အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Monday, December 19, 2016

ရနိုင်ခဲ့သည့် ရတနာ

          ရနိုင်ခဲ့သည့် ရတနာ
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

  ဝေသာလီပြည်ရှိ မဟာဝန်တောပြာသာဒ် ကျောင်း၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ်အခါက ဖြစ်ချေ၏။

  တစ်နေ့သောကာလမှာတော့ လိစ္ဆဝီမင်းသား ငါးရာတို့သည် သာရန္ဒဒစေတီတော်၌ စုဝေးကြလျက် စကားစမြည်များ ပြောဆိုနေကြလေ၏။

  " အချင်းတို့ လောကမှာ ရနိုင်ခဲ့တဲ့ရတနာ ငါးပါးရှိတာ သိကြရဲ့လား ”
  " သိပါပြီကော အဆွေရယ် ”

  ၁။ ဆင်ရတနာ
  ၂။ မြင်းရတနာ
  ၃။ ပတ္တမြားရတနာ
  ၄။ မိန်းမရတနာနဲ့
  ၅။ သူကြွယ်ရတနာဆိုတဲ့ ရတနာငါးပါးပဲ မဟုတ်လား ”

  " မှန်လိုက်လေ မိတ်ဆွေရယ်၊ မှန်လိုက်လေ ”

  ထိုအခိုက် ဘုရားရှင် ဆွမ်းခံကြွမြန်းနေသည်ကို လိစ္ဆဝီမင်းသားတို့ တွေ့မြင်လိုက်ကြရသည်။

  ဒီအတွက် ဘုရားရှင်အား လေးမြတ်ကြည်ညိုကြသူများပီပီ ၎င်းတို့စုဝေးနေကြရာ သာရန္ဒဒစေတီတော်၏ ပရိဝုဏ်သို့ ပင့်ဆောင်ခဲ့ကြသည်။ ဘုရားရှင်လည်း ပင့်ဆောင်ရာသို့ ကြွရောက်လိုက်ပါတော်မူပြီးနောက် အခင်းတစ်ခုပေါ်၌ တင့်တယ်စွာ စံပယ်တော်မူရင်း....

  " လိစ္ဆဝီမင်းသားတို့ ဘယ်လိုစကားပြောဆိုပြီး စည်းဝေးနေကြပါသလဲ ” ဟု မေးတော်မူလိုက်သည်။

  ဤတွင် မင်းသားတစ်ပါးက...
  " အရှင်ဘုရား...  တပည့်တော်တို့ဟာ လောကမှာရနိုင်ခဲ့တဲ့ ရတနာငါးပါးအကြောင်းကို ပြောဆိုစည်းဝေးနေကြတာပါ ဘုရား ” ဟူ၍ ဖြေကြားလျှက် ၎င်းတို့ ထင်မြင်ယူဆထားခဲ့ကြသည့် ရတနာငါးပါးမှာ မှန်ကန်ခြင်းရှိမရှိ ဆိုသည်ကိုပါ ဆုံးဖြတ်ပေးတော်မူပါရန် တင်လျှောက်ခဲ့ကြသည်။

  " မင်းသားတို့..  ကာမဂုဏ်အပေါ် စိတ်ဝင်စားတဲ့သူတွေဆိုတာ ကာမဂုဏ်အကြောင်းကိုသာ ပြောဆိုတတ်ကြပါပေရဲ့။ အခု သင်မင်းသားတို့ ထင်မြင်ယူဆထားတာလည်း အဲသည်အတိုင်းပါပဲ ”

  " အရှင်ဘုရား တပည့်တော်တို့ ထင်လင်းစွာ သိရလေအောင် ရှင်းလင်းမိန့်ကြားပေးတော် မူပါဘုရား ”

  " ကောင်းပေပြီ မင်းသားတို့ လောကမှာ

  ၁။ သိမြင်ဖွယ်မှန်သမျှကို ကိုယ်တိုင်မှန်စွာ သိမြင်နိုင်တဲ့ မြတ်စွာဘုရားရှင် ပွင့်တော်မူဖို့ဆိုတာ ခက်ခဲပါတယ်။

  ၂။ မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်ကို တစ်ဆင့်ပြန်ပြီး ဟောကြားတတ်တဲ့ ပုဂ္ဂိုလ်ကို ရခဲပါတယ်။

  ၃။ မြတ်စွာဘုရားရှင်ရဲ့ တရားကို သိမြင် နားလည်သူကို ရခဲပါတယ်။

  ၄။ မြတ်စွာဘုရားရှင်ရဲ့ တရားတော်ကို သိပေမဲ့လည်း ကျင့်ကြံအားထုတ်တဲ့သူကို ရခဲပါတယ်။

  ၅။ သူတစ်ပါးရဲ့ ကျေးဇူးတရားကို သိတတ်တဲ့သူ အဲဒါထက် သူတစ်ပါးရဲ့ ကျေးဇူးတရားကို သိတတ်ရုံမက ပေးဆပ်တတ်တဲ့သူဟာ ရခဲပါတယ်။
  မင်းသားတို့ လောကမှာ အဲသည့်ပုဂ္ဂိုလ် ငါးမျိုးတို့သာပဲ ရနိုင်ခဲတဲ့၊ ဖြစ်ပေါ်လာဖို့ရာ ခက်ခဲတဲ့ ရတနာငါးပါးဖြစ်ပေတယ် ”

  ဘုရားရှင်၏ တရားတော်အဆုံးမှာတော့ လိစ္ဆဝီမင်းသားအပေါင်း၏ မျက်နှာသွင်ပြင်တို့မှာ ဆီးနှင်းမြူတိမ်၊ သူရိန်မီးခိုးတို့ ကင်းစင်ပသည့် ငွေလမင်းသဖွယ် ထိန်ထိန်ဖြာသွားကြပါလေသတည်း....... ။

  ကျမ်းကိုး...  သာရန္ဒဒသုတ်တော်။

  နန္ဒာမိုးကြယ်

  (ဇမ္ဗူဒိပ် ဂျာနယ်)

   bwar99.blogspot.com

No comments:

Post a Comment