း ရှိပါတယ်။ ဝမှာစိုးလို့၊ အဆီတက်မှာစိုးလို့၊ ဝိတ်ချချင်လို့ ဝက်သားရှောင်တာဟာ ကျန်းမာရေးသဘောတရားအရ လုပ်သင့်လုပ်ထိုက်တဲ့ အပြုအမူတွေပါပဲ။ မြတ်စွာဘုရားရှင်ကလည်း “ကိုယ်နဲ့မတည့်တဲ့၊ ကိုယ်နဲ့သပ္ပါယ မမျှတတဲ့ အစာအဟာရတွေကို ရှောင်ကြဉ်ရမယ်”  လို့ မိန့်ကြားတော်မူထားပါတယ်။

ဝက်သားမကြိုက်လို့ ဝက်သားရှောင်သူထက် ဝက်သားကြိုက်ရက်သားနဲ့ ခန္ဓာကိုယ်မတည့်လို့ ဝက်သားရှောင်သူက ပိုပြီး ချီးမွမ်းစရာကောင်းပါတယ်။ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်လို့ပါ။ ကိုယ့်တဏှာကိုယ် ပယ်သတ်နိုင်လို့ပါ။ မကြိုက်လို့ ရှောင်သူက သတိ၊ ဉာဏ်မပါတဲ့အတွက် ဘာကုသိုလ်မှ မရပေမယ့် မတည့်လို့ ရှောင်သူကတော့ သတိ၊ ဉာဏ်ပါတဲ့အတွက် အထိုက်အလျောက် ကုသိုလ်ရပါတယ်။

ဝမှာစိုးရိမ်တာဟာ လှချင်လို့ ဆိုရင်တော့ လှချင်တဲ့စိတ်ဟာ တဏှာလောဘစိတ်ဖြစ်တဲ့အတွက် ဝက်သားရှောင်နေခိုက်မှာ ကုသိုလ်စိတ်မဖြစ်တော့ပါဘူး။ အဆီဓာတ်မလွန်ကဲဘဲ ကျန်းမာနေမှ ကုသိုလ်အလုပ်၊ ကောင်းမှုအလုပ်တွေ လုပ်ပြီး အများအကျိုး၊ သာသနာ့အကျိုး သယ်ပိုးနိုင်မယ်ဆိုတဲ့ စိတ်နဲ့ ဝက်သားရှောင်ရင်တော့ ဝက်သားရှောင်တိုင်း ကုသိုလ်စိတ်တွေ တရိပ်ရိပ် တိုးပွားလာနိုင်ပါတယ်။

ဘာ အစားအစာကိုပဲ စားစား၊ ဘာ အစားအစာကိုပဲ ရှောင်ရှောင်၊ ရည်ရွယ်ချက်မှန်ဖို့၊ ဦးတည်ချက်ကောင်းဖို့ အရေးကြီးပါတယ်။ လှချင်၊ ပချင်၊ ပြေပြစ်ချင်တာဟာ တရားဓမ္မရှုထောင့်အရ အကုသိုလ်လို့ဆိုပေမယ့် လောကဓမ္မရှုထောင့်အရကတော့ လက်ခံနိုင်စရာ သဘာဝကျပါသေးတယ်။

`မြတ်စွာဘုရား ဝက်သားစားလို့ ပရိနိဗ္ဗာန်စံရတယ်၊ ဒါကြောင့် တို့ ဝက်သားရှောင်တယ်´ ဆိုတာကတော့ လောကဓမ္မရှုထောင့်အရပါ လက်ခံနိုင်စရာ ဘာမှမရှိပါဘူး။ အကြောင်းပြချက် မခိုင်လုံတဲ့ လုပ်ရပ်တစ်ခု၊ သို့မဟုတ် အကြောင်းပြချက် မလှပတဲ့ လုပ်ရပ်တစ်ခုကို မြတ်စွာဘုရားနဲ့ ခုတုံးလုပ်ပြီး အကာအကွယ်ယူလိုက်တာပါပဲ။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတာကို အကြောင်းပြပြီး ဝက်သားရှောင်တဲ့သူတွေဟာ တကယ်စင်စစ်ကတော့ နတ်ကိုးကွယ်လို့၊ ဘာဂိုဏ်း ညာဂိုဏ်း ဝင်ထားလို့ ဝက်သားရှောင်ကြတဲ့သူတွေပါ။

“တို့ကိုးကွယ်တဲ့နတ်က ဝက်သားစားတာ မကြိုက်လို့”
“တို့ဂိုဏ်းဆရာ၊ တို့ဂိုဏ်းဘုန်းကြီးက ဝက်သားရှောင်ခိုင်းလို့”  ဆိုတဲ့ အကြောင်းပြချက်တွေက မလှပတော့ အကြောင်းပြချက် လှပအောင် မြတ်စွာဘုရားကို ခုတုံးလုပ် အသုံးချလိုက်တာပါပဲ။

`နတ်ကိုးကွယ်လို့ ဝက်သားမစားတာပါ´
`ဘယ်ဂိုဏ်းဝင်ထားလို့ ဝက်သားမစားတာပါ´ လို့ ဖြေလိုက်ရင် ဖြေသူရဲ့ ရိုးသားမှုအတွက် ဖြေသူကို ဘယ်သူမှ မကဲ့ရဲ့ကြပါဘူး။ “ရိုးသားလိုက်တာ”  ဆိုပြီး ချီးတောင် ချီးမွမ်းကြပါလိမ့်ဦးမယ်။ မြတ်စွာဘုရားနဲ့ ကိုင်တုပ်ပြီး ဖြေလိုက်တော့ ဖြေသူရဲ့ မရိုးသားမှုအတွက် ဖြေသူဟာ ရွံရှာစက်ဆုပ်စရာ သိပ်ကောင်းသွားပါတယ်။ အကြောင်းရင်းကို မသိဘဲ လိုရာဆွဲ ဖြေထားတာမို့ ဖြေသူရဲ့ အသိဉာဏ်နည်းပါးမှုအတွက်လည်း ဖြေသူကို သနားကရုဏာ သက်ကြရပါတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူမယ့်နေ့မှာ ပါဝါမြို့နေ ရွှေပန်းထိမ်သည်သား စုန္ဒဥပါသကာက မြတ်စွာဘုရားရှင်ကို သူ့ရဲ့နေအိမ်ကို ပင့်ပြီး ဆွမ်းဆက်ကပ်လုပ်ကျွေးပါတယ်။

မြတ်စွာဘုရား နောက်ဆုံးဘုဉ်းပေးတော်မူရတဲ့ အဲဒီဆွမ်းကျွေးပွဲမှာ အထူးစီမံချက်ပြုတ်ထားတဲ့ `ဝက်ပျိုသားဟင်း´ ပါပါတယ်။ မကြီးလွန်း၊ မငယ်လွန်း၊ အလယ်အလတ်ဖြစ်တဲ့ တောဝက်ပျိုတစ်ကောင်ရဲ့ နူးညံ့သိမ်မွေ့တဲ့ အသားတွေကို ဟင်းခပ်အမွှေးအကြိုင် စုံလင်စွာနဲ့ အနံ့အရသာအကောင်းဆုံး၊ အဆီသြဇာအပြည့်ဝဆုံးဖြစ်အောင် အထူးစီမံချက်ပြုတ်ထားတာပါ။

အဲဒီ ဝက်ပျိုသားဟင်းကို မြတ်စွာဘုရားတစ်ပါးတည်းသာ ဘုဉ်းပေးတော်မူပါတယ်။ နတ်တွေက နတ်သြဇာထည့်ထားတဲ့အတွက် မြတ်စွာဘုရားရှင်ကလွဲရင် အဲဒီ ဝက်ပျိုသားဟင်းကို အစာကြေကျက်အောင် ချေချက်နိုင်တဲ့သူ တစ်လောကလုံးမှာ တစ်ဦးတစ်ယောက်မှ မရှိလို့ပါ။ မြတ်စွာဘုရား ဘုဉ်းပေးပြီးတာနဲ့ ဝက်သားဟင်းကျန်တွေကို တွင်းတူးပြီး မြေမြှုပ်ပစ်လိုက်ရပါတယ်။

ဝက်သားဟင်းပါဝင်တဲ့ စုန္ဒဥပါသကာရဲ့ ဆွမ်းကို ဘုဉ်းပေးပြီး မကြာခင်မှာပဲ မြတ်စွာဘုရားရှင်ရဲ့ ကိုယ်တော်မှာ သေလောက်အောင် ပြင်းထန်တဲ့ `ဝမ်းသွေးသွန်ရောဂါ´ ကြမ်းတမ်းစွာ ဖြစ်ပေါ်လာပါတယ်။

ဝက်သားဟင်းဘုဉ်းပေးလို့ ဝမ်းသွေးသွန်တာ မဟုတ်ပါဘူး။ အတိတ်က အကုသိုလ်ကံတစ်ခုအကျိုးပေးလို့ ဝမ်းသွေးသွန်တာပါ။

ပါရမီဖြည့်စဉ် အတိတ်ဘဝတစ်ခုတုန်းက မြတ်စွာဘုရားအလောင်းတော်ဟာ ဆေးဆရာ ဖြစ်ခဲ့ဖူးပါတယ်။ ရောဂါပျောက်ရက်သားနဲ့ ဆေးဖိုးဝါးခမပေးချင်လို့ “ရောဂါမပျောက်သေးဘူး”  ပြောလာတဲ့ သူဌေးသားတစ်ယောက်ကို “ဒါဆို ရောဂါပျောက်သွားအောင် ဒီဆေးလေး သောက်လိုက်ပါဦး”  ဆိုပြီး ဝမ်းလျှောဆေးတွေကို ရောဂါပျောက်ဆေးအဖြစ် လိမ်ညာတိုက်ကျွေးခဲ့ဖူးပါတယ်။

ဆေးဆရာဘဝတုန်းက ပြုလုပ်ခဲ့တဲ့ အဲဒီအကုသိုလ်ကံက ပရိနိဗ္ဗာန်စံတော်မူမယ့်နေ့မှာ အကျိုးပေးချိန်ကျရောက်လာလို့ စုန္ဒဥပါသကာရဲ့ ဆွမ်းကို ဘုဉ်းပေးပြီး မကြာခင်မှာ အကြီးအကျယ် ဝမ်းတော်လားရပါတယ်။

စုန္ဒဥပါသကာရဲ့ ဝက်သားဟင်းပါဝင်တဲ့ ဆွမ်းကို ဘုဉ်းပေးပြီးချိန်နဲ့ တိုက်ဆိုင်သွားတဲ့အတွက် `ဝက်သားစားလို့ ဝမ်းတော်လားတာ´ လို့ ပြောစရာဖြစ်သွားတာပါ။ တကယ်လို့ အဲဒီနေ့မှာ ဝက်သားဟင်းမဟုတ်ဘဲ ဆိတ်သားဟင်း၊ ကြက်သားဟင်း ဘုဉ်းပေးမယ်ဆိုရင်လည်း မြတ်စွာဘုရား ဝမ်းတော်လားမှာပါပဲ။ အသားငါးဟင်း လုံးဝ မပါတဲ့ အသီးအရွက်ဟင်း၊ သက်သတ်လွတ်ဟင်း ဘုဉ်းပေးမယ်ဆိုရင်လည်း မြတ်စွာဘုရား ဝမ်းတော်လားမှာပါပဲ။ ဘာဟင်းနဲ့ပဲ ဘုဉ်းပေးဘုဉ်းပေး ဝမ်းတော်လားခြင်းဆိုတဲ့ အကုသိုလ်အကျိုးပေးကနေ ဘယ်လိုနည်းနဲ့မှ မလွတ်မြောက်နိုင်ပါဘူး။

ဘယ်လောက်ကုသိုလ်အင်အားကြီးမားတဲ့သူပဲဖြစ်ဖြစ် မိမိပြုလုပ်ထားတဲ့ အကုသိုလ်ကံတစ်ခုကို အကျိုးပေးခွင့်မရအောင် တားဆီးနိုင်စွမ်းမရှိပါဘူး။ ကုသိုလ်ကံက ကုသိုလ်အကျိုးပေးပြီး၊ အကုသိုလ်ကံက အကုသိုလ်အကျိုးပေးပါတယ်။ ကိုယ်လုပ်ထားတဲ့ အကုသိုလ်တွေကို အကျိုးမပေးအောင် ကုသိုလ်နဲ့ ချေဖျက်ချင်နေသူများ အထူးသတိပြုစရာပါ။ ဘုရားတောင်မှ မရတဲ့ကိစ္စ၊ ကိုယ်က ဘာလို့ ရချင်နေရတာလဲ။

မြတ်စွာဘုရားရှင် လက်ထက်တုန်းက ဝေသာလီမြို့သား ဥဂ္ဂသူဌေးဆိုတာ `မနာပဒါန = နှစ်သက်မြတ်နိုးဖွယ်အလှူ´ ပေးလှူတဲ့နေရာမှာ အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ ရရှိသူဖြစ်ပါတယ်။ သူ့ရဲ့ နှစ်သက်မြတ်နိုးဖွယ်အလှူတွေထဲမှာ မြတ်စွာဘုရားရှင်ကို ဆီးသီးနဲ့ရောချက်ထားတဲ့ ဝက်သားဟင်း လှူတဲ့အလှူလည်း ပါဝင်ပါတယ်။ သူလှူဒါန်းတဲ့ `ဆီးသီးဝက်သားချက်´ ကို မြတ်စွာဘုရား အကြိမ်ကြိမ် ဘုဉ်းပေးတော်မူခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဝမ်းတော်မလားခဲ့ပါဘူး။

“မြတ်စွာဘုရား ဝက်သားစားလို့ ဝမ်းတော်လားပြီး ပရိနိဗ္ဗာန်စံရတယ်၊ ဒါကြောင့် ဝက်သားကို တစ်သက်လုံး ရှောင်ရမယ်၊ ဒါမှမဟုတ် စွမ်းနိုင်သလောက် ရက်အကန့်အသတ်နဲ့ ရှောင်ရမယ်”  ဆိုတဲ့ လမ်းညွှန်ချက်ဟာ နတ်ကိုးကွယ်တဲ့သူတွေ၊ ဝိဇ္ဇာလိုလို၊ ဘိုးတော်လိုလို ဂိုဏ်းဆရာတွေ၊ ဂိုဏ်းဘုန်းကြီးတွေရဲ့ ကိုယ့်အပြစ်ကိုယ် ဖုံးကွယ်တဲ့ မလိမ့်တစ်ပတ် လမ်းညွှန်ချက်အမှားကြီးဆိုတာ အသိဉာဏ်ရှိသူတိုင်း သိနိုင်ကြပါတယ်။

`ဝက်သားစားရင် ဉာဏ်ထိုင်းတတ်တယ်´ လို့လည်း တချို့က ပြောကြပါတယ်။ မြန်မာပြည်က စာရေးဆရာတချို့ မကြာခဏ ကိုးကားကြတဲ့ တရုတ်တွေးခေါ်ပညာရှင်ကြီးတွေဟာ ဝက်သားစားတဲ့ တရုတ်စစ်စစ်ကြီးတွေပါ။ ဝက်သားစားတဲ့ တရုတ်သိပ္ပံပညာရှင်တွေ၊ တရုတ်မဟုတ်တဲ့ သိပ္ပံပညာရှင်တွေလည်း ဒုနဲ့ဒေးပါပဲ။

သိစရာအားလုံး အကုန်အစင်သိမြင်တော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ သဗ္ဗညုတဉာဏ်တော် မရခင်မှာရော၊ ရပြီး နောက်မှပါ ဝက်သား ဘုဉ်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ဉာဏ်မထိုင်းခဲ့ပါဘူး။ အတုမရှိ၊ အတူမရှိတဲ့ အနှိုင်းမဲ့ဉာဏ်တော်ကြီးနဲ့ သတ္တဝါအများရဲ့ လောကီ၊ လောကုတ္တရာ ကောင်းကျိုးတွေကို ရွက်ဆောင်တော်မူနိုင်ခဲ့ပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ် သွေးသားတည်ဆောက်ပုံချင်း မတူညီကြတဲ့အတွက် လူတချို့ကို ဝက်သားက ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းမှု ဖြစ်စေကောင်း ဖြစ်စေနိုင်ပါလိမ့်မယ်။ ကိုယ်နဲ့မတည့်ရင် ကိုယ် ရှောင်လိုက်ရုံပါပဲ။ `လူသားအားလုံးနဲ့ မတည့်´ လိုတော့ ဥပဒေသ ထုတ်ဖို့ လိုမယ်မထင်ပါဘူး။

`ဝက်သားရှောင်ပြီး အဓိဋ္ဌာန်ဝင်ရင် ပိုစွမ်းတယ်´ လို့လည်း ဝိဇ္ဇာလိုလို၊ ဘိုးတော်လိုလို လိုင်းပူးကြောင်တွေက ဆရာကြီးလုပ်တတ်ကြပါသေးတယ်။ သူတို့ တီထွင်ထားတဲ့၊ သူတို့ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ ကျင့်စဉ်တွေကို ဘာမှမပြောလိုပေမယ့်၊ မြတ်စွာဘုရားရှင်ရဲ့ ထေရဝါဒကျင့်စဉ်စစ်စစ်တွေကတော့ ဝက်သားနဲ့ မတည့်တဲ့ကျင့်စဉ် တစ်ခုမှ မရှိပါဘူး။ ကျင့်စဉ်သာ မှန်လို့ကတော့ ဝက်သားစားပြီးပဲ ကျင့်ကျင့်၊ ဝက်သားမစားဘဲပဲ ကျင့်ကျင့် အစွမ်းထက်ပုံချင်း အတူတူပါပဲ။

ဒီနေ့ခေတ် စာနယ်ဇင်းတချို့မှာပါတဲ့ `ဘယ်နေ့မှာ ဝက်သားရှောင်ကြဉ်ပြီး လိုရာဆုတောင်းပါ၊´`ဝက်သားတုံးပေါ်မှာ ကိုယ့်နာမည်ရေးပြီး အောင်ပြီ၊ အောင်ပြီလို့ ကြွေးကြော်ပါ´၊ `မွေးနေ့မှာ ဝက်ပေါင်ခြောက်ကြော်သုံးခုကို ကြွပ်ကြွပ်အိတ်အဝါရောင်နဲ့ ထည့်ပြီး အိတ်ကပ်ထဲ ဆောင်ထားပါ´ ... ဆိုတဲ့ ... ပေါကြောင်ကြောင် ယတြာတွေ၊ ပေါက်ကရ အဆောင်တွေကလည်း အသိဉာဏ်နည်းသူတွေကို အရူးဖြစ်အောင်လုပ်တဲ့ ရယ်စရာ မောစရာ ဟာသတွေပါပဲ။

မြတ်စွာဘုရားရှင်ဟာ ဝက်သားစားလို့ ဝမ်းတော်လားရတာ မဟုတ်တဲ့အပြင် ဝက်သားရဲ့ အဆီသြဇာကြောင့်သာ ပါဝါမြို့ကနေ ကုသိနာရုံအထိ (၆) မိုင်ခရီးကို ဝမ်းသွေးသွန်ရောဂါဒဏ် သည်းခံရင်း ခြေကျင်ခရီး ကြွချီနိုင်ခဲ့တာဖြစ်ပါတယ် ဒကာကြီး ဦးအေးသက်ရေ။ ။

အပ္ပမာဒေန သမ္မာဒေတ။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

[အင်တာဗျူးဂျာနယ်]

အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် စာအုပ်မှ

www.facebook.com/bwar99

No comments:

Post a Comment