အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Friday, March 31, 2017

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

       လက်တွေ့ကျသည့် အဖြေ
💐💐💐💐💐💐💐💐💐

တစ်ချိန်က မဂဓသည် နယ်မြေဒေသ ကျယ်ဝန်းသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်ခဲ့၏။ သယံဇတ ကြွယ်ဝ၍ ရွှေတွင်း ငွေတွင်းတို့ဖြင့် ဝင်းဝင်းလဲ့နေသည်။ ဇောတိက၊ ဇဋိလ၊ မေဏ္ဍက၊ ကာကောဏ္ဏ၊ ကာကဝလိယတို့သည် မဂဓရတနာ သူဋ္ဌေးကြီးများ ဖြစ်ကြသည်။ မဂဓသည် ဆန်စပါး များစွာထွက်၍ စားနပ်ရိက္ခာ ကြွယ်ဝ၏။ မဂဓနယ်မြေ တဝက်ခန့်ကို စပါးကွင်းများက နေရာယူထားကြ၏။ ရွှေရောင်ဝင်း၍ စပါးနံ့သင်းနေသည်။ မဂဓသားတို့သည် လယ်ယာလုပ်ငန်းတွင် ကျွမ်းကျင်ကြသည်။ မဂဓလယ်ကွက်များသည် အလွန်လှပ၍ စနစ်တကျရှိ၏။ လေးထောင့်ကွက်ဖွဲ့ပုံ, ကွက်စဉ်ဖော်ပုံ, အကန့်သွင်းပုံ, ကန်သင်းဆည်ပုံမှာ အလွန်ခေတ်မီ၏။ တရပ်တကျေးမှ ရောက်လာသူတွေ တအံ့တသြ ငေးမောကြည့်မိကြ၏။ မဂဓသည် ကြွယ်ဝချမ်းသာသော နယ်မြေဒေသကြီးတစ်ခု ဖြစ်သည်။

နာဠန္ဒသည် မဂဓ၏ မြို့ကလေးတစ်မြို့ ဖြစ်သည်။ ရာဇဂြိုဟ်မြို့တော်နှင့် ရှစ်မိုင်ခန့်သာ ကွာဝေး၏။ အပေါ်ရုံထည်များ ဆာရီများ ရောင်းချရာ ပင်ရင်းဌာနကြီးတစ်ခု ဖြစ်သည်။ နာဠန္ဒဆာရီများသည် နာမည်ကြီး၏၊ လှပခိုင်ခံ့ လူကြိုက်များသည်၊ မဂဓပျိုဖြူများသည် နာဠန္ဒဆာရီကို စုံမက် မြတ်နိုးကြ၏။ တကူးတက မှာယူဝတ်ဆင်ကြသည်။ နာဠန္ဒမှ ဆာရီကုန်သည်သူဌေးကြီးသည် ဗုဒ္ဓအရှင်မြတ်၏ ဥပါသကာတစ်ဦး ဖြစ်၏။ သူ၏ သရက်ဥယျာဉ်ကြီး၌ ကျောင်းဆောက်၍ ဗုဒ္ဓအရှင်မြတ်အား လှူဒါန်းထားသည်။ ဗုဒ္ဓအရှင်မြတ်သည် နာဠန္ဒရောက်လာတိုင်း သရက်ဥယျာဉ်ကျောင်း၌ သီတင်းသုံးတော်မူလေ့ရှိသည်။

ဗုဒ္ဓအရှင်မြတ်သည် မဂဓနယ်မြေတွင် ခရီးလှည့်ရင်း နာဠန္ဒသို့ ရောက်တော်မူလာ၏။ သရက်ဥယျာဉ်ကျောင်းမှ သရက်ပင်ပျိုတို့သည် ဗုဒ္ဓအရှင်မြတ်ကို ကြိုဆိုနေကြ၏။ ဗုဒ္ဓအရှင်မြတ် ကြွရောက်လာသည့်အခါ သရက်ဥယျာဉ်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။ သရက်ပင်ပျိုများတွင် ကျက်စားနေကြသည့် ကျေးငှက်ကလေးများသည် တစာစာမမြည် တေးမသိပဲ ကိုယ်စီ ငြိမ်သက်နေကြ၏။ တတက်တက်နှင့် စိတ်ပျက်လောက်အောင် ဆူညံ့လေ့ရှိသော ရှဥ့်နက်ကလေးများပင် နှုတ်ပိတ်ငြိမ်သက် အိပ်စက်နေရော့သလား ထင်မှားလောက်ဖွယ် ပုန်းကွယ် ငြိမ်သက်နေကြ၏။ မှန်၏၊ ဗုဒ္ဓအရှင်မြတ်သည် တိတ်ဆိတ် ငြိမ်သက်မှုကို မြတ်နိုးတော်မူ၏။ ဗုဒ္ဓအရှင်မြတ် သီတင်းသုံးရာ ဌာနတိုင်းသည် တိတ်ဆိတ်ငြိမ်သက်နေစမြဲပင်။ စွမ်းအင်ရှိသော ဓာတ်သဘောတို့မည်သည် ပတ်ဝန်းကျင်ကို ကူးစက်ပျံ့နှံ့တတ်ရာ ဗုဒ္ဓအရှင်မြတ်၏ ဓာတ်သဘော ကူးစက်သဖြင့် သရက်ဥယျာဉ်တစ်ခုလုံး ငြိမ်သက်သွားခြင်း ဖြစ်သည်။

ဤမျှ ငြိမ်သက်သွားသော်လည်း အိပ်စက်ရာမှ နိုးလာဘိသည့်အလား မကြာမီ လှုပ်ရှားလာ၏။ ဗုဒ္ဓအရှင်မြတ် ကြွလာကြောင်း သတင်းရလျှင်ရချင်း နာဠန္ဒလူထုသည် သရက်ဥယျာဉ်သို့ အလုအယက် ရောက်လာကြ၏။ ဗုဒ္ဓအရှင်မြတ်ကို နှုတ်ဆက်ကြ ကန့်တော့ကြ၏။ ဗုဒ္ဓအရှင်မြတ်၏ တရားဓမ္မကို နာယူကြ၏။ ပုစ္ဆာပြဿနာများကို မေးလျှောက်ကြ၏။ ထိုစဉ် ပရိသတ်တွင် ပါဝင်သော နာဠန္ဒ ခေါင်းဆောင်ဖြစ်သူ အသိဗန္ဓကပုတ္တသည် ဗုဒ္ဓအရှင်မြတ်ကို ခွင့်ပန်ကာ အောက်ပါ ပြဿနာတစ်ရပ်ကို မေးမြန်း လျှောက်ထားလေ၏။

"အရှင်ဘုရား အနောက်ဘက်တွင် ဗြာဟ္မဏတွေက မီးကိုးကွယ်တဲ့ အဂ္ဂိကဘာသာဝင်တွေပါ။ သူ့တို့ဟာ ကိလေသာ သန့်စင်အောင်ဆိုပြီး ညတိုင်း မနက်တိုင်း ရေချိုးကြပါတယ်၊ ဘယ်သွားသွား ရေကရားကို အမြဲ ယူဆောင်ပြီး မှော်ပန်းတွေ ပန်ထားကြပါတယ်၊ ဒါကတော့ သူတို့ဟာ ရေဖြင့် ကိလေသာ ဆေးကြောသူများဟု အများသိအောင်ပါ၊ သူတို့မှာ ယုံကြည်ချက် ဓလေ့ထုံးစံ တစ်ခု ရှိပါတယ်၊ သူတို့ ဘာသာဝင်တစ်ယောက် သေဆုံးရင် အလောင်းကို ဝိုင်းရံပြီး "အို... အချင်း ဗြဟ္မာလောကသို့ အရောက်သွားလော့၊ အို... အချင်း ဗြဟ္မာလောကသို့ အရောက်သွားလော့” ဟု တိုက်တွန်းကြ ဆုတောင်းကြပါတယ်၊ ဤနည်းနဲ့ သေဆုံးသူရဲ့ ဝိညာဉ်က ဗြဟ္မာလောကသို့ ရောက်သွားတယ်လို့ ယုံကြည်ကြပါတယ်၊ အရဟံ သမ္မာသမ္ဗုဒ္ဓ ဖြစ်တော်မူတဲ့ အရှင်ဘုရားကော တစ်လောကလုံးကို သေဆုံးပြီးတဲ့နောက် ကောင်းရာသုဂတိ ရောက်အောင် ဆုတောင်း ပို့ဆောင် ပေးနိုင်ပါသလား?”  

  ထိုအခါ ဗုဒ္ဓအရှင်မြတ်သည် အသိဗန္ဓကပုတ္တ ကို ကရုဏာလွှမ်းခြုံနေသော မျက်လုံးတော်အစုံဖြင့် ကြည့်တော်မူလိုက်ပြီး သာယာနူးညံ့သော အသံတော်ဖြင့် "ဒီမေးခွန်းကို ဖြေဆိုရန်အတွက် သင့်ကိုပဲ မေးခွန်းတစ်ခု ပြန်မေးမယ်၊ ကြိုက်သလို ဖြေနိုင်တယ်”  ဟု မိန့်တော်မူပြီး ဤသို့ မေးခွန်းထုတ်တော်မူသည်။

  "ရေအိုင်တစ်အိုင်ထဲ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်ပြီး `အို ကျောက်တုံးကြီး ပေါ်ခဲ့ပါ၊ ကုန်းပေါ် ပြန်တက်ခဲ့ပါ` ဟု ဝိုင်းရံ ဟစ်အော်လိုက်ရင် ဝိုင်းဝန်း ဆုတောင်းလိုက်ရင် ဒီကျောက်တုံးကြီးဟာ ပေါ်လာသလား?၊ ကုန်းပေါ် တက်လာသလား?”

  "ပေါ်မလာနိုင်ပါ၊ ကုန်းပေါ်လည်း တက်မလာနိုင်ပါ”

  "ဘယ်လိုထင်သလဲ?၊ လူတစ်ယောက်ဟာ ရက်စက်စွာ သတ်ဖြတ်မှု၊ ခိုးယူလုယက်မှု၊ သူတစ်ပါးသားမယား စော်ကားမှု၊ လိမ်ညာလှည့်စားမှု၊ ကုန်းတိုက်မှု၊ ကြမ်းတမ်းရိုင်းပျစွာ ပြောဆိုမှု၊ အကျိုးစီးပွား ချမ်းသာသုခကို ပျက်စေနိုင်တဲ့ စကားတွေကို ပြောဆိုမှု၊ သူတစ်ပါးပစ္စည်း မတရား ကြံစည်မှု၊ သူတစ်ပါးကို လုပ်ကြံသတ်ဖြတ်ရန် အကျိုးမဲ့ဖြစ်ရန် ကြံစည်မှု၊ အမြင်မှားမှုဆိုတဲ့ ဒုစရိုက်မှုတွေကို တွင်တွင်လုပ်နေတယ်၊ ဒီလို ဆိုးမိုက်နေတဲ့လူကို ဒီလူသေရင် ကောင်းရာသုဂတိ ရောက်ပါစေလို့ ဝိုင်းပြီး ဆုတောင်းပေးကြမယ်၊ `အို ... အချင်း ကောင်းရာသုဂတိသို့ အရောက်သွားလော့` ဟု ဝိုင်းဝန်းတိုက်တွန်းကြမယ်ဆိုရင် အဲဒီလူ သေတဲ့အခါမှာ ဆုတောင်းပေးလို့ တိုက်တွန်းကြလို့ ကောင်းရာသုဂတိ ရောက်သွားသလား?”

  "ခုနက ဆုတောင်းရုံနဲ့ ကျောက်တုံးကြီး ပေါ်မလာသလို ဒီ ဒုစရိုက်သမားဟာလည်း ဆုတောင်းရုံနဲ့တော့ ကောင်းရာသုဂတိ ရောက်သွားဖို့ မရှိဘူး၊ တဖန် ကြည့်ဦး၊ ထောပတ်အိုး ဆီအိုးကြီးကို ရေနက်နက်ထဲမှာ မြှုပ်ပြီး ခွဲလိုက်ရင် အိုးကွဲ အစအနတွေဟာ ရေထဲမြှုပ်ပြီး ထောပတ်တွေ ဆီတွေက ရေပေါ် ပေါ်လာမယ်၊ ဒီအခါမှာ `အို ထောပတ် အို ဆီ ရေထဲမြှုပ်သွားပါ၊ ပေါ်မလာပါနဲ့` ဟု ဝိုင်းပြီး တိုက်တွန်းတာနဲ့ ထောပတ်တွေ ဆီတွေဟာ ရေထဲ မြှုပ်သွားကြသလား?”

  "မြှုပ်မသွားပါ အရှင်ဘုရား”

  "ဒုစရိုက်ကို ရှောင်ကြဉ်လို့ သုစရိုက်မှုကိုသာ ပြုလုပ်နေတဲ့သူကို `အို .. အချင်း အပါယ်ဘုံသွားလော့` ဟု တိုက်တွန်းရုံနဲ့ အပါယ်ကျသွားရသလား?”

  "ထောပတ်တွေ ဆီတွေဟာ ဝိုင်းဝန်း တိုက်တွန်းရုံနဲ့ ရေထဲ မြှုပ်မသွားသလို သုစရိုက်မှု ပြုလုပ်သူဟာလည်း တိုက်တွန်းရုံနဲ့တော့ အပါယ်ဘုံ ကျမသွားပါဘူး”

  "အင်း ... သင်မေးတဲ့ မေးခွန်းဟာ သင်ကိုယ်တိုင် ဖြေဆိုခြင်းဖြင့် ပြေသွားပေပြီ”  ဟု မိန့်တော်မှုကာ တရားတော်ကို အဆုံးသတ်တော်မူလိုက်၏။ ပရိသတ်ထုကြီးမှ သာဓုသံများသည် လွှမ်းတက်သွား၏၊ အဘိဗန္ဓကပုတ္တသည် ဗုဒ္ဓအရှင်မြတ်ကို ဒူးထောက် ဦးညွှတ်လျက် ...

  "နှစ်သက်ဖွယ် ကောင်းလိုက်တဲ့အဖြေပါ အရှင်ဘုရား၊ မှောက်ထားသည်ကို ဆွဲယူ လှန်ပေးလိုက်သလို၊ ဖုံးထားသည်ကို ဖွင့်လှစ်ပေးလိုက်သလို၊ မျက်စိလည် လမ်းမှားနေသူကို လမ်းမှန်ပြလိုက်သလို၊ အမှောင်တွင် မီးရှူးတန်ဆောင်ကြီး ထွန်းညှိလိုက်သလို ဗုဒ္ဓအရှင်မြတ်၏ အဖြေလွှာကား ရှင်းလင်းပြတ်သားလှပါပေသည်၊ ယနေ့မှစ၍ တပည့်တော်ကို ဥပါသကာတစ်ယောက်အဖြစ် အသိအမှတ် ပြုတော်မူပါ” ဟု လျှောက်ကြားလေ၏။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(ဓမ္မဗျူဟာစာစောင်၊ အတွဲ (၁၃)၊ အမှတ်(၂) )
[ စာရိုက်ပူဇော်သူ - Admin Team of နိဗ္ဗာန်ဆော် ]

bwar99.blogspot.com

No comments:

Post a Comment