အမျှဝေ၍ သာဓုခေါ်ပါ
*********************
*********************
ရတနာသုံးပါးကို
ဆည်းကပ်သော စေတနာသဒ္ဓါတရား ရှိကြသော ပုဂ္ဂိုလ်တို့သည် နည်းသည်များသည်မဟူ၊ ငယ်သည်၊
ကြီးသည်မဟူ ဒါန အစရှိသော ကောင်းမှုတို့ကို ရံဖန်ရံခါ ပြုလုပ်လျှက် ရှိကြသည်။
ယင်းသို့ ကောင်းမှုတို့ကို
ပြုလုပ်ကြရာ၌ မိမိတို့ ပြုလုပ်သော ကောင်းမှုတို့၏ အဖို့ဘာဂကို အမျှပေးဝေသူလည်း
ရှိကြ၏။ အမျှပေးဝေခြင်း မပြုသူလည်း ရှိကြ၏။ အများအားဖြင့် ကျောင်းကြီးကန်ကြီး
ဇရပ်တန်ဆောင်း စသည့်ဖြင့် ကြီးကျယ်ထင်ရှားသော ကောင်းမှုမျိုးကို ပြုလုပ်ကြသော
အခါ၌သာ အမျှပေးဝေကြသည်။
နေ့စဉ် ဆွမ်းလောင်းခြင်း၊
ဘုရားရှိခိုးခြင်း၊ ရေတော်ပန်းတော်လှူခြင်း၊ သီလသီတင်းဆောက်တည်ခြင်း၊ သမထဝိပဿနာ
ဘာဝနာပွားများခြင်း စသော ကောင်းမှုတို့ကို ပြုကြသောအခါ၌ အမျှပေးဝေခြင်း
မရှိကြသလောက် နည်းပါးကြသည်။ ကောင်းမှုကုသိုလ်ဟူသည် အနည်းအများ အကြီးအငယ်မရွေး
ပြုလုပ်သမျှသော ကောင်းမှုကုသိုလ်၏ အဖို့ဘာဂကို မိဘတို့မှစ၍ ကြားသမျှ
ပုဂ္ဂိုလ်များလည်း သာဓုခေါ်ကာ ကောင်းမှု၏ အကျိုးကျေးဇူးကို ရကြစေရန်
အမျှဝေသင့်ကြပေသည်။
အမျှဝေသော ပုဂ္ဂိုလ်၌
ပတ္တိဒါနကုသိုလ် ထပ်၍ရမည့်ပြင် သာဓုခေါ်သော ပုဂ္ဂိုလ်လည်း သဒ္ဓါ စေတနာ အလျောက်
ကောင်းကျိုးကျေးဇူးကို ရရှိကြပေသည်။
ရွှေကျင်သာသနာပိုင်
ရွှေဟင်္သာဆရာတော်ဘုရားကြီး
No comments:
Post a Comment