အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Monday, October 31, 2016

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

              သဒ္ဓါစွမ်းအား

ကုသိုလ်ဆိုတာ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ
သူများအကျိုးပြုတဲ့ အလုပ်တွေ လုပ်ချင်တယ်။
သူများကို အကူအညီပေးချင်တယ်။
ကိုယ့်ကိုယ်ကိုလည်း ကိုယ်ကျင့်တရားကောင်းအောင်
လုပ်ချင်တယ်။ တရားနာချင်တယ်။
စာပေနဲ့ပတ်သက်ပြီးတော့ လေ့လာချင်တယ်။
ဟော ဒီလိုဘက်မှာ စိတ်ဝင်စားလာတယ်။
ဒါ သဒ္ဓါစွမ်းအား လို့ ခေါ်တယ်။

သဒ္ဓါတရား စွမ်းအားတက်လာပြီ ဆိုလို့ရှိရင်
အပျော်အပါးပေါ်မှာ စိတ်မဝင်စားဘူး။
အာရုံနဲ့ ပတ်သက်ပြီး မကျေနပ်တာတွေလည်း စိတ်ထဲမှာ မရှိဘူး။
စိတ်လွင့်တာ စိတ်လေတာ စိတ်ထဲမှာ အလိုမကျ ဖြစ်နေတာတွေလည်း မရှိဘူး။
လုပ်သင့် မလုပ်သင့်တဲ့အပေါ်မှာ သံသယတွေဝင်ပြီး မဆုံးဖြတ်နိုင်ဘဲ
ချီတုံချတုံ ဖြစ်နေတာတွေလည်း မရှိဘူး။
စာလိုပြောလို့ရှိရင် နီဝရဏ လို့ခေါ်တဲ့ အဆို့အပိတ်တွေ မရှိဘူး။

ပျော်ရွှင်စရာ အာရုံတွေပေါ်မှာပဲ စိတ်ဝင်စားပြီးနေတာ၊
ဘယ်အာရုံပေါ်မှ စိတ်အလိုမကျ မုန်းတီးမှုဖြစ်နေတာတွေ မရှိတော့ဘူး။
ကောင်းတဲ့လုပ်ငန်းတွေပေါ်မှာ စိတ် ဆုတ်နစ်သွားတာ မရှိဘူး။
အားတက်သရော ဖြစ်နေတယ်။ စိတ်တွေ လေးနေတာတို့
အလိုမကျ ဖြစ်နေတာတို့ မရှိဘူး။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းအပေါ်မှာ
လုပ်သင့် မလုပ်သင့် စဉ်းစားနေတာမျိုး မဟုတ်တော့ဘဲ၊
လုပ်သင့်တဲ့ အလုပ်ကို လုပ်နေတယ်လို့ ဆုံးဆုံးဖြတ်ဖြတ် ရှိတယ်။

နီဝရဏ တရားတွေကို ဟောဒီ သဒ္ဓါစွမ်းအားတွေက ဖယ်ရှားပစ်လိုက်တယ်။
လူဟာ သဒ္ဓါစွမ်းအား ရှိလာပြီ၊ တက်လာပြီဆိုလို့ရှိရင်
ကောင်းတဲ့အလုပ်တွေ လုပ်ဖြစ်လာတယ်။ ကောင်းတဲ့အလုပ်ဆိုတာ
ဘာတုန်းဆိုရင် ဒါန ကောင်းမှု လုပ်ဖို့လည်း လက်မနှေးဘူး။
သီလ ဆောက်တည်ဖို့လည်း လက်မနှေးဘူး၊
ဆောက်တည်တဲ့ သီလကိုလည်းပဲ တလေးတစား ခံယူတယ်။
ဗဟုသုတရှိအောင် တရားဓမ္မနာဖို့ ဆိုတာလည်း
အမြဲတမ်း စိတ်ဝင်စားနေတယ်။ မိမိမှာရှိတဲ့ ပစ္စည်းကိုလည်းပဲ
အများနဲ့ ခွဲဝေသုံးစွဲဖို့ စိတ်ထဲမှာ အမြဲရှိနေတယ်။

နေ့စဉ်ဘဝမှာ ၂၄-နာရီရှိတဲ့ အထဲမယ်
ထို ၂၄-နာရီ အချိန်ကာလထဲမှာ ဘယ်လို အခြေအနေမျိုးနဲ့
ဒီအချိန်တွေ ကုန်ဆုံးနေသလဲဆိုတာ ဉာဏ်နဲ့ စဉ်းစားပြီးတော့
အချိန်ကို အလဟဿ အကုန်မခံဘူး။
အကျိုးရှိရာ ရှိကြောင်း လုပ်ဆောင်တယ်။
ပညာစွမ်းအားတွေလည်း သူ့မှာ ထက်လာတယ်။
ထက်လာသည့်အတွက်ကြောင့် အရာရာမှာ စဉ်းစားတယ်၊
လုပ်သင့် မလုပ်သင့်ကိုပဲ စဉ်းစားလာတယ်။
လုပ်သင့်တဲ့ အလုပ်အပေါ်မှာလည်းပဲ လုပ်ပုံလုပ်နည်းတွေ စဉ်းစားလာတယ်၊
အကျိုးရှိရာရှိကြောင်း လုပ်ဖို့ကိုလည်း စဉ်းစားလာတယ်။

အဲဒီ နာမ်ပိုင်းဆိုင်ရာ အနှစ်ကလေးတွေ မိမိသန္တာန်မှာ ရလာပြီ။
ထိုအနှစ်သည် နိဗ္ဗာန်ပို့နိုင်လောက်အောင် အခိုင်အမာဖြစ်လာပြီဆိုရင်
ထိုပုဂ္ဂိုလ်ဟာ ဒုက္ခတွေနဲ့ အဆုံးသတ်ရမည့် ဘဝမျိုးကို ကျော်လွှားပြီးတော့
ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ထိအောင် လှမ်းတက်သွားနိုင်တယ်။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(အကာကိုပစ်၍ အနှစ်ကိုရှာ တရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်)

Bwar99.blogspot.com

No comments:

Post a Comment