အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, August 15, 2017

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရ



     ကိုယ့်အဆင့်ကိုယ်ကြည့်
-----------------------------------

   ♦ ဘုန်းကြီးတို့ ကျောင်းသားကျောင်းသူတွေ ပညာ သင်ကြားတော့ အောက်ဆုံးအဆင့်က မူလတန်းပါ။ မူလတန်းကနေ တစ်ဆင့်တက်ရင် အလယ်တန်း၊ အလယ်တန်းကနေ တစ်ဆင့်တက်ရင် အထက်တန်းဆိုပြီး အဆင့်ဆင့်ရှိပါတယ်။

   ♦ မူလတန်းကျောင်းသားတစ်ယောက်ရဲ့ အသိဉာဏ်နဲ့ အလယ်တန်းကျောင်းသားတစ်ယောက်ရဲ့ အသိဉာဏ်နဲ့ မတူပါဘူး။ အလယ်တန်းကျောင်းသားကျောင်းသူတွေရဲ့ အသိဉာဏ်နဲ့ အထက်တန်း ကျောင်းသားကျောင်းသူတွေရဲ့ အသိဉာဏ် မတူပါဘူး။ အဲဒီလိုပါပဲ ဘုရားရှင်ရဲ့ သာသနာတွင်းမှာ ကံနဲ့ ကံရဲ့အကျိုးကို သိမြင်တဲ့ အသိဉာဏ်ဟာ အောက်ဆုံးအဆင့်သာ ရှိပါသေးတယ်။

   ♦ တချို့က ငါတို့ကောင်းတာ လုပ်ရင် ကောင်းကျိုး ရမှာပဲ။ မကောင်းတာလုပ်ရင် မကောင်းကျိုး ဖြစ်မှာပဲ။ ငါတို့မှာ ဒီ အသိ ရှိပြီးသား။ အဲဒီတော့ ထပ်ပြီးတော့ တရားလည်း နာစရာ မလိုဘူး။ တရားလည်း အားထုတ်စရာ မလိုဘူး။ ငါတို့ သူများကိုလည်း မဟုတ်တာ မလုပ်ဘူး။ မဟုတ်တာ မပြောဘူး။ မကောင်းတာ မလုပ်ရင် ပြီးတာပဲလို့ ဒီလောက်နဲ့ပဲ ကျေနပ်နေတဲ့သူတွေ ရှိပါတယ်။ ဒီအသိလောက်နဲ့ နေ၊ ဒီအဆင့်လောက်ကိုပဲ ကျင့်နိုင်တဲ့ သူတွေဟာ သာသနာတွင်းမှာတော့ မူလတန်းအဆင့်ပါ။

  ♦ ဒီတော့ ကိုယ့်အသိဉာဏ် အဆင့်အတန်း ဘယ်လောက်ရှိတယ်ဆိုတာကို ကိုယ်တိုင်သိဖို့ လိုပါတယ်။ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်နိုင်အောင် လေ့လာအားထုတ်ဖို့ လိုပါတယ်။ ကိုယ့်အဆင့်ကိုယ်သိမှ အဆင့်မြင့်အောင် လှမ်းတက်နိုင်မှာပါ။

   ♦ မူလတန်းကနေ အလယ်တန်းအဆင့်ကို တက်ချင်တယ်ဆိုရင်တော့ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါးအပေါ်မှာ အသိအမြင်တွေ ရှင်းနေရမယ်။ လက္ခဏာရေးသုံးပါးကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်နေရပါမယ်။

   ♦ ရုပ်နာမ်ဓမ္မ သင်္ခါရတွေရဲ့ သဘောသဘာဝကို ဉာဏ်နဲ့ဆင်ခြင် သိမြင်အောင်ကြည့်ပြီး ဒီရုပ်တရား နာမ်တရားတွေဟာ အမြဲတမ်း ပြောင်းလဲနေလို့ မမြဲပါလားဆိုတဲ့ အနိစ္စလက္ခဏာ၊ ဖြစ်ခြင်း ပျက်ခြင်းတွေနဲ့ အဖန်တလဲလဲ နှိပ်စက်နေလို့ ဆင်းရဲပါတယ်လို့ သိတဲ့ ဒုက္ခလက္ခဏာ၊ ကိုယ်မစိုး ကိုယ်မပိုင် ကိုယ့်စိတ်ကြိုက် မဖြစ်နိုင်တဲ့ အနတ္တလက္ခဏာလို့ဆိုတဲ့ လက္ခဏာသုံးပါးကို သိထားရင် အလယ်တန်းအဆင့် အသိဉာဏ်ရှိသူ ဖြစ်လာပါလိမ့်မယ်။

   ♦ အနိစ္စ ဒုက္ခ အနတ္တ မမြဲတာရယ် ဆင်းရဲတာရယ် အစိုးမရတာရယ်ကို သိတယ်ဆိုတာ ကိုယ့်အသိဉာဏ်ထဲက သိနေတာမျိုး ဖြစ်ရမယ်။ ကိုယ်တိုင်သေသေချာချာ သိနေတာမျိုး ဖြစ်ရပါမယ်။

   ♦ တချို့က ပါးစပ်ကနေပြီးတော့ အနိစ္စ ဒုက္ခ အနတ္တ လို့ ဆိုတယ်။ ဆိုရုံသာဆိုပြီး ဉာဏ်နဲ့မမြင်ရင် မဟုတ်သေးဘူး။ တချို့ကလည်း ပုတီးလေး တဂျောက်ဂျောက်နဲ့ အနိစ္စ ဒုက္ခ အနတ္တ ဆိုပြီး စိပ်နေတယ်။ ဉာဏ်နဲ့သိတာ မဟုတ်ဘူးဆိုရင် မရသေးပါဘူး။

   ♦ အလယ်တန်းအဆင့်ရောက်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ အသိဉာဏ်ဟာ ရုပ်နာမ်ဓမ္မတွေပေါ်မှာ အခြေခံပါတယ်။ ကိုယ့်ရုပ် ကိုယ့်နာမ်အကြောင်းကို ကိုယ်တိုင်သိအောင် လေ့လာတဲ့ ဝိပဿနာပညာနဲ့ ကြည့်ရှုသုံးသပ်လိုက်တဲ့အခါမှာ ကိုယ်ပိုင်ဉာဏ်နဲ့ သိသွားမှ ဖြစ်တာပါ။ ဒါမမြဲဘူး၊ ဒါဆင်းရဲတယ်၊ ဒါအစိုးမရဘူးလို့ ရှင်းရှင်းလင်းလင်း သိမြင်သွားရင် အလယ်တန်းအဆင့်ကို ရောက်ပါပြီ။

   ♦ တစ်ကမ္ဘာလုံးကို ခြုံကြည့်လိုက်ရင် များသောအားဖြင့် ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ်လို့ သိတဲ့ မူလတန်းအဆင့်သာ များပါတယ်။ အလယ်တန်းအဆင့်ကို တက်နိုင်တဲ့သူ နည်းပါတယ်။

   ♦ မူလတန်းအဆင့်မှာ နေရင်းနဲ့ပဲ တစ်နေ့ကုန်သွားတယ်၊ တစ်လကုန်သွားတယ်၊ တစ်နှစ်ကုန်သွားတယ်၊ တစ်သက် ကုန်သွားကြတယ်။ အဆင့်အတန်းတိုးတက်ပြီးတော့ မလာဘူး။ အသိဉာဏ်တွေ မြင့်မလာဘူးဆိုရင် အဆင့်မြင့်တဲ့သူလို့ ပြောလို့မရပါဘူး။

   ♦ အထက်တန်းအဆင့်ကို ရောက်ချင်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ သစ္စာလေးပါးတရားကို သိမြင်ရပါမယ်။ ဒုက္ခသစ္စာ- ဆင်းရဲခြင်း အမှန်တရား၊ သမုဒယသစ္စာ- ဆင်းရဲဖြစ်ကြောင်း အမှန်တရား၊ နိရောဓသစ္စာ- ဆင်းရဲချုပ်ရာ အမှန်တရား၊ မဂ္ဂသစ္စာ- ဆင်းရဲချုပ်ကြောင်း အမှန်တရားရယ်လို့ သစ္စာလေးပါး မြတ်တရားကို ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးတွင်းသိမြင်ရင် အထက်တန်းအဆင့် အသိဉာဏ်ပါ။

   ♦ အဲဒီတော့ ဗုဒ္ဓဘာသာဝင်တွေကို သုံးဆင့်ခွဲကြမယ်။ မူလတန်းအဆင့်သည် ကံအကျိုးကို သိတယ်၊ အလယ်တန်းအဆင့်သည် လက္ခဏာသုံးပါးကို သိမြင်တယ်၊ အထက်တန်းအဆင့်သည် သစ္စာလေးပါးကို သိမြင်တယ်။

   ♦ ဘုန်းကြီးတို့ ပရိသတ် အခု တရားကျင့်နေကြတယ်ဆိုတာ အသိဉာဏ် အဆင့်အတန်းတွေ တိုးတက်မြင့်မားလာဖို့ပါ။ တစ်နေ့ကုန်သွားရင် ငါ ဒီနေ့ အသိဉာဏ် အဆင့်အတန်းတွေ ဘယ်လောက် တိုးတက်လာသလဲ၊ ဘယ်လောက် မြင့်မားလာသလဲ၊ ဘယ် အဆင့်အတန်းကို ရောက်လာသလဲဆိုတာ သတိထားပြီး တွက်ကြည့်ဖို့ လိုပါတယ်။


ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရ
(တစ်နေ့ကုန်သွားရင် တရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်)

bwar99.blogspot.com

No comments:

Post a Comment