ဟိရီသြတ္တပ္ပ
♦♦♦♦
လောကလူတွေမှာ စိတ်ကူးနေရုံနဲ့ ဘာမှတော့ မဖြစ်ဘူး။
စိတ်ကူးတဲ့နောက်မှာ လုပ်ဆောင်ချက်ဆိုတာ ရှိရမယ်။ ကြံရွယ်ချက် ရှိလာပြီဆိုရင် လုပ်ဆောင်ချက်နောက်က
လိုက်ရမှာ၊ မလိုက်ဘူးဆိုလို့ရှိရင် ကြံရွယ်ချက်ဟာ အထမြောက်မှာ မဟုတ်ဘူး၊ ဒါလက်တွေ့အနေနဲ့
အင်မတန်မှ ထင်ရှားတယ်။
နိဗ္ဗာန်ကိုသွားချင်ပြီ ဆိုလို့ရှိရင် ဘာကို ပြင်ရမှာလဲဆိုတော့
ကိုယ့်စိတ်လေးကို ပြင်ရမှာ။ စိတ်လေးကို သန့်ရှင်းအောင် လုပ်ရမှာ၊ စိတ်မှာ အညစ်အကြေးတွေ
ရှိနေတယ်၊ ကြေးမုံပြင်ဟာ မှုန်းဝါးဝါး ဖြစ်နေလို့ရှိရင် ကိုယ့်မျက်နှာရိပ်ဟာ ပီပီပြင်ပြင်ပေါ်မှာ
မဟုတ်ဘူး။ ပီပီပြင်ပြင် မမြင်ရလို့ရှိရင် မျက်နှာမှာ ဘာရှိနေတယ်ဆိုတာ သိနိုင်မှာ မဟုတ်ဘူးပေါ့။
စိတ်ကလေးကြည်လာပြီဆိုရင် အသိဉာဏ်လေးဟာလည်း တောက်ပြောင်လာမှာပဲ၊ ဒါကြောင့် စိတ်ကြည်လင်အောင်
ကြိုးစားတယ်၊ စိတ်ကြည်လင်ဖို့ရာအတွက် အခြေခံတွေ လုပ်ဖို့လိုအပ်တယ်၊ ဘာတွေ လုပ်ရမလဲ။
(အခြေခံတွေ လုပ်ရမှာ ဘုရား) အဲဒီ အခြေခံတွေ ဆိုတာကို မှတ်ထားဖို့ လိုအပ်တယ်။
စိတ်ကြည်လင်ဖို့ ကြိုးစားမယ်ဆိုရင် ဟိရီသြတ္တပ္ပဆိုတဲ့ တရားကို ရှေးဦးစွာ တည်ဆောက်ရမယ်။
ကိုယ့်ရဲ့ စိတ်ထဲနှလုံးထဲမှာ ဖြစ်စေရမယ်။ ဟိရီဆိုတာ
မဟုတ်တာလုပ်ရမှာ ရှက်တယ်၊ အဲဒါကို ပြောတာနော်၊ ရှက်တယ်ဆိုတာ လူတွေမှာ လူကြားထဲစကားပြောရမှာ
ရှက်တာတို့၊ ဟိုသွားရမှာ ရှက်တာတို့ ဒါမျိုးတွေ ပြောတာမဟုတ်ဘူး။ မဟုတ်တာလုပ်ရမှာ ရှက်တယ်၊
မဟုတ်တာပြောရမှာ ရှက်တယ်၊ အကုသိုလ် ဒုစရိုက်တွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်သန္တာန်မှာ
ဖြစ်ပေါ်လာမှာကို ရှက်တယ်၊ ရွံတယ်၊ အကုသိုလ်မှန်သမျှ မုန်းတီးတယ်၊ အဲဒါကို ဟိရီ လို့ ခေါ်တာနော်။ အကုသိုလ်ကို ရှက်ဖို့လိုတယ်။
မရှက်လို့ အကုသိုလ် လုပ်တဲ့ပုဂ္ဂိုလ်။ အကုသိုလ်လုပ်ပြီဆိုရင် ဒါ မရှက်လို့ လုပ်တာလို့ပဲ
ပြောရမှာ။
လူတွေက အဲဒါကို မသိကြတော့ လူကြားထဲမှာ ဟိုဟာ ဒီဟာလုပ်ရင်
အရှက်မရှိလိုက်တာနဲ့ ပြောကြတာနော်၊ တကယ်က အရှက်မရှိဘူးဆိုတာ ကာယဒုစရိုက် ဝစီဒုစရိုက်
မနောဒုစရိုက် ကိုယ့်သန္တာန်မှာ ဖြစ်ခွင့်ပေးထားရင် အရှက်မရှိဘူးလို့ပဲ ပြောရမှာပဲ။ အရှက်မရှိဘူးရဲ့
အဓိပ္ပါယ်ကို ပြည့်ပြည့်ဝဝ နားလည်ရမယ်။
အရပ်ထဲက အရှက်မရှိဘူးဆိုတာ မလုံ့မခြုံ ဝတ်တာကို
အရှက်မရှိဘူးလို့ ပြောချင်ပြောမယ်၊ လူကြားထဲမှာ ဟိုလမ်းပေါ်မှာ ထွက်ပြီးတော့ ရန်ဖြစ်ရဲတာတို့၊
ရပ်ကွက်ထဲမှာ မြင်မကောင်း ရှုမကောင်း ဖြစ်အောင် ဆဲတာဆိုတာ ကြားမကောင်း ရှုမကောင်း ဖြစ်အောင်
ဆဲတာဆိုတာတို့ အဲဒါမျိုးတွေကျတော့ အရှက်မရှိဘူးလို့ ပြောကြတာ။
အရှက်မရှိဘူးရဲ့ အဓိပ္ပါယ်က ကိုယ့်သန္တာန်မှာ အကုသိုလ်တွေအဖြစ်ခံနေတဲ့
ပုဂ္ဂိုလ်တိုင်းဟာ အရှက်မရှိဘူးလို့ပဲ ပြောရမှာ။ ဘာကိုမရှက်တုန်းဆိုတော့ အကုသိုလ်ကို
မရှက်တာလေ၊ အခုဟာ လူတော့ ရှက်ချင်ရှက်မှာပေါ့။ အကုသိုလ်ကို မရှက်တာ။ အဲတော့ လူရှက်တာက
တစ်မျိုး၊ အကုသိုလ်ကို ရှက်တာက တစ်မျိုး၊ အဲဒီနှစ်ခု ကွဲကွဲပြားပြား သိဖို့ရယ်၊ အကုသိုလ်ကို
ရှက်ဖို့လိုတယ်။ အေး အကုသိုလ်ကို ရှက်တာ၊ စက်ဆုတ်တာကို ဟိရီ လို့ ခေါ်တယ်။
သြတ္တပ္ပ ဆိုတာကျတော့
အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ လန့်တယ် ကြောက်တယ်။ လန့်တယ် ကြောက်တယ်ဆိုတာ အကုသိုလ်ကို
မိမိသန္တာန်မှာ ဖြစ်လာမှာကို ကြောက်တာ။ အကုသိုလ် မိမိသန္တာန်မှာ ဖြစ်ပေါ်လာလို့ရှိရင်
ခံရမယ့် အကျိုးဆက်တွေကိုလည်း ကြောက်တယ်။
စာပေကျမ်းဂန်တွေမှာ ထင်ရှားအောင် ဥပမာတစ်ခု ပြောထားတယ်။
သံတုံးကြီးတစ်တုံး ဆိုပါစို့၊ တစ်ဖက် မီးဖုတ်ထားလို့ ရဲနေတယ်၊ ဟိုတစ်ဖက်က မစင်အညစ်အကြေးတွေ
လူးနေတယ်၊ မစင် အညစ်အကြေးတွေ လူးတဲ့ဘက်ကိုလည်း မကိုင်ဘူး၊ ဘာပြုလို့တုန်း ရွံလို့။
မီးထိထားလို့ ရဲနေတဲ့ဘက်ကိုလည်း မကိုင်ရဲဘူး၊ ဘာလို့တုန်း၊ ပူမှာ ကြောက်လို့ လောင်မှာ
ကြောက်လို့။ မကိုင်တာချင်းတော့ အတူတူပဲပေါ့။
အဲတော့ အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ ရွံလို့ မလုပ်တာရယ်၊
ကြောက်လို့ မလုပ်တာရယ် မလုပ်တာချင်း အတူတူပဲပေါ့၊ ဟုတ်ရဲ့လား (မှန်ပါဘုရား) ရည်ရွယ်ချက်က
ရွံလို့ မလုပ်တာက တစ်ခု၊ ကြောက်လို့ မလုပ်တာက တစ်ခု၊ အဲဒီနှစ်ခုကို မိမိရဲ့နှလုံးသားထဲမှာ
ရှေးဦးစွာ တည်ဆောက်ရမယ်တဲ့။
လောကမှာ ဟိရီ၊
သြတ္တပ္ပ မရှိဘဲနဲ့ ကိုယ်ကျင့်သီလဟာ မပြည့်နိုင်ဘူး၊ ဒါကြောင့်မို့ သီလတွေရဲ့ အနီးကပ်ဆုံး
အကြောင်းတရားဟာ ဟိရီသြတ္တပ္ပ ပဲ။ `ဟိရီသြတ္တပ္ပ ပဒဋ္ဌာနံ` တဲ့။ ဟိရီသြတ္တပ္ပဟာ သီလရဲ့ အနီးကပ် အကြောင်းတရားလို့
ဆိုတယ်။ အေး၊ အကုသိုလ်ကို လုပ်ရမှာ မရှက်တော့ဘူး၊ အကုသိုလ်ကို မကြောက်တော့ဘူး ဆိုလို့ရှိရင်
ဘယ်လိုမှ သီလ မလုံဘူး။
ဟိရီသြတ္တပ္ပ ဖြစ်လာပြီဆိုရင် သီလ လုံလာတယ်၊ သီလ
ရှိလာတယ်၊ ရှိလာတဲ့ သီလဟာလည်း ခိုင်မြဲလာတယ်။ ဒါကြောင့်မို့ ရှေးဦးစွာ ကိုယ့်သန္တာန်မှာ
အခြေခံအားဖြင့် စိတ်ကိုဖြူစင်ဖို့ရာအတွက် ဟိရီသြတ္တပ္ပကို
အရင်တည်ဆောက်ပါလို့ ပြောတာ။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(စိတ်၏အညစ်အကြေးများကို
ဖယ်ရှားခြင်း တရားတော်မှ
ကောက်နှုတ်ပူဇော်ပါသည်)
bwar99.blogspot.com
No comments:
Post a Comment