အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Saturday, August 19, 2017

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



      သေနည်း …… နေနည်း
--------------------------------------------

   ♦ သေတယ်ဆိုတာ ဘာမှဆန်းတာမဟုတ်ဘူး။ နေတာလေးရပ်သွားတာကို သေတယ်လို့ ခေါ်တာ။ အခု မတ်တတ်ရပ်ပြီး စကားပြောနေတယ်။ ပြောနေရင်းတန်းလန်းနဲ့ ဖျတ်ခနဲ သေသွားတယ်ဆိုကြပါစို့၊ နေတာလေး ဆက်တိုက်ဖြစ်နေရာကနေ ရပ်သွားတာကို သေတယ်ခေါ်တာပဲ။ နေချိန်တိုင်း နေချိန်တိုင်းမှာ ကောင်းတဲ့စိတ်နဲ့ နေမယ်၊ ကောင်းတဲ့အာရုံနဲ့ နေမယ်ဆိုရင် သေတော့လည်း ကောင်းတဲ့စိတ်၊ ကောင်းတဲ့အာရုံနဲ့ သေသွားမှာပဲ။ သေနည်းကသတ်သတ်၊ နေနည်းကသတ်သတ်၊ တရားအားထုတ်နည်းက သတ်သတ်ရယ်လို့ မရှိပါဘူး။

   ♦ ဒီတော့ နေနည်းဆိုတာလည်း သေနည်းပဲ။ သေနည်းဆိုတာလည်း နေနည်းပဲ။ တရားအားထုတ်တဲ့နည်းဆိုတာ ဘာဝနာနဲ့ ပြောလိုက်ရင်လည်း တင်ပျဉ်ခွေထိုင်တာ၊ သွားရင်းလာရင်း ဝင်လေထွက်လေ မှတ်တာ၊ ဂုဏ်တော် ပွားတာ၊ စက္ကန့်နဲ့အမျှ ကိုယ်လုပ်သမျှ အလုပ်တိုင်း၊ ကိုယ်တွေးသမျှ အတွေးတိုင်း၊ ကိုယ်ပြောသမျှ စကားတိုင်းအပေါ်မှာ တရားနဲ့ ယှဉ်နေမယ်။ တရားလမ်းကြောင်း မတိမ်းစောင်းဘူး၊ တရားရှိနေမယ်ဆိုရင် တရားအားထုတ်တယ်လို့ ခေါ်တာပါပဲ။

   ♦ တရားအားထုတ်တယ်ဆိုပြီး သီးခြားလုပ်ရတာမျိုး မဟုတ်ဘူး။ ဥပမာ - စာရေးနေတယ် ဆိုကြပါစို့၊ စာရေးတဲ့အလုပ်ကိုလုပ်နေတာ သေဖို့ပြင်နေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ စာရေးနေရင်းတန်းလန်းနဲ့ ဖျတ်ခနဲ သေသွားရင်လည်း စာဖတ်ပရိတ်သတ်ကို သိစေချင်တဲ့ မေတ္တာ၊ စေတနာ၊ မြတ်စွာဘုရားတရားတော်ကို အာရုံပြုနေတဲ့ သဒ္ဓါပညာ စသည်အားဖြင့် ကောင်းတဲ့ သူတော်ကောင်းဓာတ်၊ ကုသိုလ်ဓာတ်တွေနဲ့ သေသွားတာဆိုတော့ ကောင်းတဲ့ သုဂတိဘုံကို ရောက်မှာပဲ။

   ♦ တချို့ ယာဉ်မတော်တဆဖြစ်ပြီး သေတယ်ဆိုပါစို့ ….။ သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်းနဲ့ ဘုရားဂုဏ်တော် အမြဲပွားနေမယ် ဆိုပါစို့။ ကားက ဝုန်းကနဲတိုက်လိုက်တာနဲ့ မြတ်စွာဘုရားဆိုပြီး ဘုရားဂုဏ်တော်ကို သတိရပြီး သေသွားမယ်ဆိုရင် ကောင်းရာသုဂတိဘုံကို ရောက်မှာပဲ။ လူတွေက ကားတိုက်ပြီး သေတယ်၊ မတော်တဆမှုနဲ့ သေတယ်ဆိုရင် အစိမ်းသေလို့ ဆိုကြတယ်။ သေရင် မကျွတ်ဘူး ထင်ကြတယ်။ အစိမ်းသေသေပြီး နတ်ပြည်ရောက်သွားတဲ့ သူတွေ၊ အစိမ်းသေသေပြီး နိဗ္ဗာန်တစ်ခါတည်း ရောက်သွားတဲ့သူတွေ အများကြီးရှိပါတယ်။

   ♦ ဥပမာ - ဒီည ၁၀နာရီမှာ သေမယ်လို့ ဆရာတော်ကို သေချာပေါက်ကို တစ်ယောက်ယောက်က လာပြောတယ် ဆိုပါစို့။ ယေဘုယျအားဖြင့် ပြောရင် သေဖို့ပြင်မယ်ဆိုတော့ တရားမှတ်ချင် မှတ်မယ်လို့ ပြောမှာပေါ့။ ဘုန်းဘုန်းကတော့ ရေးဖို့ ရည်ရွယ်ထားတဲ့ စာတွေကို အဲဒီ ၁၀နာရီမတိုင်ခင် ပြီးသလောက် ရေးသွားမယ်။ ဘယ်သူနဲ့မှလည်း မတွေ့တော့ဘူး။ စာရေးတဲ့အလုပ်ကလွဲပြီး ဘာမှ မလုပ်တော့ဘူး။

   ♦ စာရေးရင်းနဲ့လည်း ဝင်လေထွက်လေ မှတ်လို့ရတယ်။ ဂုဏ်တော်ပွားလို့ ရတယ်။ မေတ္တာပို့လို့ ရတယ်။ ကိုယ်ယုံကြည်တဲ့ အလုပ်၊ ကိုယ်အားသန်တဲ့ အလုပ်၊ ကိုယ်စိတ်နှလုံး အေးချမ်းစေတဲ့ အလုပ်ကို ကိုယ့်ဘာသာကိုယ် လွတ်လပ်စွာ လုပ်နေခြင်းသည်ပင်လျှင် သေဖို့အတွက် ပြင်ဆင်နေတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရတယ်။ သေခါနီးမှာ ဘယ်လိုစိတ်နဲ့ သေမယ်ဆိုတာကို သိထားဖို့ လိုတာပေါ့။ အစွဲအလမ်းနဲ့ သေမယ်ဆိုရင် အပါယ်လေးဘုံ ရောက်မယ်ဆိုတာကို သိတဲ့အတွက် ဘာမှ မစွဲဖြစ်တော့ပါဘူး ….။


ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(စံတော်ချိန် သတင်းစာ)

bwar99.blogspot.com

No comments:

Post a Comment